2 3 4 5 6 7 8 9 10

Thursday, August 16, 2012

သတိမှားရင် ပိပြားသွားမယ် ( အရှင်ဆန္ဒာဓိက )

     
      သတိရခြင်းက နှစ်မျိုးရှိပါတယ်။ ကိလေသာနဲ့ သတိရခြင်းနဲ့ ဘာဝနာနဲ့ သတိရခြင်း ဆိုပြီးတော့ပေါ့။
      ကိလေသာနဲ့ သတိရခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သတိရခြင်းတွေအများကြီးရှိပါတယ်။ တဏှာနဲ့ သတိရခြင်းရှိမယ်၊ ဒေါသနဲ့ သတိရခြင်းရှိမယ်၊ လောဘနဲ့သတိရခြင်းရှိမယ်၊ မာနနဲ့သတိရခြင်းရှိမယ်၊ ဣဿာနဲ့ သတိရခြင်းရှိမယ်၊ မစ္ဆရိယနဲ့ သတိရခြင်းရှိမယ်…စသည်အားဖြင့် ကိလေသာ အမျိုးအစား ရှိသလောက် သတိရခြင်း အမျိုးအစားတွေလည်း အများကြီးပါပဲ။


       လူတစ်ယောက်ကို သတိရတယ်။ အဲဒီလူအပေါ်မှာ သာယာနှစ်သက် တပ်မက်တဲ့စိတ်ဖြစ်နေတယ်။ အဲဒါဆိုရင် တဏှာနဲ့ သတိရခြင်းပေါ့။ သူနဲ့ ပျော်ခဲ့ပါးခဲ့ ကြည်နှူးခဲ့တာလေးတွေကို ပြန်တွေးပြီးတော့ သတိရနေတယ်ဆိုရင်လည်း တဏှာနဲ့ သတိရခြင်း။
       သူနဲ့ဘယ်တော့ တွေ့ရမယ်၊ ဘယ်သွားမယ်၊ ဘာလုပ်မယ်၊ ဘာပြောမယ်။ သာယာ စရာလေးတွေ တွေး ပြီးတော့ သတိရတယ်ဆိုရင် တဏှာနဲ့ သတိရခြင်း။
       လူတစ်ယောက်ကို သတိရတယ်။ သူ့အပြစ်တွေ တွေးပြီးတော့ မကျေမနပ်ဖြစ်နေတယ်။ နာကြည်း မုန်းတီးတဲ့စိတ်တွေဖြစ်နေတယ်။ ဒါဆိုရင် ဒေါသနဲ့ သတိရခြင်း။
       လူတစ်ယောက်ကို သတိရတယ်။ သူနဲ့ကိုယ်နဲ့ ပြိုင်ပြီးတော့ စဉ်းစားနေတယ်။ ငါသူ့ထက်သာရမယ်၊ သူက ဘာမို့လို့လဲ။ သူနဲ့ငါနဲ့ တန်းတူတယ်။ ဒီလိုအတွေးတွေ တွေးနေမယ်ဆိုရင် မာနနဲ့ သတိရခြင်း။
       ကိုယ့်ပြိုင်ဘက်ကို သတိရပြီးတော့ ကိုယ့်ပြိုင်ဘက် ကြီးပွားချမ်းသာတာကို မခံစားနိုင်တဲ့စိတ်၊ မနာလိုတဲ့စိတ်နဲ့ သတိရတယ် ဣဿနဲ့ သတိရခြင်း။
        လူတစ်ယောက်ကို သတိရတယ်၊ သူ့ကိုငါက ဘာလို့ပေးရမှာလဲ၊ သူ့ကိုငါဘာမှ ပေးစရာမလိုဘူး၊ ငါ့လိုသူ မကြီးပွားစေရဘူး၊ ငါ့ကို မအောင်မြင်စေရဘူး၊ ဒါဆိုရင် မစ္ဆရိယနဲ့ သတိရခြင်း။
…….စသည်အားဖြင့် ပုဂ္ဂိုလ်ရဲ့ စရိုက် လက္ခဏာပေါ် မူတည်ပြီးတော့ သတိရခြင်းအမျိုးမျိုး ရှိနိုင် ပါတယ်။ ကိလေသာ အမျိုးမျိုး တစ်မျိုးမဟုတ် တစ်မျိုးနဲ့ သတိရနေနိုင်တာပေါ့။
         ဘာဝနာနဲ့ သတိရခြင်းဆိုတဲ့နေရာမှာလည်း ကိုယ် သတိရတဲ့ ပုဂ္ဂိုလ်ကို ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အစစ အရာရာ အဆင်ပြေပါစေ၊ ထာဝရအေးချမ်းပါစေ….စသည်အားဖြင့် မေတ္တာပို့လိုက်မယ်ဆိုရင် မေတ္တာနဲ့ သတိရခြင်းပါပဲ။
         လူတစ်ယောက်ကို သတိရတဲ့အခါ သူ့အပေါ်ကူညီခဲ့တာတွေ၊ သူ့ကို လှူခဲ့တန်းခဲ့၊ ပေးခဲ့ကမ်းခဲ့၊ စွန့်ခဲ့ကြဲခဲ့ တာလေးတွေ ကို ပြန်သတိ ရတယ် ဆိုရင်တော့ စာဂါနုဿတိနဲ့ သတိရခြင်း။ တစ်နည်းပြော ရင်တော့ ဒါနနဲ့ သတိရခြင်းပေါ့။
          ဘုရားကို သတိရလို့ ဂုဏ်တော်ပွားလိုက်တယ်ဆိုရင် ဗုဒ္ဓနုဿတိနဲ့ သတိရခြင်း။
          သံဃာကို အာရုံပုံရိပ်ထင်လာလို့ သံဃာ့ဂုဏ်ပွားလိုက်တယ်ဆိုရင် သံဃာနုဿတိနဲ့ သတိရခြင်း စသည်အားဖြင့် ဘာဝနာနဲ့ သတိရခြင်းကလည်း အများကြီးပါပဲ။
          လိုရင်းကတော့ ကိလေသာနဲ့ သတိရခြင်းရယ်၊ ဘာဝနာနဲ့ သတိရခြင်းရယ်……သတိရခြင်းနှစ်မျိုး ရှိပါတယ်။ အဲဒီနှစ်မျိုးထဲက ကိလေသာနဲ့ သတိရခြင်းမှာ ခေါင်းဆောင်က တဏှာမို့လို့ ကျန်တာတွေ ကို ခေါင်းစဉ်မတပ်တော့ပဲ တဏှာနဲ့ သတိရခြင်းလို့ပဲ အတိအကျခေါင်းစဉ် တပ်လိုက်ကြရအောင်။




