ကျွန်မတို့တွေဟာ ကလေးဘ၀ မသိတတ်သိတတ်အရွယ်
ကျောင်းစတက်ကြပါပြီဆိုကတည်းက
ကျောင်းကို သွားချင်ပါတယ် သွားချင်ပါတယ် ဆိုတာထက် အိမ်ပြန်ချင်ပါတယ် အိမ်ပြန်ချင်ပါတယ်
အိမ်ပြန်ချိန်ကျောင်းဆင်းခေါင်းလောင်းထိုးခါနီး ရင် ပျော်ရွှင်အော်ဟစ်ကြတဲ့ကလေးကသာ များပါတယ်
အိမ်ဆိုတဲ့ဝေါဟာရကို သေချာမသိခင်အချိန်ကတည်း ကျွန်မတို့ဟာအိမ်ကိုချစ်ခဲ့ကြပါတယ်
ခုလည်း အိမ်ဆိုတဲ့ စကားကိုကြားလိုက်တာနဲ့ လူတိုင်းလူတိုင်း ပြေးမြင်ကြမဲ့အရာဟာ
သစ်ဝါးအုတ်တွေနဲ့ပြုလုပ်ထားတဲ့အဆောက်အဦးတခုသာဖြစ်မယ်ထင်ပါတယ်
အဲဒီအဆောက်အဦးထဲက သက်ဝင်လှုပ်ရှားနေမဲ့ လူသားများဖြစ်ကြတဲ့ ဘိုးဘွား မိဘ
ညီအကို ဆွေမျိုးတွေကို အတူတကွ တွဲလျက်မြင်မိကြရဲ့လား လို့မေးရင် ကျွန်မကတော့
အဆောက်အဦးကိုသာပိုမြင်ယောင်မဲ့သူပိုများမယ်လို့ထင်မိပါတယ်

ကျွန်မပြောချင်တာလဲ အဲဒါပါပဲ လူတိုင်းလူတိုင်းမှာ နေစရာ အိမ် ကိုယ်ပိုင်ပဲ ဖြစ်ဖြစ်
ငှားရမ်းပြီးတော့ပဲဖြစ်ဖြစ် ရှိကြပါတယ် အဲဒီမှာမှ အိမ်ထောင်စုဆိုတာကိုတော့ လူတိုင်း
မပိုင်နိုင်ကြဘူးဆိုရင်လက်ခံနိုင်ကြပါ့မလားပဲ
ကျွန်မဟာလဲ နေစရာအိမ်သာရှိပြီး အိမ်ထောင်စု မရှိတဲ့ သူတယောက်ပါ
နယ်မြို့လေးတမြို့မှာ ကြီးပြင်းခဲ့တဲ့ ကျွန်မဟာ အသက် ၁၅/၁၆ အရွယ်ကတည်းက
အိမ်ကနေခွဲခွာခဲ့ရပါတယ် တက္ကသိုလ်တက် ကျောင်းပြီးတော့ အလုပ်ဝင် နဲ့ နယ်မြို့လေးက
အိမ်ကို အလည်အပတ်သာရောက်ဖြစ်ခဲ့ပါတော့တယ်
အဲဒီမှာကျွန်မစဉ်းစားမိလာတဲ့ခံစားမိလာတဲ့အရာက ကျောင်းကပြန်လာတဲ့အခါ
အလုပ်ကပြန်လာတဲ့အခါ ကိုယ့်ကို စောင့်ကြိုနေမဲ့ မိဘ ညီကိုမောင်နှမ ရှိနေရင် ဆိုတဲ့အတွေးကို
တွေးမိလာတောင့်တမိလာပါတယ် ကျွန်မတို့မိသားစု လေးဟာ တယောက်နဲ့တယောက်
နားလည်မှု နဲ့ တွေ့တဲ့အခါတိုင်းမှာ ပျော်စရာကောင်းပါတယ် အဲလို မိသားစု ရှိနေပါရက်
အတူရှိမနေရတဲ့ဘ၀ကို ၀မ်းနည်းလာမိပါတယ်

ကျောင်းကနေ အလုပ်ကနေ အိမ်ပြန်မယ် ပြောတိုင်း ဖေဖေ မေမေ နဲ့ မောင်လေး ညီမလေး
မျက်နှာကို မြင်ယောင်မိပါတယ် စောင့်ကြိုနေနိုင်ကြရင် သိပ်ကောင်းမှာပဲလို့လဲတွေးမိပါတယ်
တခါတလေ သူတို့တွေ ကျမဆီလာလည်ကြလို့ ကျမ အလုပ်ကပြန်လာမဲ့အချိန်
အိမ်ကနေစောင့်နေကြတယ်ဆိုတဲ့ အသိနဲ့ အိမ်ကိုပြန်ရတဲ့ ပီတိ ဟာတကယ်ကို
စိတ်ချမ်းမြေ့စရာပါသူတို့တွေပြန်သွားကြရင်ဖြင့်
