သာဝတ္တိပြည်မှာ ရှင်သာရိပုတ္တရာတို့၊ ရှင်မဟာကောဋ္ဌိကတို့ နှစ်ပါး ဆုံတွေ့ ကြတဲ့အခါ ရှင်မဟာကောဋ္ဌိက က မေးခွန်းတွေ မေးလေ့ရှိတယ်။ “ မြတ်စွာဘုရား အထံမှာ ဗြဟ္မစရိယ ဆိုတဲ့ မြတ်သောအကျင့်ကို ကျင့်တာ ဘာအတွက် ကျင့်တာလဲ” ဆိုတဲ့ မေးခွန်းပဲ။ အဲဒီ ဗြဟ္မစရိယဆိုတဲ့ အသုံးကို ဘုန်းကြီးတို့က ဒီခေတ် နားလည် လွယ်အောင် “ဘာသာတရား လိုက်နာ ကျင့်သုံးခြင်း” လို့ ပြင်ဆင်သုံးလိုက်တယ်။ မြတ်စွာဘုရားရဲ့  အဆုံးအမ ဖြစ်တဲ့ ဘာသာတရား။ အဲဒီ ဘာသာတရားကို လိုက်နာကျင့်သုံးခြင်းဟာ “ဗြဟ္မစရိယ” အကျင့်ကို ကျင့်ခြင်း ဖြစ်တယ်။ ဘုရားဟောတဲ့ အတိုင်း၊ ဆုံးမတဲ့အတိုင်း လိုက်နာကျင့်သုံးတာ။
အဲဒီလို လိုက်နာကျင့်သုံးခြင်းဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ လိုက်နာကျင့်သုံးတာလဲ ဆိုတာကို ရှင်းလင်း ဖော်ပြတယ်။ ထားရမယ့် ရည်ရွယ်ချက်တွေ၊ မထားရမယ့် ရည်ရွယ်ချက်တွေ၊ ပေါ်လွင် ထင်ရှား လာအောင် မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို တင်ပေးတဲ့ မေးခွန်းတွေကို မေးပြီး ရှင်းသာရိပုတ္တရာ မထေရ်မြတ်က အဖြေပေးတဲ့ သုတ္တာန်ပဲပေါ့။
ရှင်မဟာကောဋ္ဌိက က မေးတယ်။ “အရှင် သာရိပုတ္တရာတဲ့ မြတ်စွာဘုရားထံ မြတ်သော အကျင့်ကို လိုက်နာ ကျင့်သုံးပြီး နေထိုင်တာဟာ ဘာအတွက်လဲ၊ ကံတရားတွေကို အပြောင်းအလဲလုပ်ဖို့ ဘာသာတရားကို ကျင့်သုံး တာလား” တဲ့။
စဉ်းစားကြည့်နော်။ အခုခေတ် တချို့ဘာသာတရား လိုက်နာကျင့်သုံးတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက ကံတရားတွေ ကို အပြောင်းအလဲ လုပ်ချင်လို့ ကျင့်သုံးတာ ဖြစ်နေကြတယ်။ မကောင်းတဲ့ အကုသိုလ်တွေက လွှတ်အောင် confession လုပ်ကြတယ်။ ဒီလိုဆို သူတို့ ဘာသာတရား လိုက်နာကျင့်သုံးခြင်းဟာ မကောင်းတဲ့ အကုသိုလ်တွေ ကို ကောင်းမှု ဖြစ်အောင် ပြောင်းပစ်တာပဲလေ။ အကုသိုလ်က လွတ်မြောက်သွားတယ်။ confession လုပ် လိုက်တာ နဲ့ ကုသိုလ် ဖြစ်သွားတယ်။ အဲဒီအတွက် ကျင့်သုံးတာလား .. ဒီ မေးခွန်းမျိုးတွေ မေးတာ။