          ဘာဝနာနဲ့ သတိရခြင်းလည်းပဲ လူပုဂ္ဂိုလ်နဲ့ ပက်သက်ပြီး သတိရတဲ့အခါမှာ မေတ္တာကသာ အဓိက ဖြစ်လေ့ရှိတာမို့လို့ မေတ္တာနဲ့ သတိရခြင်းလို့ပဲ အတိအကျ ခေါင်းစဉ်တပ်လိုက်ကြရအောင်။ ဒါဆိုရင် မေတ္တာနဲ့ သတိရခြင်း၊ တဏှာနဲ့ သတိရခြင်းဆိုပြီးတော့ သတိရခြင်းနှစ်မျိုး ဖြစ်သွားတာပေါ့။
          မကောင်းတဲ့ သတိရခြင်းမှာ ဒေါသ၊မာန၊ ဣဿ၊မစ္ဆရိယတွေဖြစ်ပြီး သတိရတာလည်းရှိတော့ရှိတယ်။
ကောင်းတဲ့သတိရခြင်းမှာ ဗုဒ္ဓနုဿတိ၊ သံဃာနုဿတိ၊ စာဂါနုဿတိတွေဖြစ်ပြီး သတိရတာလည်း ရှိတော့ ရှိတယ်။ ဒါပေမယ့် များသောအားဖြင့် သတိရတယ်၊ သတိရတယ် ဆိုရင် တဏှာနဲ့ သတိရတာ ရယ် ၊ မေတ္တာနဲ့ သတိရတာရယ်၊ ဒီနှစ်မျိုးက အဓိက ပါပဲ။
          တဏှာနဲ့ သတိရတယ်ဆိုတာကတော့ ပုဂ္ဂိုလ်တစ်ယောက်ကို သတိရလိုက်ပြီဆိုတာနဲ့ သူနဲ့ပျော်ခဲ့ ပါးခဲ့ ကြည်နှူးခဲ့တာတွေ၊ ပြောခဲ့ဆိုခဲ့ ရယ်မောခဲ့တာတွေ၊ သာယာမှု ခံစားခဲ့ရတာတွေ၊ ကြည်နှူးချမ်းမြေ့ခဲ့ရ တာတွေ ပြန်သတိရတယ်။ ဒါက အတိတ်ကို ပြန်သတိရတာပါ။
          အနာဂတ်အနေနဲ့ သူနဲ့ တွေ့လို့ရှိရင် ဘယ်သွားမယ်၊ ဘယ်လာမယ်၊ ဘာလုပ်မယ်၊ ဘာစားမယ် စသည် အားဖြင့် သတိရတယ်။ အဲဒါဆိုရင် တဏှာနဲ့ သတိရတာပါပဲ။ ဟိုးတုန်းက အတူတူ တွေ့ဆုံစဉ် တုန်း က ပြောခဲ့ဆိုခဲ့ တာတွေသတိရတယ်။ အခုလောလောဆယ်လည်း…….အခြေအနေမပေးလို့ ဝေးနေရပေမယ့် ချက်ချင်းကို တွေ့လိုက်ချင်တယ်။
          ‘တောင်ပံပါရင် မင်းဆီကို ’ ဆိုတဲ့အတိုင်း တောင်ပံလေးသာပါရင် ကိုယ်ချစ်တဲ့သူဆီ ပြေးပြီးတော့ကို သွားလိုက်ချင်တာ။ ကိုယ့်တောင်ပံပါမှ မဟုတ်ဘူး။ သူု့တောင်ပံပါရင်လည်း ကိုယ့်ဆီကို အပြေးလေး လာ ခဲ့စေ ချင်တယ်။ အခုချက်ချင်းကိုပဲ ကိုယ်ချစ်တဲ့သူနဲ့ တွေ့ချင်လောက်အောင်ကို သတိရနေတာမျိုး မရှိဘူး လား။ ရှိတယ်နော်။
