2 3 4 5 6 7 8 9 10

Saturday, November 5, 2011

အင်းလေးဖောင်တော်ဦးဒေသစာရီဘုရားပွဲ


ဝါလကင်းလွတ်၍ သီတင်းကျွတ်လဆန်း ပွင့်လင်းရာသီရောက်ပြီဆိုသည်နှင့် ရှမ်းပြည်နယ်တွင်
လစဉ် ရိုးရာပွဲတော်များ တစ်ပွဲပြီးတစ်ပွဲ ကျင်းပပြုလုပ်ကြသည်မှာ ပျော်စရာကောင်းလှသည့် ယဉ်ကျေးမှု
ဓလေ့ထုံးတမ်းစဉ်လာတစ်ရပ်ဖြစ်ပါသည်။ မိုးလေကင်းစင်၍ ရာသီဥတု သာယာလှပသော
သီတင်းကျွတ်လဆန်းတွင် ကျင်းပမြဲဖြစ်သည့် ပထမဦးဆုံးပွဲတော်မှာ အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ လှည့်လည်သည့်ဘုရားပွဲဖြစ်ပါသည်။ ဖောင်တော်ဦးဘုရားပွဲတော်ပြီးသည်နှင့် တန်ဆောင်မုန်းလတွင်ကထိန်သင်္ကန်းကပ်လှူပွဲနှင့် မြန်မာတစ်နိုင်ငံလုံးတွင် အကြီးကျယ်ဆုံးသော တောင်ကြီးမီးပုံးပျံလွတ်ပွဲ၊နတ်တော်လတွင် ညောင်ရွှေမြို့၌ ရဟန်းသံယာတော်တို့၏ စာပြန်ပွဲ (စာဆိုတော်ပွဲ)၊ တပို့တွဲလတွင်ရာသီဥတု အလွန်အေးချမ်းလွန်းသဖြင့် ဗုဒ္ဓရှင်တော်မြတ်ဘုရားအား ရှားမီးဖြင့် မီးပူဇော်ပွဲ၊ထမနဲထိုးပြိုင်ပွဲ၊ တပေါင်းလတွင် ပင်းဒယမြို့ တပေါင်းပွဲတော်၊ မီးရှူးလွတ်ပွဲ (မီးလုံးပွဲ)စသဖြင့် ဆယ့်နှစ်လရာသီပွဲတော်များနှင့် အမြဲစည်ကားလျှက်ရှိပါသည်။ ဒေသခံတိုင်းရင်းသားလူမျိုးပေါင်းစုံတို့မှာ ပွဲတော်တိုင်းတွင် မိမိတို့ တတ်အားသရွေ့ လှူဒါန်းကြသည်သာမက မိမိတို့၏ လုပ်အားဖြင့်လည်း တက်ကြွစွာ ပါဝင်ကူညီ ဆောင်ရွက်ကြသည်မှာ ဘာသာတရားအား ရိုသေကိုင်းရှိုင်းခြင်း၊ ရိုးရာဓလေ့များအား လက်ဆင့်ကမ်း၍ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ခြင်း၊ ချစ်ခင်လေးစားကြခြင်း ပြယုဂ်တစ်ခုပင်ဖြစ်ပါသည်။ “တစ်မူးရလို့ တစ်ပဲလှူ၊ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား”
ဟူသော စကားအတိုင်း ကျွန်မတို့ ရှမ်းပြည်နယ်မှ တိုင်းရင်းသားများအားလုံးတို့သည် ပင်ပန်းဆင်းရဲစွာဖြင့်လည်းလုပ်ကိုင် ရှာဖွေကြသည်။ ခက်ခက်ခဲခဲ ရရှိလာသည့် မိမိတို့၏ ချွေးနည်းစာများကိုလည်း စေတနာ.သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းပေးကမ်းတတ်ကြသည်။
…မြန်မာနိုင်ငံတွင်းရှိ အားလုံးသော တန်ခိုးကြီးဘုရားပွဲများသည် ပွင့်လင်းရာသီတွင် ကျင်းပကြသည့်အနက် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ပြုလုပ်သော အင်းလေးဖောင်တော်ဦးဒေသစာရီ လှည့်လည်သည့် ဘုရားပွဲသည် ပထမဆုံးပြုလုပ်သော ထူးခြားသည့် ဘုရားပွဲတော်ဖြစ်သည်။

