2 3 4 5 6 7 8 9 10
Monday, August 13, 2012
A to Z အကြောင်း သိကောင်းစရာ အဖြာဖြာ (၁)
          ခန္ဓာကိုယ် ကြီးထွားရန်နှင့် ကျန်းမာမှုကို ထိန်းသိမ်းထားရန် အနည်းငယ်မျှ လိုအပ်သော  အော်ဂန်းနစ်  ဒြပ်ပေါင်း စု ဟာ ဗီတာမင်ဖြစ်ပါတယ် လို့ ပညာရှင်များက အဓိပ္ပါယ် သတ်မှတ် ထားပါတယ်။ ဗီတာမင်များရဲ့ သမိုင်းဟာ လွန်ခဲ့သော နှစ်ပေါင်း ရာဂဏန်းလောက်ကတည်းက စတင်ခဲ့ပါ တယ်။ အချို့သော ရောဂါတွေဟာ အစားအသောက်အမူအကျင့်နဲ့ သက်ဆိုင်ဖြစ်ပွါးတယ်ဆိုတာကို
တွေ့ရှိပြီး တဲ့နောက် မှာ ဗီတာမင်များဟာ ကျန်းမာရေးအတွက် အရေးကြီးတဲ့တစ်နေရာကနေ ပါဝင် လာခဲ့ ပါတယ်။
    ဗီတာမင်ရဲ့ အခြေခံကျတဲ့ စကားလုံးကို စတင်ရှာဖွေခဲ့သူက ပိုလန်နိုင်ငံသား Casimir Funk ဖြစ်ပါတယ်။  ကနဦးပိုင်းမှာတော့ vitamin လို့ မခေါ်ဆိုသေးပါဘူး။ မူရင်းစကားလုံးက vital amine ဖြစ်ပါတယ်။ vital ဆိုတာ က ခန္ဓာကိုယ် အသက်ရှင်ရန်အတွက် အလွန်တရာမှ အရေးကြီးသောလို့  အဓိပ္ပါယ်ရပြီး amines ဆိုတာ ကတော့ နိုက်ထြိုဂျင်ပါဝင်တဲ့ ဒြပ်ပေါင်းကို ခေါ်ဆိုတာဖြစ်ပါတယ်။ နောက်ပိုင်း တွင်တော့  ဗီတာမင် အားလုံး ဟာ amines အုပ်စု မဟုတ်ဘူးဆိုတာ သုတေသီများက တွေ့ရှိခဲ့တဲ့အတွက် vitalamine တွင် “e” ကိုဖြုတ်ပြီး vitamin လို့ ယနေ့ ထက်တိုင် ခေါ်ဝေါ်သမုတ်ခဲ့ကြပါတယ်။
ဗီတာမင်ဟာ အော်ဂန်းနစ် ဒြပ်ပေါင်းတစ်မျိုးပါ။ အော်ဂန်းနစ်ဆိုတာကတော့ ကာဘွန်ပါဝင်ဖွဲ့စည်းထားတဲ့  အရာဖြစ်ပါတယ်။  ဗီတာမင်မှာ ပါဝင်တဲ့ ကာဘွန်ဟာ အပူပေးလိုက်တဲ့အခါ ဓါတ်တိုးပျက်စီးပြီး ဗီတာမင် အာနိသင် လျော့ပါးပျောက်ဆုံးသွားနိုင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်(mierals) မတူတဲ့ အချက်က သတ္တု ဓါတ်တွေ ကတော့ အပူပေးလိုက်ပေမယ့် ပျက်ဆီးသွားခြင်း မ၇ှိပါဘူး။ ဒါကြောင့်မို့ ဗီတာမင် ပါဝင်တဲ့  အစားအစာတွေကို အပူရှိန်ပြင်းပြင်းနဲ့ မချက်ပြုတ်ဖို့  ပညာရှင်တွေက ပြောကြားထားခြင်းဖြစ်ပါတယ်။