ရှင်ကောဋ္ဌိက မေးတဲ့ မေးခွန်းတွေဟာ အင်မတန်မှ စိတ်ဝင်စားစရာ ကောင်းတယ်။ မေးခွန်းက ကံတရားနဲ့ ပတ်သတ်တယ်။ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာဝင်တွေ သိတဲ့အတိုင်း လူတွေဟာ နေ့စဉ်နှင့်အမျှ ကြံတွေးကြတယ်။ အဲဒီလို စိတ်ရဲ့  အတွေး၊ နှုတ်ကပြော၊ လက်တွေ့လုပ်တဲ့အရာတွေဟာ ဒီလူတွေရဲ့  သန္တာန်မှာ အလုပ်ဆိုတဲ့ ကံတရားတွေ ဖြစ်နေတယ်ပေါ့။
အဲဒီ ကံတရားတွေထဲမှာ တချို့ကံတရားက ( ၁ ) ဒိဋ္ဌဓမ္မဝေဒနီယ ဒီဘ၀မှာတင် အကျိုးခံစားရလောက်အောင် သူက အခြေအနေပေးတယ်။ ဒီဘ၀မှာတင် အကျိုးခံစားရတဲ့ ကံမျိုး ဖြစ်တယ်ပေါ့။ အဲ တချို့ကံကျတော့ ဒီဘ၀မှာ မခံစား ရသေးဘူး။ ဒီဘ၀ရဲ့  အခြားမဲ့ ( သို့မဟုတ် ) နောက်ဘ၀ကျမှ အကျိုးခံစားရမယ့် ကံမျိုး ဖြစ်တယ်။
ကံ ဆိုတာ အမျိုးမျိုးရှိတယ်။ သူက မြန်မြန်အကျိုးသက်ရောက်တာမျိုး ရှိသလို နှေးနှေးမှ အကျိုး သက်ရောက်တဲ့ ကံမျိုးလည်း ရှိတယ်ပေါ့။ ဒီဘ၀လုပ်တဲ့ အလုပ်တွေလည်း တူတူပဲလေ။ ဒါကြောင့် နိုင်ငံ အစိုးရတွေက ချမှတ်ကြတယ် မဟုတ်လား။ ရေရှည်၊ ရေတို စီမံကိန်းဆိုတာလေ၊ ချက်ချင်း အကျိုးဖြစ်တာ ရှိတယ်လေ။ အကြာကြီးနေမှ အကျိုးဖြစ်တာ ရှိတယ်။ အဲဒီတော့ မြန်မြန် အကျိုးဖြစ်မယ့် ဟာကျတော့ ရေတိုစီမံကိန်းပေါ့။ ကြာမှ အကျိုးဖြစ်မယ့်ဟာကျတော့ ရေရှည်ပေါ့။ သီးနှံစိုက်တာတောင်မှပဲ အခုလောလောဆယ် တစ်လ၊ နှစ်လအတွင်း စားရမယ့်သီးနှံ ရှိသလို နှစ်ချီကြာမှ စားရမယ့် သီးနှံရှိတယ်လေ။
အဲဒီလိုပဲ ကိုယ်လုပ်တဲ့ အလုပ်တွေစာ ဒီဘ၀မှာတင် အကျိုးခံစားရတဲ့ ကံဆိုတာ ရှိတယ်။ သို့မဟုတ် နောင် ဘ၀ကျမှ အကျိုးခံစားရတဲ့ ကံ ဆိုတာရှိတယ်။ အဲဒီ ကံ နှစ်မျိုးကို အပြောင်းအလဲလုပ်ချင်လို့ ဘာသာတရားကို လိုက်နာကျင့်သုံးတာလားလို့ မေးတာ။
ဆိုလိုတာက ဒီဘ၀မှာ အကျိုးခံစားရမယ့် ကံကို နောင်ဘ၀ကျမှ အကျိုးခံစားရမယ့် ကံ အဖြစ် ပြောင်းလဲဖို့ မြတ်သောအကျင့်ကို ကျင့်ရ တာလား.. ဘာသာတရားကို လိုက်နာကျင့်သုံးတာလား.. လို့ မေးတယ်။
