သက်ကြီးရွယ်အို အချို့တို့မှာ ငယ်စဉ်အခါမှစ၍ မိမိတို့၏ ဘဝခရီးတစ်လျှောက်တွင်စားရေး၊ဝတ်ရေး၊ နေရေး၊အိမ်မှုရေး ဆွေမျိုးရေး စသော ဘဝပြဿနာ အမျိုးမျိုး တို့ကို ရင်ဆိုင်ဖြေရှင်းကြရာ၌ စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲ ခြင်းတို့အဖြစ်များလာသောကြောင့် သက်ကြီး ရွယ်ရင့်ဖြစ်၍လာသောအခါ သွားကျိုးခြင်း၊ဆံပင်ဖြူခြင်း၊ အရေတွန့်ခြင်း စသည်တို့ဖြင့်တစ်နှစ်ပြီးတစ်နှစ် တရွေ့ရွေ့ပျိုရုပ်မှ အိုရုပ်သို့ ပြောင်း၍လာကြပါသည်။
အသက် ၇၀ ၊ ၈၀ နှစ်ရှိကြသောအခါ အိုခြင်းသာမက နာခြင်း ၊ ကျိုးခြင်း ၊ ကန်းခြင်း တို့တစ်ချိန်တည်း တစ်ပြိုင်တည်း ပေါ်ပေါက်၍လာတတ်ပါသည်။ပျိုနုစဉ်တုန်းကလို မသွားနိုင် ၊ မလှုပ်ရှားနိုင်တော့ သဖြင့် ခြေကျိုးသောသူကဲ့သို့ ဖြစ်လာကြသည်။အို၍လာစဉ်ပင် အနာရောဂါတစ်ခုခု စွဲကပ်လာတတ် ပါသည်။ မျက်စိတို့ကလည်း စာပေတို့ကိုဖတ်၍ မရနိုင်အောင်မှုန်၍ မှုန်၍လာပါသည်။ အချို့မှာ မျက်စိကြောင်တောင် ကွယ်၍သွားသည်။အချို့မှာ လေငန်းဆွဲရောဂါ အချို့မှာ နာတာရှည်ရောဂါများ ဖြစ်၍ လာတတ်ပါသည်။ အို နာ ကျိုး ကန်းတစ်ပြိုင်တည်း လာတတ်သည် ဟု ပြောစမှတ် ပြုကြပါသည်။
အိမ်အို တိုက်အိုများ ယိုယွင်းယိုင်နဲ့၍လာကြသလို ခန္ဓာကိုယ် ၊ ရုပ်တို့၏ချွတ်ယွင်းခြင်း ၊ စိတ်တို့၏ ချွတ်ယွင်းခြင်း တို့ကြောင့်သတိမေ့လျော့ခြင်းများ ၊ ပြောမှားဆိုမှားဖြစ်တတ်ခြင်းများ ၊ အနေမှား အထိုင်မှား တို့ဖြစ်တတ်လာပါသည်။ အချို့သက်ကြီးရွယ်အိုများမှာကလေးငယ်ကဲ့သို့စိတ်ပြောင်း၍လာပါသည်။ မိမိငယ်စဉ်က အမူအရာကဲ့သို့ နေချင် ထိုင်ချင်၍လာတတ်ပါသည်။
အချို့မှာ အရုပ်များ ၊ အိုးပုတ်များ ဖြင့်ကစား၍နေတတ်ကြသည်။ ဤသည်တို့ကို မြင်တွေ့ရသော ပျိုရွယ်သူတို့က ငါတို့အဘိုးငါတို့မိဘ ငယ်မူပြန်၍နေချေပြီဟု မထီလေးစား၊ မခန့်လေးစား အမူအရာ တို့ကို ပြောဆိုကျူးလွန်တတ်ပါသည်။ စကားပြောဝိုင်းအတွင်းမှ ပယ်ထုတ်ချင်ကြပါသည်။
တို့တစ်တွေလည်း ဤလူအိုများကဲ့သို့ အိုနာကျိုးကန်းဖြစ်ကြရမှာတကား ၊ရောက်ကြရဦးတော့မည်မှာ မလွဲပါ တကားဟု အမြဲနှလုံးသွင်းကြရမည်ကို လူငယ်များကသတိမူကြရပါမည်။ လူကြီးတိုင်းလည်း ငယ်မူမပြန်တတ်ကြပါ။