     ယနေ့ခေတ်မှာ ဗီတာမင် အရေအတွက်ပေါင်း ၁၃ မျိုးတွေ့ရှိပြီး ဖြစ်ပါတယ်။ သတ္တုဓါတ်များကတော့ အကြမ်းအားဖြင့် ၁၂မျိုးခန့် (သို့မဟုတ် ထို့ထက်ပို၍) ရှိပါတယ်။ ဗီတာမင်များကို အက္ခရာ အစဉ်လိုက် အတိုင်း အေ၊ဘီ၊စီ၊ဒီ၊အီး၊ကေ ဆိုပြီး အမည်ပေးထားကြပါတယ်။ အေ၊ ဒီ၊ အီး၊ ကေ ဗီတာမင်များက အဆီ မှာ ပျော်ဝင်တဲ့ ဗီတာမင်တွေ ဖြစ်ပြီး စီနဲ့ ဘီအုပ်စုကတော့ ရေမှာပျော်ဝင်တဲ့ အုပ်စုဖြစ်ပါတယ်။ အချို့ ဗီတာမင်များဟာ ဟော်မုန်းကဲ့သို့လည်းကောင်း၊ အချို့မှာ အင်ဇိုင်းများကို ကူညီသည့် အကူ အင်ဇိုင်း အသွင် အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ပေးလျက်ရှိပါတယ်။
၁။ဗီတာမင်အေ ဗီတာမင်အေဟာ ကျောရိုးရှိသတ္တ၀ါတိုင်းအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်တစ်မျိုး
ဖြစ်ပါတယ်။ အမြင်အာရုံအားကောင်းဖို့၊ မျိုးပွါးခြင်းတာဝန်ထမ်းဆောင်နိုင်ဖို့၊ သန္ဓေသားဖွံ့ဖြိုးမှု၊ ဆဲလ်နှင့် တစ်ရှုးများ အဆင့်ဆင့် အသွင်ပြောင်းလဲမှုနှင့် လူ့ကိုယ်ခံအားစနစ်ကောင်းမွန်မှုအတွက် ဗီတာမင်အေကို လိုအပ်ပါတယ်။ ၁၉၀၀ ခုနှစ်အစောပိုင်းတွင် Mccollum နှင့် ပူးတွဲလုပ်ဆောင်သူပညာရှင် တစ်စုက ဗီတာမင်အေ ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အီဂျစ်နိုင်ငံမှာတော့ ဒီထက်ပိုရှေးကျစဉ်ကတည်းက ကြက်မျက်သင့်ရောဂါကို ဗီတာမင်အေ ကြွယ်ဝတဲ့ နွားအသည်းများကျွေးပြီး ကုသခဲ့ကြပါတယ်လို့ ဆိုထား ပါသေး တယ်။ အစားအစာကနေ ရရှိတဲ့ ဗီတာမင်အေကို အုပ်စု ၂စုခွဲထားပါတယ်။
                 တိရစ္ဆာန်မှ ရရှိတဲ့ ဗီတာမင်အေ(retinol)နှင့် ဟင်းသီးဟင်းရွက်မှရရှိတဲ့ ကနဦးဗီတာမင်အေ 
သစ်သီးသစ်ဖုများတွင်တော့ ဗီတာမင်အေ မဖြစ်သေးခင်အဆင့်ရှိတဲ့ b-carotene, a-carotene တို့
ကြွယ်ဝစွာ ပါဝင်ပါတယ်။ beta-carotene ကို ကျွန်တော်တို့ ခန္ဓာကိုယ်က ချက်ချင်းအသုံးမပြုနိုင်သေးပါဘူး၊ အသုံးပြုလို့ ရနိုင်တဲ့ ဗီတာမင်အေ အဆင့်ကို လူ့အသည်းကနေ ပြောင်းလဲပေးပြီးမှ အသုံးပြုလို့ ရပါတယ်။ ဗီတာမင်အေဟာ ချက်ပြုတ်လိုက်ခြင်းကြောင့် အလွယ်တကူ ပျက်စီးနိုင်ခဲပါတယ်။
