2 3 4 5 6 7 8 9 10

Saturday, November 5, 2011

ကလေးများကို နားလည်ပါ



"ဖျန်း ..ဖျန်း..ဖျန်း" ဟူသောအသံနှင့်အတူ ကလေးငယ်တယောက်ငိုသံ အမေရဲ့ဆူပူကြိမ်းမောင်းသံတို့ကိုပါ တဆက်တည်းကြားလိုက်ရပါတယ်။
 

ကလေးက ထမင်းပန်းကန်မှောက်ကျမှုအပြစ်ကြောင့် အရိုက်ခံရတာပါ။ ဘာကြောင့်မှောက်ကျတာလဲ ဆိုတော့ ထမင်းပန်းကန်ကိုင်ပြီး အိမ်ရှေ့က ကလေးတွေကစားတာငေးကြည့်ရင်း မှောက်ကျသွားတာပါတဲ့။ အမေကတော့ ထမင်းစားနေတာတောင် အဆော့မက်တဲ့ကလေးဆိုပြီး အပြစ်ရှိတယ်ပေါ့လေ ။
ကျမတို့မြန်မာပြည်မှာ ကလေးတွေအမှားလုပ်တဲ့အခါ အပြစ်ပေးနည်း (ယေဘူယျအားဖြင့်ပေါ့လေ)
မိဘတွေက ရိုက်တယ်။ ကလေးတွေက နာကျင်စွာနဲ့အရိုက်ခံလိုက်ရတယ် ။ ငယ်ငယ်ကတည်းကနေ တချို့ဆို တက္ကသိုလ်တက်နေတဲ့ ထိတောင် အရိုက်ခံထိတုန်း။ သိတတ်တဲ့အရွယ်မှာတော့ထားပါဦးလေ။ ကိုယ်ဘာကြောင့်ရိုက်ခံရတယ်၊ ဆူခံရတယ်ဆို တာနားလည်သေးတယ်။ ငယ်ငယ်တုန်းကဆို ဘာလို့ရိုက်မှန်း ကိုယ်ကဘာမှားလိုက်မှန်း မသိခဲ့ဘဲ အရိုက်ခံလိုက်ရတာတွေ ရှိတတ်ပါသေးတယ်။ ဆရာမက ရိုက်တာ၊ အဖေအမေက ရိုက်တာပေါ့။
ကျမငယ်ငယ်ကမှတ်မိသေးတယ်။ ငယ်ငယ်ဆိုပေမဲ့ (၈)တန်းတော့ရောက်နေပါပြီ။ စာမေးပွဲနီးလို့ ဆရာတွေကလဲ သင်ခန်းစာကပြတ်တော့ တချို့အချိန်တွေဆို ကိုယ်ပိုင်ချိန်ပါပဲ။ ကြိုက်ရာနေရာလေးတွေမှာ စာကျက်သူကကျက်၊ စကားပြောသူကလဲပြော၊ အိပ်သူတချို့လဲ အိပ်ပေါ့လေ၊ ကျမလဲအဲဒီနေ့က ဆရာ့စားပွဲခုံအောက်ဝင်ပြီး ခက်ဆစ်တွေကို ပြန်နွှေးနေပါတယ်။ ဆရာ့စားပွဲက စားပွဲခင်းကကြီးနေတဲ့အတွက်အပြင်လူက ကျမကိုမမြင်နိုင်သလို ကျမကလဲ အပြင်ကလူတွေဘာလုပ်နေတယ်ဆိုတာကို မမြင်ရပါဘူး။ (အထဲမှာနဲနဲတော့မှောင်နေတာပေါ့လေ) ဒါပေမဲ့ကျမကလဲ မျက်စေ့နောက်ရင်စာမကျက်တတ်၊ နောက်ပြီးအသစ်ကျက်တာလဲ မဟုတ်ပြန်နွှေးနေရုံဆိုတော့ အဆင်ပြေနေပါတယ်။
အဲ တအောင့်လောက်ကြာတော့ တခန်းလုံးတိတ်ဆိတ်သွားခြင်းနှင့်အတူ အတန်းပိုင်ဆရာရဲ့အသံကို စားပွဲခုံအောက်က ကျမ ကြားလိုက်ပါတယ်။ " ထွက်၊ အားလုံးအလံတိုင်ရှေ့သွား" ဆိုပြီး အလံတိုင်ရှေ့မှာ တခန်းလုံး (ကျမအပါအ၀င်ပေါ့လေ) အရိုက်ခံရပါတော့တယ်။ တချို့ကျောင်းသူလေးတွေလဲ ဘာကြောင့်ဆရာက လာရိုက်သွားမှန်းမသိကြဘူးတဲ့လေ။ ကဲ ကောင်းကြသေးရဲ့လား။ (အမှန်က ပြတင်းပေါက်နားထိုင်ပြီးစာကျက်နေတဲ့
ကောင်မလေးတွေကို အခန်းပြင်ကနေတမျိုး၊ အခန်းတွင်းကတမျိုး ကောင်လေးတချို့စကြရင်းက ကောင်မလေးတွေက မကျေနပ်လို့ ပြန်ပြီးသူတခွန်းကိုယ်တခွန်း ရန်ဖြစ်နေတာကို မြင်တဲ့ဆရာမတယောက်က သွားတိုင်ရင်း ခုလိုအားလုံးကို ဆရာက ရိုက်တာပါ။) ဒါပေမဲ့ဆရာက ဘာဖြစ်သလဲ ဘယ်ကစလဲ ဘယ်သူတွေပါလဲ အဲဒါတွေမမေးရုံမက ဘာကြောင့်ဘယ်လိုအပြစ်ကြောင့်ရိုက်တယ်ဆိုတာပါ မပြောတော့ မသိဘဲ ခံလိုက်ရတဲ့သူက ခံလိုက်ရပါတယ်။
ကျမပြောချင်တဲ့အရာကလည်း အဲဒီကစပါတယ်။ တခါတလေ မိဘတွေကပဲ ဖြစ်ဖြစ် ဆရာ၊ ဆရာမတွေကပဲ ဖြစ်ဖြစ် အပြစ်ပေး ရိုက်ကြပါတယ်။ ဒါပေမဲ့ အပြစ်နဲ့ အကျိုးကို သေချာနားမလည်ဘဲ အရိုက်ခံအပြစ်ပေးခံလိုက်ရတာတွေရှိတတ်ပါတယ်။ (သေချာသုံးသပ်စဉ်းစားကြည့်ပါ) အဲဒီရဲ့အကျိုးရလဒ်ကဘာဖြစ်လာသလဲ ဆိုတော့ အဖန်တလဲလဲ ထပ်ထပ်ပြီး အဲလိုအဖြစ်မျိုးကျူးလွန်နေတာပါပဲ။ တကယ်လို့ အပြစ်ပေးသူတွေကသာ အပြစ်ကိုသေချာပြောပြမယ်၊ နောက်နောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာသာပြောပြခဲ့ရင်ကလေးတွေဟာလဲ တမျိုးတဖုံပြောင်းလဲ ကောင်းပြောင်းလဲ နိုင်ပါတယ်။
နည်းရှိတယ်လို့ ကျမထင်ပါတယ်။ ဆူခြင်း နဲ့ ရိုက်နှက်ခြင်း ပါ။ အပြစ်သိပ်မကြီးတဲ့အခါ ဆူပြီး အပြစ်ကြီးသွားရင်တော့ ရိုက်တာပေါ့လေ။