...သာမန်ဘုရားပွဲများကဲ့သို့ ဘုရားတည်ရှိရာဒေသတွင် မကျင်းပဘဲ စံကျောင်းတော်ပေါ်မှ ရုပ်ပွားတော်များကို ကရ၀ိတ်ဖောင်တော်သို့ ရွှေ့ပြောင်းတင်ကာ တစ်ရွာဝင် တစ်ရွာထွက် ဒေသစာရီ
ရေလမ်းခရီးသာ လှည့်လည်သောပွဲတော်လည်းဖြစ်သည်။ နှစ်စဉ်သီတင်းကျွတ်လဆန်း(၁)ရက်နေ့တွင် စံကျောင်းတော်မှထွက်ကာ (၁၅) ရက်တိုင်တိုင် (၁၉)ဌာနေ ရွာစဉ်များသို့ လှည့်လည်၍
လပြည့်ကျော်(၂)ရက်နေ့တွင်မူ ပြီးဆုံးကာ စံကျောင်းတော်သို့ ပြန်ဝင်သည်။

…သမိုင်းအရ ပုဂံခေတ် နရပတိစည်သူမင်းလက်ထက် သီဟိုဠ်နိုင်ငံမှရသော သရက္ခန်နံ့သာနှစ်ဖြင့် ထုလုပ်ခဲ့သည့် ရုပ်ပွားတော်ငါးဆူကို ဤအင်းသားတို့ဌာနေတွင် ဖောင်တော်ဦးဘုရားအဖြစ် ဌာပနာပြုခဲ့သည်ဟုဆိုသည်။

…ရုပ်ပွားတော်ငါးဆူအနက် လေးဆူသာ ဒေသစာရီလှည့်ပွဲတွင် ပါဝင်ရပြီး ကျန်တစ်ဆူမှာ စံကျောင်းတွင် အမြဲထားခဲ့ရသောအဖြစ်မှာလည်း စိတ်ဝင်စားဖွယ်ရာကောင်းလှပါသည်။ အင်းလေးရေကန်အတွင်း၌သာ
ခက်ခဲစွာ လှည့်လည်၍ ရွာစဉ်တစ်လျှောက် ကျင်းပသောပွဲဖြစ်ရာ ရောက်လေရာရွာရှိ ဘုရားပွဲများ၌
ဒေသန္တရဗဟုသုတမျိုးစုံကို တွေ့မြင်ရရှိနိုင်ပါသည်။ ထူးခြားသော စိတ်လှုပ်ရှားဖွယ်ရာ အမျိုးမျိုးတို့အပြင်
ရုပ်ပွားတော်များအား ဖူးမျှော်ရသဖြင့် ရရှိသည့် စိတ်ကြည်နူးချမ်းမြေ့မှုမှာလည်း မည်သည့်အရာနှင့်မျှ
မလဲနိုင်သော ၀မ်းမြောက်သည့်ခံစားမှုတစ်မျိုးပင်ဖြစ်ပါသည်။
…ဖောင်တော်ဆိုက်ရာ လက်ခံသောရွာများက အပူဇော်ခံဘုရားတို့၏ နံနက်ဆွမ်း၊ နေ့ဆွမ်းနှင့်
ညစံတော်မူခြင်း စသည့် ပူဇော်ဖွယ်ရာ ကိစ္စအ၀၀တို့ကို အားလုံးဝေမျှ တာဝန်ယူကြရသည်။
သက်ဆိုင်ရာ သာသနာရေး အရာရှိများနှင့်ဒေသခံအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များကလည်း
ပွဲတော်အစမှအဆုံးတိုင် လှုပ်ရှားမှုအားလုံး တို့ကို အစစအရာရာ အလေးပေးကူညီဆောင်ရွက် ပေးကြသည်။သက်ဆိုင်သူများအားလုံး ဘက်စုံထောင့်စုံမှ တက်ညီလက်ညီ ၀ိုင်းဝန်းဆောင်ရွက်ကြသဖြင့်
နှစ်စဉ်ဒေသစာရီဘုရားပွဲကြီးကို ယနေ့ထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြခြင်း ဖြစ်ပါသည်။

