2 3 4 5 6 7 8 9 10

Tuesday, August 14, 2012

ဘာသီးကြီးကို ဘာဓားနဲ့ ခွဲကြမယ် ( မောင်သာချို )

 
                မြောက်ပြန်လေညင်းကလေးတို့က ဆော်သွင်းလျက်ရှိချေသည့် ဟေမာန်ဆောင်း၏ တစ်ခုသော ညနေရီရီဝယ် ကျွန်ုပ် ဆရာကြီးဂျက် ကွမ်းခြံကုန်းသည် စာပေမိတ်ဆွေကလေး နှစ်ဦးနှင့်အတူ စကား စမြည်ပြောလျက်ရှိချေသည်။ နေရာကား မဟာရန်ကုန်၏ အနုသုခုမစင်တာ မဟာလေထန်ကုန်း ၌ပေတည်း။
                ကမ္ဘာ့စာပေ၊ မြန်မာစာပေ ဟိုမွှေသည်နှောက် ရောက်တတ်ရာရာ ပြောဆိုနေကြပြီးသည် ၏ နောက်ဆီတွင်ကား ကျွန်ုပ်၏ မိတ်ဆွေနှစ်ယောက်က အလုပ်တစ်ခုခုကို ဂျက်အား အပ်လာခဲ့ကြ ပါလေတော့သည်။ မကြာမီ သူတို့စတင်ထုတ်ဝေတော့မည့် ဂျာနယ်၌ အနုပညာသတင်းကလေးများကို ပင်တိုင်ရေးသားပေးရန် အကြောင်းပေတည်း။