                  ကျွန်တော်တို့ ခန္ဓာကိုယ် အစာလမ်းကြောင်းဟာ စားသုံးလိုက်သော ဗီတာမင်အေများကို အသည်းဆီပို့ ဆောင်ပြီး ချက်ချင်းအသုံးပြုပါတယ်။ အကယ်၍ ပိုလျှံနေမယ်ဆိုရင်တော့ အသည်းထဲမှာပဲ ဗီတာမင်အေကို သိမ်းဆည်းထားပေးပြီး လိုအပ်တဲ့ အချိန်မှာ ပြန်လည် ထုတ်ပေးပါတယ်။ ဗီတာမင်အေ ၉၀% လောက်ကို ကျွန်တော်တို့ လူတွေရဲ့ အသည်းမှာ ၆လကနေ တစ်နှစ်ကြာအောင် သိမ်းဆည်း ထားပေးနိုင် ပါတယ်။
       ဗီတာမင်အေ ချို့တဲ့ပါက ကြက်မျက်သင့်ခြင်း၊ မျက်ကြည်လွှာ ခြောက်ကပ်ခြင်း၊ မျက်ကြည်လွှာတွင် အနာဖြစ်ခြင်း၊ ကလေးငယ်များတွင် မျက်စိကွယ်ခြင်း အစရှိတာတွေဖြစ်နိုင်ပါတယ်။ အရေပြား အပေါ်ယံလွှာပျက်စီးပြီး ကြက်ဆူးများ ပေါ်လာတတ်ပါတယ်။ တခါတရံ ၀က်ခြံများပါ ပေါက်လာပြီး အရေပြား အလှကို ပျက်ဆီးစေနိုင်ပါတယ်။ ဗီတာမင်အေချို့တဲ့ မှုကြောင့် အသက်ရှုလမ်းကြောင်း၊ ဆီးလမ်းကြောင်း အစရှိတာတွေမှာ epithelium လို့ခေါ်တဲ့ အပေါ်ယံ အရေပြားဆဲလ်အလွှာပျက်စီးခြင်းကြောင့် ရောဂါပိုးများ
အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် ဗီတာမင်အေကို (anti-infection vitamin) ရောဂါဆန့်ကျင် ဗီတာမင်ဟု တင်စားခေါ်ဆိုလေ့ရှိပါတယ်။
         သုတေသနပြုချက်တွေအရ ဗီတာမင်အေဟာ အမျိုးသမီးများတွင် ဖြစ်ပွါးလေ့ရှိတဲ့ သားအိမ်ခေါင်း ကင်ဆာ  ဖြစ်ပွါးနှုန်းကို လျှော့ချပေးပါတယ်။ အမေရိကန်အနောက်တောင်ပိုင်း Arizona ပြည်နယ်တွင်လည်း အရေပြား ကင်ဆာဖြစ်ဖို့ အလားအလာ ရှိတဲ့ လူပေါင်း နှစ်ထောင်ကျော်အနက် ဗီတာမင်အေ ဖြည့်စွက် စားသုံးစေတဲ့  လူတွေမှာ  ဗီတာမင်အေ မစားသုံးသူတွေထက် အရေပြားကင်ဆာဖြစ်ပွါးမှုကို နည်းပါးစေကြောင်း တွေ့ရှိရပါတယ်။
       ဒ့ါအပြင် ဘီတာကယ်ရိုတင်း ကြွယ်ဝတဲ့ အသီး အနှံတွေ စားသုံးခြင်းကြောင့် ရင်သားကင်ဆာ၊ ဆီးကျိတ် ကင်ဆာတွေ ဖြစ်ပေါ်မှု နည်းပါးသွားတာကိုလည်း တွေ့ရှိရပါသေးတယ်။