ရှင်သာရိပုတ္တရာက ဖြေတယ်။ “ မဟုတ်ဘူး” မဟုတ်ဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောတာနော်။ အဲဒီတော့ ဒီဘ၀မှာ အကျိုးခံစားမယ့် ကံတရားက ဒီဘ၀မှာပဲ ခံစားရမှာပဲ ။ နောင်ဘ၀မှ အကျိုးခံစားရမယ့် ကံတရားဟာလည်း နောင်ဘ၀မှ အကျိုးခံစားရမှာ။ အဲဒီလို ဆိုတာ။ ထန်းပင် ကို ဒီနေ့စိုက်ပြီးတော့ နက်ဖြန်ခါ အသီးစားချင်လို့ ရမလား၊ မရနိုင်ဘူးလေ။ အဲဒီတော့ အဲဒါကို အပြောင်းအလဲ လုပ်ဖို့ ဘာသာတရားကို လိုက်နာကျင့်သုံးတာလားလို့ မေးတဲ့အခါ ရှင်သာရိပုတ္တရာက “ မဟုတ်ဘူး ငါ့ရှင်” ၊ ဒီလိုဖြေတယ်။
“ဒါဖြင့်.. နောင်တမလွန်မှ အကျိုးခံစားရတဲ့ ကံမျိုးကိုတဲ့ ဒီဘ၀မှာပဲ အကျိုးခံစားလို့ရအောင် ပြောင်းလွဲပစ်ဖို့ မြတ်စွာဘုရားထံမှာ ( သို့မဟုတ် ) မြတ်သောအကျင့်ကို ကျင့်တာလား။ ဘာသာတရားကို လိုက်နာကျင့်သုံး တာလား” လို့ မေးတော့လည်း “ မဟုတ်ဘူး” တဲ့။ အဓိပ္ပါယ်က ကံတရားတွေကို အပြောင်းအလဲလုပ်ချင်လို့ ဘာသာတရားကို လိုက်နာကျင့်သုံးတယ် ဆိုတာဟာ မဖြစ်နိုင်တဲ့ အရာတစ်ခုလို့ ဒီလိုဆိုတယ်နော်။
သူက ဆက်မေးတယ်။ ( ၂ ) သုခဝေဒနီယကံ၊ ဒုက္ခဝေဒနီယကံ ဆိုတာ ၂ - မျိုး ရှိတယ်။ ကုသိုလ်ကံက ချမ်းသာတဲ့ အကျိုးကို ပေးတယ်။ အကုသိုလ်ကံက ဆင်းရဲတဲ့ အကျိုးကို ပေးတယ်။ အဲဒီတော့ ဘာသာတရားကို လိုက်နာကျင့်သုံးခြင်းဟာ ချမ်းသာတဲ့ အကျိုးပေးတဲ့ ကံကို ဆင်းရဲတဲ့ အကျိုးပေးတဲ့ ကံ အဖြစ် ပြောင်းဖို့ လုပ်တာ လား တဲ့။ “မဟုတ်ပါဘူး” ။ ဒါဖြင့် ဒုက္ခဝေဒနိယ ဆင်းရဲတဲ့အကျိုးကို ခံစားစေတဲ့ ကံတရားကို သုခဝေဒနီယ ချမ်းသာတဲ့အကျိုးကို ခံစားနိုင်တဲ့ ကံအဖြစ် ပြောင်းလဲဖို့ ဘာသာတရားကို လိုက်နာကျင့်သုံးရတာလား တဲ့။ “မဟုတ်ဘူး” လို့ ဖြေတယ်။
မဟုတ်ဘူးဆိုတာ မဖြစ်နိုင်ဘူးကို ပြောတာနော်။ ဘာဖြစ်လို့တုန်းဆိုရင် ဒါက The Law of Nature ပဲလေ။ သဘာဝတရားကြီးကို အပြောင်းအလဲလုပ်လို့ မရဘူး။ အဲဒီတော့ သုခဝေဒနီယကံကို ဒုက္ခဝေဒနီယကံ ဖြစ်အောင်၊ ဘာသာတရားတစ်ခုကို လိုက်နာကျင့်သုံးတာလည်း မဟုတ်ဘူးတဲ့။ ဒုက္ခဝေဒနီယ ကံ ကို သုခဝေဒနီယ ကံ အဖြစ် ပြောင်းဖို့ ဘာသာတရားကို လိုက်နာကျင့်သုံးတာလည်း မဟုတ်ဘူး။ အဲဒီတော့ မကောင်းတာတွေ လုပ်ပြီး confession လုပ်လိုက်ရုံနဲ့ မကောင်းတာတွေက ကောင်းတာ အဖြစ် ပြောင်းသွားနိုင်ပါ့မလား။ မပြောင်းနိုင်ဘူးတဲ့။
ဝန်ချတောင်းပန်ခြင်း..