…ပွဲတော်စတင်သော သီတင်းကျွတ်လဆန်း (၁)ရက်နေ့ရောက်ပါက မူလနမ်းဟူးရွာစံကျောင်း
ပလ္လင်ထက်မှ ရုပ်ပွားတော်လေးဆူတို့ကို ကရ၀ိတ်ဖောင်တော်ပေါ်သို့ ရွှေ့ပြောင်း၍ တစ်ညတာ စံနေစေတော်မူခြင်းဖြင့် ဘုရားပွဲကို စတင်သည်။ နောက်တစ်နေ့ လဆန်း(၂)ရက်နေ့မှစ၍
အောက်ပါရွာစဉ်များအတိုင်း ဖောင်တော် ဒေသစာရီကြွချီရာ လပြည့်ကျော်(၃)ရက်နေ့တွင်
စံကျောင်းတော်သို့ ပြန်ဝင်သည်။ ရွာစဉ်တို့မှာ ကြေးပေါခုံရွာ၊ ဟဲယားရွာမကျောင်း၊ ငါးဖယ်ချောင်ကျောင်း၊
ကျေးစားကုန်းရွာ၊ ပွဲစားကုန်း၊ လင်းကင်းကျောင်း၊ ညောင်ရွှေမြို့၊ နန်းသဲရွာကျောင်း၊မိုင်းသောက်ရွာ၊ သလဲဦးရွာ၊ ကေလာရွာ၊ ဇရပ်ကြီးရွာ၊ အလိုတော်ပေါက်ကျောင်း၊ နမ့်ပန်ရွာ၊မန်ကျည်းဆိပ်ပင်၊ ကျိုင်းခန်းရွာ၊ မိုင်းပျိုးရွာ၊ နောင်တောကျောင်း၊ အင်းပေါခုံ၊ ရေသာရွာနှင့်နမ်းဟူးရွာ ဖောင်တော်ဦး စံကျောင်းတော်တို့ဖြစ်ပါသည်။

…ဖောင်တော်ဦးဘုရား ကြွချီရာလမ်းတစ်လျှောက်တွင် ဆွဲလှေတော်သားများ၏ ညာသံပေးသံများ၊ လှော်တက်ရှည်များကို ခြေဖြင့် လှော်ခတ်သံများ၊ ရေပြင်ကို လှေဦးထိုးခွဲသံများနှင့် အင်အားနှင့် ချီတက်လှော်ခတ်လာကြသော ရီးလေးယို အားပေးသံများမှာ အင်းလေးရေပြင်တစ်ခွင်တွင် ပဲ့တင်သံများဖြင့် ဆူညံလျက်ရှိသည်။

...ဗြက်ကျယ်၍ ပက်နေသည့် ပိန်းကောလှေရှည်ကြီးများအလယ်ရှိ လက်ကိုင်ဝါးတန်းများပေါ်တွင်
ငှက်ပျောပင်များ၊ ပန်းပင်နှင့် ကြာနွယ်ပင်များတို့ဖြင့် အလှဆင်ထားကြသည်။ ရှမ်းရိုးရာ ပင်နီဘောင်းဘီ၊
တိုက်ပုံနှင့် ခေါင်းပေါင်းများ ၀တ်ဆင်ထားကြသူ ဆွဲလှေတော်သားများကား ရာချီမကပင် ရှိသည်။
ဆွဲလှေများကို တစ်စင်းမှတစ်စင်း ကြိုးရှည်ကြီးများဖြင့် ဆက်နွယ်ထားသည်။ ထိုဆွဲလှေကြီးများ၏
နောက်ဆုံးတွင်ကား ရွှေရောင်တ၀င်းဝင်းဖြင့် ကရ၀ိတ်ဖောင်တော်ကြီးသည် ထီးဖြူများ မြောက်မြားစွာ
မိုးခြံရံလျက် တငြိမ့်ငြိမ့်နှင့် ၀တ်ဖောင်တော်ကြီးနှင့်အတူ တရွေ့ရွေ့တအိအိဖြင့် ရေဇလာလမ်းတွင်
ရှေ့ဆင့်နောက်ဆင့်လှမ်းကာ မြင်ကွင်းသို့ပေါ်လာသည်ကို ကြည့်နေရသည်မှာ အသက်ရှုရမည်ကိုပင်
မေ့နေကြသည်။ မြင်ကွင်းကို မျက်ခြည်ပြတ်သွားမည်စိုး၍ မျက်တောင်ပင်မခတ်မိကြပေ။