          ကမ္ဘာတ၀ှမ်းမှာ ပရိုတင်း ဓါတ် ချို့တဲ့မှုပြီးလျှင် ဗီတာမင်အေချို့တဲ့မှုဟာ ဒုတိယနေရာက လိုက်နေတဲ့ အာဟာရချို့တဲ့မှု ရောဂါပဲဖြစ်ပါတယ်။ ကျွမ်းကျင်သူပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ကမ္ဘာပေါ်မှာ လူတစ်သန်းမှ ငါးသန်းခန့်ဟာ ဗီတာမင်အေ ချို့တဲ့ရောဂါ ခံစားနေရတယ်လို့ ဆိုထားပါတယ်။ အများစုမှာ ကလေးငယ်များဖြစ်ပြီး ၎င်းတို့အထဲမှ နှစ်သိန်းကျော်ခန့်ဟာ မျက်စိကွယ်တဲ့  ဝေဒနာ ခံစားနေ ရ ပါတယ်။ စစ်တမ်းများအရ ဗီတာမင်အေချို့တဲ့မှုကြောင့် ကလေးငယ်များတွင် အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါများ နှင့် ၀မ်းပျက်ဝမ်းလျှောရောဂါများ ခံစားနေရပြီး ဗီတာမင်အေ လုံလုံလောက်လောက် ဖြည့် စွက် စားသုံးနိုင်တဲ့ ကလေးတွေမှာတော့ ၀က်သက်ရောဂါမှ တဆင့် ဖြစ်ပေါ် လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို တားဆီးပေးထားနိုင်ပါတယ်။
လူလတ်ပိုင်းအရွယ် တစ်ယောက်နေနဲ့ ဗီတာမင်အေ တနေ့ တာလိုအပ်ချက်မှာ 5000IU ဖြစ်ပါတယ်။ IU ဆိုတာကတော့ International unit ရဲ့ အတိုကောက်စာလုံးဖြစ်ပြီး အချို့သော ဗီတာမင်နှင့် ဆေးဝါးများရဲ့ ပမာဏကို တိုင်းတာရန် အတွက်အသုံးပြုပါတယ်။ ဗီတာမင်အေ ၁ ယူနစ်ဟာ retinol ၀.၃ မိုက်ခရိုဂရမ်၊ beta carotene ၀.၆ မိုက်ခရိုဂရမ်နဲ့ ညီမျှပါတယ်။
ဗီတာမင်အေဆေးဝါး များကို လိုအပ်သည့်ပမာဏထက်ပိုမိုပြီး ရေရှည်သုံးစွဲပါက အသဲ၊ အရိုးများကို ထိခိုက်စေမယ်၊ ဆံပင်ကျွတ်ခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းများဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်သည်များတွင် ဗီတာမင်အေ ကြွယ်သော အသည်းနှင့် နို့ ထွက်ပစ္စည်းများ အလွန်အအကျွံစားသုံးပါက အခန့်မသင့်ရင် သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်၊ ဒါပေမယ့် အသီးအရွက်မှ ရတဲ့ ကနဦး ဗီတာမင်အေ တဖြစ်လဲ ဘီတာကာရိုတင်း ကတော့ သန္ဓေသားကို မထိခိုက်စေနိုင်ပါဘူး။
၂။ဗီတာမင်ဒီ