အိမ်ကိုမပြန်ချင်တော့လောက်အောင်ဖြစ်ရပါတယ်
အင်္ဂလိပ်စကားမှာလည်းရှိပါတယ် house နဲ့ home ဆိုတဲ့ ဝေါဟာရတွေဟာ
အဓိပ္ပါယ်မတူညီကြပါဘူး နေစရာ အဆောက်အဦးတခုကို house လို့ခေါ်နိုင်ပေမယ့်
home လို့ခေါ်လို့မရပါဘူး
Home ဟာလည်း house နဲ့ family ဆိုတဲ့ မိသားစုပေါင်းထားတဲ့ အဓိပ္ပါယ်ပါ
ဒါကြောင့် အိမ်ရှိသော်လည်း အိမ်ထောင်စု မရှိတဲ့ ကျွန်မအဖို့ အိမ်ကော အိမ်ထောင်စုပါ
ရှိကြတဲ့ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေကို အားကျမိပါတယ်
တခါတလေ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတယောက်က အိမ်မှာ အဖေနဲ့မတည့်လို့
အိမ်မပြန်ချင်ဘူး ပြောလာရင် ကျွန်မက ငါဆိုအဲလိုရန်တောင်ဖြစ်ချင်တာလို့ပြောမိပါတယ်
စကားများ ရန်ဖြစ်ကြရင်း ကိုယ့်မိသားစုရှိတဲ့ အိမ်မှာ နေခွင့်ရတာဟာ
ပြန်လာလို့မှစောင့်ကြိုနေမယ့်ထမင်းတ၀ိုင်းတည်း စားမဲ့သူမရှိတဲ့ အိမ်မှာ
နေခွင့်ရတဲ့သူထက်စာရင် အများကြီးကုသိုလ်ထူးတဲ့ သူပါ
ကျွန်မဟာ ဂရုစိုက်တတ်တဲ့ ကြင်နာနားလည်တတ်တဲ့ မိဘ မောင်နှမတွေရထားပါရက်နဲ့
အိမ်တအိမ်ထဲမှာ အတူ နေခွင့်မရခဲ့ ခြင်းဟာ ကိုယ့်ဒေသမှာ
သင်လို့ရသလောက်ပညာမသင်ခံဘဲ ပိုပြီး တတ်ချင်မိခဲ့တာ ကျွန်မကြောင့်လား
မြို့ကြီးပြကြီးမှာတိုးတက်စေချင်ခဲ့တဲ့ ဖေဖေ့ကြောင့်လားလို့တွေးမိရင်
တကယ်တမ်းကျတော့ ရှေးရှေးကပြုခဲ့တဲ့ ခုဘ၀ပြုခဲ့တဲ့ ကံကြောင့်သာဖြစ်တယ်လို့
ကံကိုသာပုံချမိပါတော့တယ် အိမ်ဆိုတဲ့ အဆောက်အဦးတခုတည်းမှာနေရင်း အိမ်ထောင်စု
မိသားစုနဲ့နေခွင့်ရတဲ့ သူငယ်ချင်းတွေကိုကံပိုထူးတဲ့သူတွေလို့လည်းထင်မိအားကျမိပါတယ်
အဲဒါကြောင့် အိမ်တစ်အိမ်ထဲက အိမ်ထောင်စုတစ်စုနဲ့နေခွင့်ရတဲ့သူငယ်ချင်း တွေ
ကိုယ့်အိမ်ရဲ့တန်ဖိုးကိုနားလည်ကြစေချင်ပါတယ် မိသားစုနဲ့အတူနေခွင့်ရတဲ့ကုသိုလ်ဟာ
အများကြီးထူးပါတယ် အိမ်မှာမနေချင်ဘူး အိမ်မပြန်ချင်ဘူး အဖေနဲ့မတည့်လို့ အမေက
ပွစိပွစိမို့လို့ဆိုတဲ့ အသံကိုကြားတိုင်းရင်နာမိပါတယ်
တန်ဖိုးထားတတ်စေချင်ပါတယ် ကိုယ်ရလာတဲ့ကုသိုလ်ဟာ တန်ဖိုးကြီးတယ်ဆိုတာကို
သိစေချင်ပါတယ်
လူတိုင်းလူတိုင်းကိုလည်း အိမ်ထောင်စုရှိတဲ့ အိမ် ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်
No comments:
Post a Comment