ဒီဇင်ဘာရေ….
အဖြူရောင် မှုတ်ဆေးဗူးတွေ
သွားဝယ်နေချိန်မှာ မင်းရောက်လာခဲ့တယ်နော်..
ဒီဇင်ဘာရေ…..
ဒီလနောက်ဆုံးပတ်ဆိုရင်ပဲ မင်းကပြန်တော့မယ်…
ကိုယ့်ရင် ဘယ်ဘက်ခန်းထဲက
ကလေးလေးတယောက်ကို ဆက်ဆက်ခေါ်သွားပေးပါနော်…
ဒီဇင်ဘာရေ…..
အခုချိန်ဆိုရင်
သူ….အဖြူဆွတ်ဆွတ်ခဲတံတစ်ချောင်းနဲ့ အလုပ်ရှုပ်နေရောပေါ့…
ဟုတ်တယ်… အခန်းနံရံဆိုတာ အဖြုရောင်ဖြစ်ဖို့လိုတယ်လေ….
ဒီဇင်ဘာရေ…..
ကိုယ့်လက်ဆောင်ထုပ်လေး သူယူသွားဖို့ သတိပေးလိုက်ပါနော်….
‘အရာအားလုံး အဆင်ပြေရဲ့လား’ တွေ
စုသိမ်းထားပြီး သူလိုရင် ထုတ်သုံးနိုင်အောင်ပါ…..
ဒီဇင်ဘာရေ……
ကျေးဇူးတင်ပါတယ်….
ရောင်စုံခဲတံတွေကိုင်ပြီး မင်းနောက်က လိုက်သွားရင်တောင်
ကိုယ့်ကို လက်ပြနှုတ်ဆက်မယ်မထင်ဘူး...
သူက အရောင်ခြယ်ဖို့ပဲ စိတ်ဝင်စားတာလေ..
'ထောင်း' ခနဲမပြတ်သေးတဲ့ ကြိုးသေးသေးလေးတော့ သူယူသွားမှာပါ.....ချည်တိုင်တွေဆိုတာ ထပ်ရှိနိုင်သေးတာပဲလေ…
ဒီဇင်ဘာရေ….
ဇန်န၀ါရီရောက်လာခဲ့ရင် အရင်လို ကိုယ်မငိုတော့ဘူး….
အရင်လို နေ့နေ့ညည လေလိုင်းဆက်သွယ်မှုတွေ မမျှော်နေတော့ဘူး….
အရင်လို ပေတေပြီး စာတိုလေးတွေ စောင့်မနေတော့ဘူး….
ဇန်န၀ါရီအတွက် ကိုယ်ပြင်ဆင်ရဦးမယ်ကွာ…
ဒီဇင်ဘာရေ......
မင်းမြန်မြန်ပြန်တော့ကွယ်……။
Cho Mon Than
Posted by Cho Mon Than on December 17, 2011
No comments:
Post a Comment