                  ဗီတာမင်ဒီဟာ အရိုးပျော့ရောဂါ မဖြစ်ပွါးစေရန် တားဆီးပေးသော ဗီတာမင်ဖြစ်ပါတယ်။ ကလေးငယ်များတွင်  rickets ဟုခေါ်သည့် အရိုးပျော့ရောဂါဖြစ်ပွါးမှုကို ၁၆၄၅ ခုနှစ်ကတည်းက စတင်တွေ့ ရှိ ရေးသားခဲ့ပါတယ်။ စက်မှုတော်လှန်ရေးခေတ်ကာလ တွင် မြောက်ဥရောပ၊ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံ ရှိ လေထုညစ်ညမ်းပြီး နေရောင်ခြည်နည်းပါးသော မြို့ပြဒေသများတွင် အရိုးပျော့ရောဂါ  ဟာ ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် နေရာယူလာခဲ့ပါတယ်။ ဗီတာမင်ဒီကို မတွေ့ရှိခင်ကတော့ ဒီအရိုးပျော့ရောဂါဟာ မျိုးရိုးကြောင့်ဖြစ်သလော၊ ကာလသား ပိုးရောဂါကြောင့် ဖြစ်သလော စသည်ဖြင့် သို့လောသို့လော တွေးခဲ့ကြပါတယ်။
                 ၁၈၈၆ ကနေ ၁၈၉၀ ခုနှစ်ကာလအတွင်းမှာတော့ အရိုးပျော့ရောဂါဟာ ကိုယ်ခန္ဓာ ကို နေရောင်ခြည် ထိတွေ့တာ နည်းပါးမှုနှင့် ဆက်စပ်နေတယ်ဆိုတာကို တွေ့ရှိလာကြပါတယ်။ ၁၉၁၉ ခုနှစ်တွင် အရိုးပျော့ရောဂါကို ကုသဖို့ နေရောင်ခြည်နှင့် ထိတွေ့ရန် လိုအပ်ကြောင်းကို ထုတ်ဖော်ရေး သားခဲ့ကြပါတယ်။ ယင်းနှစ်အတွင်းမှာပဲ ဗြိတိန်ဆရာဝန် Edward Mellanby ဆိုသူက ခွေးငယ်လေးများတွင် ငါးကြီးဆီကျွေးပါက အရိုးပျော့ရောဂါကို ကာကွယ်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ငါးကြီးဆီမှာ
ဗီတာမင်အေ ပါဝင်တာမို့ ဗီတာမင်အေက အရိုးပျော့ရောဂါအတွက် ကာကွယ်ကုသနိုင်တယ်လို့ ထိုစဉ်ကာလက ယူဆခဲ့ပါတယ်။ ၁၉၂၂ ရောက်ခါမှ ဗီတာမင်အေကြောင့်မဟုတ်၊ အခြားဗီတာမင် တစ်ခုကသာ အရိုးပျော့ခြင်း မဖြစ်စေအောင် ကာကွယ်နိုင်တယ်ဆိုတာ သိရှိခဲ့ကြပါတယ်။ လေးခုမြောက် ဗီတာမင်ဖြစ်တဲ့အတွက် အင်္ဂလိပ်အက္ခရာ အစဉ်လိုက်အတိုင်း ဗီတာမင်ဒီဟု အမည်ပေးခဲ့ကြပါတော့တယ်။ ဗီတာမင်ဒီဟာ အခြားဗီတာမင်များကဲ့သို့ အစားအာဟာရတွင် ပါဝင်ရုံသာမက နေရောင်ခြည် အကူအညီဖြင့် ကျွန်တော်တို့ ခန္ဓာကိုယ်က ဖွဲ့စည်းနိုင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်ဒီဟာ အစာလမ်းကြောင်းမှာ ကယ်လ်စီယမ်စုပ်ယူမှုကို အားပေးပါတယ်။
အရိုးဖွဲ့စည်းတည်ဆောက် သန်မာစေရန် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဗီတာမင်ဒီ ထုတ်ယူအသုံးပြုဖို့ အတွက် ကျွန်တော်တို့ လူတွေရဲ့ အရေပြား၊ အသည်း၊ ကျောက်ကပ်တွေက အဓိကကျ တာဝန်ယူထားပါတယ်။