…၀တ်အဖွဲ့သားများ အပြည့်ပါရှိသော ရှေ့ပြေးကရ၀ိတ်ဖောင်ပေါ်မှ အေးငြိမ့်သာယာသော ပူဇော်သံတို့မှာ
ကောင်းကင်ယံအထိ ဘ၀ဂ်ညံလျက်ရှိသည်။ ရုပ်ပွားတော်လေးဆူမှာလည်း ပလ္လင်ထက်ဝယ် ၀င်းဝါလုံးဝိုင်းသော အသွင်ဖြင့် သပ္ပာယ်စွာ စံပယ်နေကြသည်။ ဖောင်တော်ပေါ်တွင် များစွာသော အသည်သားတို့က ၀တ်စုံဖြူများဆင်တူဖြင့် တက်ရှည်ကြီးများကို ညီညာစွာ ဟန်ရေးပြလှော်ခတ်နေကြသည်မှာ ကျက်သရေအဆင်းနှင့် ပြည့်စုံလှပါသည်။

…နတ်၊ ဗြဟ္မာအစောင့်အရှောက်အသီးသီးတို့ကလည်း တောက်ပသစ်လွင်သော ၀တ်စုံများဖြင့် သူ့နေရာနှင့်သူ တာဝန်ယူကာ သီလ၀တ်၊ ဒါန၀တ်တို့ကို တစ်လမ်းလုံး ပြုလျက်လိုက်ပါလာကြသည်။ ရေဇလာ လမ်းတစ်လျှောက် ဖောင်တော်ကြီး ဖြည်းညင်းစွာ တအိအိကူးခတ်သွားရာတွင် ဒေသခံအင်းသားလူမျိုးများက မိမိတို့အိမ်ရှေ့ရေကပြင်မှဖြစ်စေ၊ လှေဦးတွင် ယွန်းဆွမ်းအုပ်ဖြင့်ဖြစ်စေ ဆွမ်းခဲဖွယ် ပူဇော်ဖွယ်ရာများထည့်ကာ ဖောင်တော်ဦးဘုရားသို့ ရည်မှန်း၍ ဦးခိုက်ဖူးမျှော်နေကြသည်ကို မြင်တွေ့ရသည်မှာ စိတ်ကြည်နူးဖွယ်ရာ ကောင်းလှပါသည်။

…ညောင်ရွှေမြို့သို့ရောက်ပါက ဘုရားဖူးများ ကမ်းလုံးညွှတ် ကြိုဆိုဖူးမြော်ပူဇော်ကြသည်။ မြို့တွင်း ဒေသစာရီ ကြွချီခြင်းအမှုကိုပြုပြီးနောက် ညောင်ရွှေမြို့ရှိ အဋ္ဌဒိသာဒေသစာရီကျောင်းတွင် သုံးညတာ အပူဇော်ခံထားရှိသည်။ ဘုရားဖူးပြည်သူများ၏ နံနက်အာရုံဆွမ်း၊ နေ့ဆွမ်းဖြင့် ရည်စူးကာ ကပ်လှူပူဇော်ကြသော ရွှေဖလား၊ ငွေဖလား၊ ဘော်ဖလား ဆွမ်းတော်အုပ်ကြီးများနှင့် ပန်း၊ ဆီမီး၊ ရေချမ်း၊ ခဲဖွယ်ဘောဇဉ်တို့မှာ ဘုရားစံကျောင်းတော် ပတ်ပတ်လည်တွင် နေရာလပ် မရှိလောက်အောင်များပြားလှပါသည်။ ညဖက်ကျင်းပသော ဘုရားပွဲတော်ကား ညောင်ရွှေတစ်မြို့လုံး ပုန်းစရာမရှိအောင်ပင် စည်ကားလှတော့သည်။