အချို့ငယ်မူပြန်ကြခြင်းသည်လည်း အမြဲမဟုတ်ကြပါ။သတိလွတ်သောအခါတို့၌သာ ဖြစ်တတ်ပါသည်။ လူငယ်တို့၏ မထီလေးစား ပြောဆိုခြင်းတို့ကိုခံကြရသောအခါ ၎င်းတို့၏စိတ်များထဲတွင် အလွန်ထိခိုက်ကြပါသည်။ အချို့တို့သည် မိမိတို့၏ စိတ်မှာ နာကျင်နေသည်များကို မမျိုသိပ်နိုင်တော့ပဲ ငါတို့ကတော့ ဒီသား၊ဒီသမီး ဒီမြေးတွေကို ချစ်ကြလွန်းလို့ အမျိုးမျိုးရှာဖွေ၍ ကျွေးမွေးခဲ့ကြတယ်။ ငါတို့က ရှာဖွေပြုစု ပျိုးထောင်၍ ပေးခဲ့လျှက် ၊ ကျွေးခဲ့လျှက်နှင့် ယခုတော့ ငါတို့ကို မခန့်လေးစားပြောကြတယ်။ မထီလေးစားပြုမူကြတယ်။ဝိုင်းဖယ်ခဲ့ ကြတယ်။ လူရာမဝင် သူရာမဝင်တဲ့ အဖြစ်နဲ့ ငါတို့ကို ပစ်ပယ်ထားကြလေပြီဟု ဝမ်းနည်းစကား ၊ အားငယ် စကားပြောဆိုကြသော အသံများတို့ကိုမကြာခဏ ကြားဖူးပါသည်။
အထက်ဖော်ပြပါ အိုမင်းမစွမ်းဖြစ်ကြသူ ၊ သက်ကြီးရွယ်ကြီးတို့၏ ဖြစ်တတ်သည်တို့ကို အရွယ်ကောင်းသေးသူ ၊ကျန်းမာရေးနှင့် ပြည့်စုံသူ လူငယ် လူရွယ်များတို့က သတိတရားရှိကြပါ၍ ငါတို့၏ အသက်တွေလည်း မငယ်ကြတော့ပေ။ နောင်နှစ်ပေါင်း ၃၀ ၊ ၄၀ ခန့်ကြာလျှင် ဤအဖေကြီး အမေကြီးများ တို့ကဲ့သို့ ငါတို့လည်း အိုမင်းမစွမ်း ဖြစ်ကြရတော့ဦးမည်မှာ မလွဲပါတကားဟု မျှော်တွေးဆင်ခြင်ကြရပါမည်။
၎င်းအပြင်လည်း ဤသက်ကြီးရွယ်အိုတို့သည် ငါတို့ ငယ်စဉ်အခါများက ငါတို့အားကျွေးမွေးပြုစုကြသည်မှာ အမှန်ပင်ဖြစ်သည်။ သူတို့၏ကျေးဇူးရှိသဖြင့် သူတို့အားပြန်၍ ကျေးဇူးဆပ်ထိုက်သည်။ သူတို့တွေ အသက်ရှိသောကြောင့်သာလျှင် ငါတို့မှာ ကျေးဇူးဆပ်ခွင့် ရကြသည်။ ဒါနပြုခွင့်ရကြသည်။ အချို့တို့မှာ မိဘ ဘိုးဘွား တို့သေဆုံးကုန်သဖြင့် ငါတို့ကဲ့သို့ ကျွေးတုန့် ကျွေးလှည့် ၊မွေးတုန့်မွေးလှည့် မပြုလုပ်ကြရပေ။ ငါတို့မှာ ကုသိုလ်ကံကောင်းကြသဖြင့် ငါတို့၏အသက်ရှင်လျှက်ရှိကြသော မိအို၊ဘအို တို့ကို လုပ်ကျွေးရ ပါတကားဟု ဂုဏ်ယူကြရပါမည်။ ဝမ်းမြောက်ကြရပါမည်။ စိတ်ရှည် လက်ရှည်ဖြင့် သည်းညည်းခံ၍ ပြုစုစောင့်ရှောက်ကြရပါမည်။
မြတ်စွာဘုရားမိန့်တော်မူချက်တွင် မိအိုဘအိုတို့အား ပြုစုကျွေးမွေးစောင့်ရှောက်ခြင်းကိုကြွေးဆပ်သောဒါန
အလှူဟု မိန့်မြွက်ပါသည်။[ ဣဏမောက္ခ ဒါန]
မိဘတို့က သားသမီးတို့အား ပြုစုကျွေးမွေး စောင့်ရှောက်ခြင်းကို ကြွေးပေး အလှူဟု မိန့်မြွက်တော်မူ
ပါသည်။ [ဣဏ ပရောဇန ဒါန]
ကုသိုလ်ကံ ၊ အကုသိုလ်ကံတို့၏ အကျိုးတို့ကို ယုံကြည်၍ ဘုရား ၊ တရား ၊သံဃာ အား လှူသော
အလှူကို လောကုတ္တရာအတွက် မြှုပ်နှံသော အလှူဖြစ်သည်ဟု မိန့်တော်မူပါသည်။ [နိဓိ နိဓာန ဒါန ]
သခင် ဝတင် ၏ * လောကနှင့် လူသား * စာအုပ်မှ ဖော်ပြပါသည်။
No comments:
Post a Comment