လူကြီးအရွယ်ပိုင်းတွင် ဗီတာမင်ဒီ ချို့တဲ့မှုဟာ ရှားပါးသော်လည်း အဆီကိုမစုပ်နိုင်သော ရောဂါများရှိပါက ဗီတာမင်ဒီချို့တဲ့ပြီး အရိုးပျော့တာ၊ အရိုးပွတာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကလေးငယ်များတွင်တော့ ဗီတာမင်ဒီဓါတ် လျော့နည်းမယ်ဆိုရင် အရိုးပျော့လာပြီး ဒူးခေါင်းဟာ ခန္ဓာကိုယ် အလေးချိန်ကို ကောင်းစွာ မထိန်းနိုင်တော့ဘဲ ရာသက်ပန်လုံး လေးကိုင်းပုံစံ ဒူးခွင်ခွင်လေး ဖြစ်စေတတ်ပါတယ် ။ ဒါကို  bowed legs လို့ ခေါ်ပါတယ်။ ဒါကြောင့် ကလေးငယ်များမှာ ဗီတာမင်ဒီ မချို့တဲ့စေဖို့ အထူးသတိပြုသင့်လှပါတယ်။
ဗီတာမင်ဒီကြွယ်ဝတဲ့ အဓိကအစားအစာတွေက နွားနို့နှင့် နို့ ထွက်ပစ္စည်းများ၊ ကြက်ဥနှစ်၊ ထောပတ်၊ အသည်း အစရှိတာတွေ ဖြစ်ပါတယ်။ နွားနို့ တစ်ဖန်ခွက်သောက်ရင် ဗီတာမင်ဒီ 100 IU ခန့်ရနိုင်ပါတယ်။
 နုနယ်တဲ့ မနက်ခင်း နေရောင်ခြည်ကို တစ်ကြိမ်လျှင် ၁၀ မိနစ်မှ ၁၅မိနစ်ခန့်ဖြင့် တပတ်လျှင် သုံးကြိမ်ခန့် ထိတွေ့ခံယူသင့်ပါတယ်။ ဗီတာမင်ဒီ တစ်နေ့တာလိုအပ်ချက်ကတော့ ၄၀၀ IU ဖြစ်ပါတယ်။ ဗီတာမင်ဒီ တစ်ယူနစ်ဟာ ၀.၀၂၅ မိုက်ခရိုဂရမ်နှင့် ညီမျှပါတယ်။ အသက် ၅၀ ကျော်လာပြီဆိုရင်တော့ တစ်နေ့တာ ဗီတာမင်ဒီ လိုအပ်မှုပမာဏဟာ ပိုပြီး များပြားလာပါတယ်။ ဒါကြောင့် အရိုးအဆစ်မြစ်များ ကျန်းမာ သန်စွမ်းစေ ရန် ဗီတာမင်ဒီ ပြည့်ဝတဲ့ အစားအစာတွေကို ပိုမိုစားသုံးပေးဖို့ လိုအပ်လာပါပြီ။   
                   သုတေသနပြုချက်များအရ ဗီတာမင်ဒီဟာလည်း ဆီးချိုရောဂါမဖြစ်ပွါးအောင် တားဆီးနိုင်တယ် ဆိုတာကိုလည်း ဆက်စပ်တွေ့ရှိထားပါတယ်။ ဗီတာမင်ဒီဟာ ပုံမှန်အင်ဆူလင်ထုတ်ယူမှုအတွက် အရေးကြီး တဲ့ အခန်းက ပါဝင်ပါတယ်။ ဗီတာမင်ဒီဓါတ်လျော့နည်းမယ်ဆိုရင် အင်ဆူလင်ထုတ်လုပ်မှု ကမောက် ကမဖြစ်ပြီး ဆီးချိုဖြစ်ဖို့ အလားအလာရှိတယ်လို့လည်း ဆိုထားကြပါတယ်။
Dr.Aung
No comments:
Recent Posts
လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ
Popular Posts
မြန်မာ့မြေ
erer-outer'>