…ကျိုင်းခန်းရွာမှ မိုင်းပျိုးရွာသို့ အသွားတွင် ဖောင်တော်သည် ရေဆန်ကို တစ်ဖန်ပြန်ကာ မြောက်ဘက်ရှိ
မူလစံကျောင်းတော်သို့ ပြန်ဝင်ရသဖြင့် ဤခရီးစဉ်မှာ အခက်ခဲဆုံးဖြစ်ပါသည်။ ဤနှစ်ရွာကြားခရီးမှာ
ကွာဝေးရုံမျှ မက ဆွဲဖောင်များမှာ ရေဆန်ကိုလှော်ရသောကြောင့် အပင်ပန်းဆုံး ဒေသစာရီ ခရီးစဉ်လည်းဖြစ်သည်။နေ့ဆွမ်းမမီမှာစိုးကြ၍ မိုင်းပျိုးရွာမှ နံနက် (၃)နာရီ ဆွမ်းထချက်ကာ ကျိုင်းခန်းရွာသို့ ဆွမ်းတော်တင် ကရ၀ိတ်ဖောင်ဖြင့် အတူသွားရောက် ကြိုဆိုကြရသည်။

…ဒေသစာရီကြွချီရာ ရွာစဉ်တစ်လျှောက် ဖူးမျှော်ရန် အခွင့်အရေးမရလိုက်သူများနှင့် ကမ္ဘာလှည့်ခရီးသည်
များသည် လပြည့်ကျော်(၃)ရက်နေ့မှစ၍ စံကျောင်းတော်တွင် ပြန်လည်ရောက်ရှိနေကြသော
ရုပ်ပွားတော်များကို လာရောက်ဂါရ၀ပြုနိုင်ကြသည်။ တစ်ချိန်တည်းတွင် ဘုရားပွဲကာလတစ်လျှောက်လုံး ဒါနကုသိုလ်ပြုပါဝင်ခဲ့ကြသော ဆွဲလှေမြောက်မြားစွာတို့မှ လှေတော်သားတို့အတွက် လှေပြိုင်ပွဲနှင့်
ဆုပေးပွဲ အခမ်းအနားများကို နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိရာ ပွဲတော်၏ အမြင့်ဆုံးသော
စိတ်လှုပ်ရှားဖွယ်ရာများ ဖြင့် ကြက်ပျံမကျ အလွန်စည်ကား သိုက်မြိုက်လှပါသည်။
…ဧည့်လမ်းညွှန်များစီစဉ်ပေးမှုကြောင့် ဤဒေသစာရီဘုရားပွဲတွင် ခရီးသွားဟန်လွှဲအဖြစ်
ကြုံဆုံလိုက်ရသော ကမ္ဘာလှည့်ခရီးသည်အပေါင်းတို့မှာ အလွန်ကံကောင်းသူများဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤပွဲတော်ကို ဆင်နွဲရန် ကမ္ဘာအရပ်ရပ်မှ ခရီးသည်များ အထူးအစီအစဉ် အဖြစ် ကြိုတင်၍ငွေများစွာ ပေးဝယ်ယူရသောကြောင့်ဖြစ်သည်။