          စွဲလမ်းမှုပြင်းထန်ရင် ပြင်းထန်သလောက်၊ သံယောဇဉ်ကြီးရင် ကြီးသလောက်၊ ကိုယ်ချစ်တဲ့သူနဲ့ အချိန်တိုင်းကို တွေ့ချင်နေတာ။ ကိုယ်သတိရလိုက်တဲ့အချိန်မှာ ကိုယ်ချစ်တဲ့သူနဲ့က ဝေးနေ ၊ တွေ့ခွင့် ကလည်း မကြုံတော့ ဝမ်းနည်းတဲ့စိတ်ပါ တွဲပြီးတော့ မဖြစ်ဘူးလား။
          အဲဒါ တဏှာနဲ့ သတိရနေတာကနေ ဒေါသပါ တွဲပါလာတော့တာ။ ဝုန်းဒိုင်းကျဲ ပေါက်ကွဲ တဲ့ .. ဒေါသတော့ မဟုတ်ဘူး။ စိတ်ညစ်တဲ့ ဒေါသလို့ခေါ်တဲ့ အပျော့စားဒေါသပေါ့။ စိတ်ဆင်းရဲနေတယ်၊ ဝမ်းနည်း နေတယ်၊ ကြေကွဲနေတယ်၊ လွမ်းဆွတ်နေတယ်။ ဒါတွေဟာ ဒေါသပါပဲ။ ‘ကိုယ့်ကြေကွဲနေပြီ’ ဆိုတာရော မရှိဘူးလား။
          အဲဒီလိုအားဖြင့်ပေါ့လေ။ ကိုယ်ချစ်တဲ့သူကို သတိရတယ်။ ချစ်တဲ့ အခြင်းအရာအားဖြင့် သတိရတယ်။ လွမ်းတဲ့အခြင်းအရာ အားဖြင့် သတိရတယ်။ ချစ်တာက တဏှာ၊ လွမ်းတာက ဒေါသ။ ချစ်တဏှာနောက်မှာ လွမ်းဒေါသက ကပ်ပါလာတော့တာပါပဲ။
          ချစ်တဏှာနဲ့ သတိရတော့ တဏှာရဲ့ ထောင်းထုမှုဒဏ်ကြောင့် ကိုယ့်စိတ် ပိပြားကြေမွသွားတယ်။ လွမ်းဒေါသနဲ့ သတိရတော့ ဒေါသရဲ့ ထောင်းထုမှုဒဏ်ကြောင့် ကိုယ့်စိတ် ပိပြားကြေမွသွားတယ်။ ‘သတိမှား ရင် ပိပြားသွားမယ်’လို့ပဲ ပြောရမှာပေါ့။ ကိလေသာနဲ့ သတိရနေတာဟာ ကိုယ့်စိတ် ပိပြား ကြေမွနေတာပါပဲ။
မေတ္တာနဲ့သာ၊ အေးချမ်းစွာ၊ စိတ်မှာသတိရ။
ဘယ်လောက်ဝေးဝေး၊ နီးနီးလေး၊ မှိုင်ငေးမနေရ။

အရှင်ဆန္ဒာဓိက(ဘယ်လောက်ဝေးဝေး နီးနီးလေး)


Posted by Cho Mon Than on June 9, 2012

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>