ခုလိုအခြေအနေမျိုးမှာတော့ နောက်ပိုင်းမှာ ကလေးတွေဟာ ဘာတွေဖြစ်လာသလဲဆိုရင် လိမ်ပြောလာတတ်ပါတယ်။ ငါအမှန်ပြောလဲ အရိုက်ခံရမယ့်အတူတူ ငါလိမ်လိုက်မယ်။ ကလေးက စမ်းသပ်လာတာပါ။ ပထမဦးဆုံးကျမပြောခဲ့တဲ့ထမင်းပန်းကန်မှောက်ကျတဲ့ကလေး ဆိုပါစို့၊ သူကငေးရင်းလမ်းလျှောက်မိလို့ ပန်းကန်ပြုတ်ကျတာပါ မပြောဘူး။ ကြောင်တိုက်တာ (ကြောင်မရှိခဲ့ရင်တောင်) ခုံကမငြိမ်လို့ အပြစ်ကို သူများအပေါ် ပုံချတော့မယ်။ အဲဒီအခါအမေက ကလေးကို မရိုက်တော့ဘူး။ ကြောင်ကိုပဲ အပြစ်တင်လိုက်မယ်။ အဲလိုနဲ့ပဲ ကလေးက သူအမှန်ပြောတုန်းက အရိုက်ခံထိတယ်။ ညာပြောလိုက်တော့ အပြစ်ကလွတ်တယ်လို့မြင်ပြီး နောက်တကြိမ်တွေမှာတော့ဖြင့် လိမ်ပြောဖို့ကြိုးစားလာပါတော့မယ်။
ကျမတို့ပတ်ဝန်းကျင်မှာဖြစ်ပျက်တတ်တဲ့သဘောလေးပါပဲ။ သတိထားကြည့်ရင်မြင်လာမှာပါ။
ကလေးလိမ်တတ်သွားတာရဲ့ အဓိကတရားခံက အချစ်ဆုံးအမေဖြစ်နေပြီလေ။ "သတိမမူ ဂူမမြင်" ဆိုတဲ့အတိုင်း ဘာရယ်မဟုတ် အပြစ်ရှိုလို့အပြစ်ပေးလိုက်တာပါပဲ ဒါပေမဲ့ကလေးစိတ်ထဲမှာ ငါ့ရဲ့အပြစ်က ဘာ၊ ငါဘယ်လိုနေရမယ်၊ ငါဘယ်လိုဆင်ခြင်ရမယ်၊ ဆိုတဲ့အသိလေး ၀င်သွားအောင် ပေးတတ်ဖို့လဲ လိုပါတယ်။ ကလေးပဲ ဒါတွေဘယ်လိုပေးမှာလဲ ဘယ်လိုသိမှာလဲ လို့တော့မတွေးစေချင်ပါဘူး။
ကလေးလေးတွေက တကယ်ပုံသွင်းလို့ရအောင်ကို သိနားလည်ကြပါတယ်။ နေ့စဉ်နဲ့အမျှ ကလေးတွေနဲ့ ကလေးတွေနဲ့အတူ နေနေရတဲ့ ကျမအဖို့တော့ အဲဒါကို ယုံကြည်လက်ခံပါတယ်။ ကလေးလေးတွေမှာ ဘာဆိုဘာမှာမရှိသေးတဲ့အတွက် ထည့်ပေးဖြည့်ပေးလို့ အကောင်းဆုံးပါပဲ၊