…ဖော်တော်ဦးဘုရားပွဲကြောင့် ဒေသခံတိုင်းရင်းသားများအားလုံးသည် ကုသိုလ်ကောင်းမှုပြုရန်
အခွင့်အရေး ရရှိကြရသည်။ ဒေသခံအချို့ဆိုလျှင် ရွှေစင်ရွှေခေါက်များကို ကိုယ်တိုင်ယက်ခတ်ပြီး
ဘုရားရုပ်ပွားတော်များကို ရွှေသင်္ကန်းများ ၀ိုင်းအုံကပ်လှူနေကြသည်မှာ ပကတိရုပ်ပွားတော်ကိုပင်
မမြင်နိုင်တော့ပါ။ ရွှေလုံးရွှေတုံးများ သဏ္ဍာန်ဖြစ်နေသည်။ ဒေသခံတိုင်းရင်းသား အင်းသားလူမျိုးတို့၏
အစားအစာများဖြစ်သည့် ၀က်သချဉ်သုပ်၊ ငါးထမင်းချဉ်၊ အင်းမုန့်တီ(အင်းမုန့်ဟင်းခါး)၊ တို့ဟူးကြော်၊
နေကြာစေ့လှော်၊ ကင်ပေါင်းကြော် (ကြက်သွန်မိတ်ကြော်)၊ ပဲထွန်ကြော်၊ မုန့်လုံးစက္ကူကပ်၊
အင်းလေးရိုးရာထမင်းဆိုင်များမှ ပဲလုံးဆေးခါးဟင်း၊ ဂျူးမြစ်သုတ်၊ ၀က်သားဟင်းနှင့် ထောပတ်သီးရနံ့တို့မှာ ဘုရားပွဲခင်းဈေးနေရာအနှံ့ မွှေးပျံ့လျက်ရှိရာ ဘုရားဖူးဧည့်သည်များကို စားချင်စဖွယ်ဖြစ်အောင်
ဆွဲဆောင်နေပါတော့သည်။

...ဤအင်းလေးကန်ဒေသသည် ပြည်ပထုတ်ကုန် တစ်စုံတစ်ရာမျှ မထုတ်လုပ်၊ သဘာဝနယ်မြေ ဘာမှ
မယိုယွင်းစေရဘဲ နိုင်ငံခြားဝင်ငွေများစွာ ရနေသောဒေသတစ်ခုလည်းဖြစ်သည်။ ကမ္ဘာလှည့်ခရီးသည်များ မြန်မာပြည်သို့ရောက်လျှင် အင်းလေးဒေသသို့ ရောက်လာကြစမြဲပင်။
…အင်းလေးကန်ကြီး၏တည်ဟန်သည် ပင်လယ်ရေပြင်အထက် အမြင့်ပေ (၂,၈၈၀) တွင် တည်ရှိသောကြောင့်
တောင်ပေါ်မှ ကြာပေါက်သော ထူးခြားသည့် ရေကန်ကြီးတစ်ကန် ဖြစ်ပေသည်။ သာယာလှပသော
သဘာဝ ပတ်ဝန်းကျင်များနှင့် ကမ္ဘာတွင် ရေပန်းစားနေသော (Bird Watching) အတွက်
ရေပျော်ငှက်မျိုးစုံတို့ ခိုလှုံ ကျက်စားရာနေရာဖြစ်သည်။ အင်းလေးကန်တစ်လျှောက်
လှေသွားရာနောက်သို့ လိုက်နေကြသော ဇင်ယော်များကို အစာပစ်ကျွေးရသည်မှာလည်း ပျော်စရာကောင်းလှပါသည်။ မြတ်နိုးဖွယ်ရာ အင်းလေးလူမျိုး တိုင်းရင်းသားပေါင်းစုံတို့၏
ရိုးရာဓလေ့ထုံးစံများ တည်မြဲရာနေရာလည်းဖြစ်ပေသည်။ စိတ်ဝင်စားဖွယ်ရာ ကျွန်းမျောများ၊
ရေလည်ကျွန်းကြီးများကိုလည်း တွေ့မြင်နိုင်ပါသည်။