ဒါဖြင့် ဗုဒ္ဓဘာသာမှာ ၀န်ချတောင်းပန်မှု မရှိဘူးလား၊ .. ရှိတယ်။ ဗုဒ္ဓဘာသာ ၀န်ချတောင်းပန်တာဟာ ကွင်းလုံးကျွတ် လွတ်တယ်လို့ ပြောတာ မဟုတ်ဘူး။ အကုသိုလ်ဆိုတာ ၂ မျိုး ရှိတယ်။ လုပ်တုန်းက ဖြစ်သွားတဲ့ အကုသိုလ်ကို “အာရမ္ဘဇ = လုပ်လို့ဖြစ်တဲ့ အကုသိုလ်” ။ အဲဒီလုပ်လို့ ဖြစ်ပြီးသား အကုသိုလ်ကို ပြောင်းလို့ မရဘူး။ ဘာဖြစ်လို့တုန်းဆို “ what have done cannot be undone” လုပ်ပြီးသားတစ်ခုကို မလုပ်ဘူးလို့ ပြောလို့မရဘူး။ ပြီးသွားပြီလေ။ ပြန်ယူလို့လည်း မရဘူးလေ။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ပြောပြီးသားဟာ ပြောပြီးသားပဲ။ လုပ်ပြီးသားဟာ လုပ်ပြီးသားပဲ ဖြစ်သွားပြီ။ အဲဒီတော့ အဲဒီလို လုပ်ပြီးသားကို မလုပ်သေးဘူးလို့ ပြန်ပြောလို့ မရဘူးပေါ့။
ဒါဖြင့် ဗုဒ္ဓဘာသာတွေ ဒီဝန်ချတောင်းပန်ရင် ကျေတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲဆိုရင် “ငါ အမှား လုပ်မိပြီ” ဆိုပြီး စိတ်ထဲမှာ တအုံ့နွေးနွေးနဲ့ စိတ်မကောင်းဖြစ်နေခြင်းကြောင့် အကုသိုလ်တွေဟာ တိုးတိုးလာတယ်။ အဲဒီ အတိုးကို ရပ်ဆိုင်စေတာပေါ့။ ဒါ အရင်းကို ဖြုတ်တာ မဟုတ်ဘူး။ အတိုးရပ်ခိုင်းတာ။ အတိုးရပ်တာ မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်တယ်။ ငွေချေးရင်တောင် အတိုးရပ်ရင် ရတယ်။ တချို့ကျ အရင်တောင် အလျော်ပေးတာ ရှိသေးတာပဲနော်။ ဒီမှာ ကံကျတော့ အရင်းကို အကုန်လျော်လို့ မရဘူး။ အဲ လျှော်လို့ရတဲ့ နည်းတော့ရှိတယ်။ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရသွားရင်တော့ အရင်းပါလျော်လို့ ရသွားပြီ။ အဲဒီအဆင့်ရောက်မှ လျော်လို့ရမှာပဲ။