ကောင်းတဲ့အရာတွေဖြည့်မပေးမိဘဲ ခုနကလို လိမ်ဖို့လမ်းကြောင်းပေးလိုက်သလို ဖြစ်မှာစိုးရပါတယ်။ ကျမပြောတဲ့သာဓက ကတခုတည်းမို့ မမြင်သာဘေူးဘူးဆိုရင် ပတ်ဝန်းကျင်ကို နဲနဲလေးကြည့်လိုက်ပါ။ မိဘ (သို့) ဆရာ၊ဆရာမတွေကြောင့် လိမ်တတ်သွားတဲ့ လိမ်လိုက်တဲ့ကလေးလေးတွေကို တွေ့လာမှာပါ။ သူတို့လေးတွေရဲ့အပြစ်ကို သိရှိပြီးနောက်တကြိမ် မလုပ်မိအောင်ဘဲ ကျမတို့ပြောပြသွန်သင်နိုင်ဖို့ ကြိုးစားကြစေချင်ပါတယ်။ လိမ်တတ်သွားအောင်တော့ ဘယ်သူကဖြစ်စေချင်ပါ့မလဲနော် ။ ဒါပေမဲ့အဲလို ဖြစ်သွားစေတယ်ဆိုတာကို သိမြင်စေချင်လို့ ဒီပိုစ့်လေးကို တင်ဖြစ်သွားတာပါ။ 


* Posted by zinthubobo on October 14, 2010 at 7:30pm 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>