…တန်ခိုးကြီးသမိုင်းဝင် အလိုတော်ပေါက်ဘုရား ရုပ်ပွားတော်မြတ် တည်ထားစံပယ်တော်မူရာ
အလိုတော်ပေါက်ကျောင်းမှာလည်း ပြန်လည်တူးဖော်တွေ့ရှိထားသော သမိုင်းဝင် ရှေးဟောင်းဘုရားများစွာ တို့ကို ဖူးမျှော်နိုင်သဖြင့် ဘုရားဖူးလာသူများအတွက် အထူးပင် စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။
…ထို့အပြင် မြန်မာပြည်အရပ်ရပ်သို့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေသော လောပိတရေအားလျှပ်စစ်
စက်ရုံကြီးသည်လည်း အင်းလေးကန်ကို အမှီပြုနေရသော ဘီလူးချောင်းကိုသာ အားထားနေရသဖြင့်
အထူးအရေးပါသော တောင်ပေါ်ရေကန်ကြီးတစ်ကန်လည်းဖြစ်ပေသည်။

…အင်းလေးကန်အတွင်းရှိ ငါးဖယ်ချောင် ဘုန်းကြီးကျောင်းမှာလည်း ကမ္ဘာလှည့်ခရီးသည်များနှင့်
ဘုရားဖူးခရီးသည်များအားလုံး ၀င်ထွက်သွားလာလျက်ရှိသောကျောင်းဖြစ်သည်။ ကျောင်းရှိ
မြောက်များစွာသော ကြောင်တို့၏ သံကွင်းများအတွင်းသို့ ခုန်ပျံဝင်ရောက်ကျော်လွှား ပြကြသည်များကို
မြင်တွေ့ကြရသော ကမ္ဘာလှည့်ခရီးသွားများမှာ အံ့သြဖွယ်ရာဖြစ်နေသောကြောင့်
“Cats Jumping Monastry” ဟူ၍ပင် ကမ္ဘာတွင် နာမည်ကျော်ကြားလျက်ရှိပါသည်။

…ရှေးခေတ်မြန်မာစာဆိုတော် ဦးပုညသည် သူ၏မေတ္တာစာတွင် အင်းလေးကန်ကို
တာဝတိံသာနတ်ပြည်ရှိ နန္ဒာကန်နှင့်တူကြောင်း နှိုင်းယှဉ်ရေးသားထားခဲ့ပါသည်။
ကမ္ဘာလှည့်ခရီးသည်များကမူ ဒေသစာရီဘုရားပွဲ ကျင်းပရာ အင်းလေးကန်ကို
ဥရောပရှိ အီတလီနိုင်ငံတွင် ရေမြုပ်နေသောမြို့ကြီးနှင့်တင်စားကာ “ Veneice Of The East ” ဟူ၍ ဂုဏ်ယူဝင့်ကြွားစွာ အမည်ပေးထားကြပါသည်။ သို့ဖြစ်၍ နှစ်စဉ်ဘုရားပွဲတော်နှင့်စည်ကားလှသည့် အင်းလေးဖောင်တော်ဦးနှင့် အလိုတော်ပေါက်ဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်များကိန်းဝပ် စံပယ်တော်မူရာ သတင်းမွှေးသည့် မြန်မာ့ဂုဏ်ဆောင် ရွှေအင်းလေးကန်ကြီးအား ဘယ်သောအခါမှ မတိမ်ကောဘဲ မြန်မာတည်သ၍ တည်တန့်နေစေရန် ၀ိုင်းဝန်းထိန်းသိမ်းကြရမည်ဖြစ်ပါသည်။
…ကမ္ဘာသစ်သူငယ်ချင်းများအားလုံးအားလည်း အင်းလေးဖောင်တော်ဦး ဒေသစာရီဘုရားပွဲသို့ ဘုရားဖူး သွားရောက်နိုင်ကြစေရန်နှင့် ဒေသခံတိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများ၏ ချစ်စရာကောင်းလှသော
ရိုးရာဓလေ့ထုံးစံများကို သိရှိနိုင်ကြပါစေကြောင်း စေတနာဖြင့် မျှဝေပေးလိုက်ပါသည်။

…ဦးတင်သန်းယုနှင့် ဦးသောင်းညွန့်သစ်တို့၏ ဆောင်းပါးများအား မှီငြမ်း၍ ရေးသားပြုစုပါသည်။

…သူငယ်ချင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ…

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>