ရှင်အင်္ဂုလိမာလ လောင်းဟာ လူပေါင်းများစွာ သတ်လာခဲ့တာ၊ အရဟတ္တမဂ်ရတဲ့အခါ အဲဒီ အကုသိုလ်တွေ နောင်ဘ၀အကျိုးပေးဖို့ ကိလေသာအဖော်မရှိတော့ဘူး။ မရှိသည့်အတွက်ကြောင့် သူက အရင်းပါ လျော်ပေးလိုက်တာပဲ။ အဲဒါကို ဓမ္မပဒမှာ ဘယ်လိုဟောတုန်းဆို “ယဿ ပါပံ ကတံ ကမ္မံ၊ ကုသလေန ပိဓိယတိ” တဲ့။ သူလုပ်ခဲ့တဲ့ အကုသိုလ်တွေ မှန်သမျှ ကုသိုလ်နဲ့ ပိတ်ပစ်လိုက်တယ်တဲ့။ ဟော အခုခေတ် ငွေကြေးလည်း ပိတ်လိုက်ရင် ရတာပဲပေါ့။ အဲဒီတော့ ပိတ်တယ်ဆိုတဲ့ နေရာမှာ အင်အားရှိတာနဲ့ ပိတ်မှ ရတာနော်။ သာမန်သွားပိတ်ရင်တော့ ပွင့်ထွက်သွားမှာပဲ။ မရဘူး။ အဲဒီတော့ အကုသိုလ်တွေ အားလုံးကို အရဟတ္တမဂ် ကုသိုလ်ကမှ ပိတ်ပေးလို့ရတယ်။ ဒီလို အဓိပ္ပါယ်ရတယ်။
ဒါက ဓမ္မပဒမှာ ဖတ်ကြည့်။ အဲဒီ ဂါထာပါတယ်။ လုပ်ထားတဲ့ အကုသိုလ်တွေကို ကုသိုလ်တရားနဲ့ ပိတ်တယ် ဆိုတာ အဲဒီကုသိုလ်က ဘယ်ကုသိုလ်တုန်းလို့ ဆိုတော့ အဋ္ဌကထာက “အရဟတ္တမင်္ဂ ကုသိုလ်” တဲ့ သာမန်ကုသိုလ်နဲ့ ပိတ်လို့မရဘူး။ အရဟတ္တမဂ် ကုသိုလ်က ကံတရားတွေကိုတော့ ဖယ်တာမဟုတ်ဘူး။ ကိလေသာတွေကို ဖယ်လိုက်တာ။ ကိလေသာတွေကို ဖယ်လိုက်သဖြင့် ကံတရားတွေဟာ အကျိုးပေးနိုင်ခြင်း မရှိတော့ဘူး။
မြေနဲ့ရေနဲ့ မတွေ့အောင်ထားရင် မျိုးစေ့လေးတစ်ခုဟာ ဘယ်လိုလုပ်ပြီး အပင်ပေါက်မလဲ။ မပေါက်ဘူး။ မျိုးစေ့ လေးကို ဖျက်ဆီးလိုက်ရင်လည်း အပင် မပေါက်ဘူး။ ကံ မျိုးစေ့ကို အရဟတ္တမဂ် ကုသိုလ်စွမ်းအားနဲ့ ဖျက်ဆီးပစ်လိုက်တာ။ ဒီလို ဆိုလိုတာပေါ့နော်။
အပိုင်း ( ၅ ) နိဂုံးပိုင်း ဆက်လက် ဖော်ပြပါမည်။
အရှင်နန္ဒမာလာဘိဝံသ
ပါမောက္ခချုပ်ဆရာတော်
အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်
တင်ခဲ့ပြီးသော အပိုင်း ( ၃ )
အပိုင်း ( ၂ )
အပိုင်း ( ၁ )
တင်ခဲ့ပြီးသော အပိုင်း ( ၃ )
အပိုင်း ( ၂ )
အပိုင်း ( ၁ )
No comments:
Post a Comment