                အမှန်အတိုင်းဝန်ခံရလျှင် ဦးစွာမဆွ ဂျက်က ငြင်းဆန်ခဲ့ပါသေးသည်။ ဂျက်၏အရွယ် မကြီး မငယ်ကြီးနှင့် ဟိုပြေးသည်ပြေး လူထုက သိလိုသည့် တိကျခိုင်မာသော သတင်းများကို ရေးဖို့ဆိုသည်မှာ လွယ်ကူသောကိစ္စရပ် မဟုတ်ပါပေ။ သို့သော် သူတို့တစ်တွေက အတင်းဇွတ်ဖြစ်နေပေတော့ရာ ကျွန်ုပ်မှာ ငြင်းမလွှတ်သာအောင် ဖြစ်လာခဲ့ရ ပါတော့၏။
                ရေးစမ်းပါ ဆရာကြီးရယ်။ ဖြစ်ပါတယ်။ သတင်းရေးတယ်ဆိုတာ သိမှမဟုတ်ပါဘူး။ မတိကျလည်း ဘာမှမဖြစ်ဘူး။ အခု စာဖတ်တဲ့လူတွေက မသိပါဘူးဆိုတဲ့ သတင်းကိုပဲ ဖတ်နေကြတာဗျ။ ကဲ .. ရော့.. ဒီမှာ ဂျာနယ်.. လေးငါးခြောက်စောင် ယူသွား။ သတင်းရေးပုံတွေ နမူနာဖတ်ကြည့်။ ဆရာကြီးဂျက် ရေးတတ်သွားလိမ့်မယ်။
                သို့နှင့် ကျွန်ုပ်သည် သူတို့ပေးလာသော ဂျာနယ်များကိုယူကာ သတင်းအရေးအသားများကို အတင်းအပြေးအလွှား ဖတ်ရှုကြည့်ခဲ့ရပြန်ချေသည်တစ်မုံ့။
                ထိုနေ့က ကျွန်ုပ်ဖတ်ရှုမိခဲ့ချေသော သတင်းတွေထဲမှ တိကျခိုင်မာလှပါသည်ဆိုသော သတင်း အချို့ကို ကောက်နုတ်ဖော်ပြ ပါအံ့။
                “မင်းသမီးချောတစ်ဦးသည် သူ၏ အမျိုးသားနှင့် ဆက်လက်ပေါင်းသင်းရန် စိတ်မပါတော့သည့် အတွက် တရားရုံးသို့ ကွာရှင်းခွင့်တောင်းခံလာပါသည်။ မည်သည့်အတွက်ကြောင့် မပေါင်းသင်း လိုတော့ကြောင်း မသိရပေ” … တဲ့။
                ယင်းကား ဂျက်ဖတ်မိသည့် သတင်းတစ်ပုဒ် ဖြစ်ပါ၏။ မင်းသမီးချော ဘယ်သူလဲ။ ဂျက်မသိ၊ သူ့အမျိုးသား ဘယ်သူလဲ။ ဂျက်မသိ။ ဘာကြောင့် ကွာရှင်းချင်တာလဲ ဂျက်မသိ။ အင်းလေ.. ရေးသူကိုယ်တိုင်ကလည်း မသိပါတဲ့..။ ကောင်းလေစွ ။
                “ရန်ကုန်မြို့တော်မှ အလှဖန်တီးရှင်တစ်ဦးသည် မင်းသမီးတစ်ဦးအား အောင်သွယ်ပေးခဲ့ရာ အဆင်ပြေသွားသည်ဆို၏။ အောင်သွယ်ပေးခ ဘယ်မျှရသွားသည်ကိုကား စိတ်ဝင်စားလျက် ရှိကြပါ၏” တဲ့..။
                လာပြန်ပြီလေ။ အလှဖန်တီးရှင်တစ်ဦးသတဲ့။ ဘယ်သူများပါလေလဲ။ မင်းသမီးတစ်ဦးတဲ့။ သူကလည်း ဘယ်သူပါလိမ့် ။ အောင်သွယ်ကြေးက ဘယ်ကလောက်တောင်များလေသလဲ မဆိုတတ်ချေ ဘူး။ သတင်းရေသားသူ ကိုယ်တိုင်ကလည်း မသိလို့ စိတ်ဝင်စားနေရှာသူ ပါတဲ့..။ သြော်.. သြော်..သူ့သတင်း ကို ဖတ်ပြီး အသိပညာတွေ လင်းပွင့်သွားခဲ့ရပါရဲ့.. ။
                “နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လသို့ ရောက်လေတိုင်း လက်ထပ်တော့မှာလား၊ လက်ထပ်တော့မှာလားဟု ပရိတ်သတ်က စိတ်ဝင်စားနေသော မင်းသားချော တစ်ယောက်သည် သည်နှစ် သီတင်းကျွတ်မှာလည်း လက်ထပ်မည်၊ မထပ်မည်ကို ခန့်မှန်းရ ခက်နေကြပါသည်”  တဲ့..။
                ဩော် .. ဟုတ်ပါရဲ့ ။ ခက်ရှာပေမပေါ့။ ဂျက်တို့မှာလည်း တစ်ခက်။ သတင်းရေးသူခမျာမှာလည်း တစ်ခက်။ အဲသည် ခန့်မှန်းရ ခက်တာကြီးကိုမှ သတင်းအဖြစ် ချရေးလိုက်တော့ ပိုလို့သာ ခက်သွားရပြန်ရော။
                “အမည်မဖော်လိုသော မင်းသားတစ်ဦးသည် ထိုမင်းသားကို အခြားမင်းသမီးတစ်ဦးကလည်း စိတ်ဝင်စားလျက် ရှိပါသည်။ တစ်နေ့တွင် အကျွမ်းဝင်နေသော မင်းသားနှင့် မင်းသမီးတို့ ခြံဝန်းတစ်ခုထဲ၌ ရုပ်ရှင်ရိုက်ရင်း ရှိနေကြစဉ် တစ်ဖက်ခြံထဲ၌ ရုပ်ရှင် လာရိုက်နေသော အခြားမင်းသမီးက မနာလို၍ မင်းသားအိမ်သို့ ဖုန်းဆက်အကြောင်းကြားလိုက်ရာ မင်းသား၏ဇနီးလိုက်လာပြီး ပြဿနာ ရှင်းကြကြောင်း သိရသည်”  တဲ့.. :O

                ကြည့်စမ်း။ တိကျလိုက်တဲ့သတင်း။ ပြတ်သားလိုက်တဲ့ သတင်း။ မင်းသား ဘယ်သူမှန်းမသိ။ မင်းသမီး ဘယ်သူမှန်းမသိ။ နောက် မင်းသမီးလည်း ဘယ်သူမှန်း မသိ။ မင်းသားမိန်းမလည်း ဘယ်သူမှန်းမသိ။ ဖတ်မိသူ အပေါင်းက တောင်ကြည့် မြောက်ကြည့် ။
                “လွန်ခဲ့သော ဆယ်စုနှစ်များဆီက တစ်နှစ်ကို စီးရီးတစ်ခွေလောက် ထွက်ခဲ့သော အဆိုကျော် သည် ယခုနှစ်ပိုင်းများ၌ အသံတိတ်၍ နေပေရာ နောက်ထပ်စီးရီး အသစ် ထွက်ရှိရန် အစီအစဉ် ရှိ မရှိ မပြောနိုင်ပေ” တဲ့..။
                ကောင်းပေစွ။ ဂျက်တို့ကလည်း မပြောနိုင်။ သတင်းရေးသူကလည်း မပြောနိုင်။ မပြောနိုင်သူတွေ အချင်းချင်း မှာ မောင်မင်းကြီးသား စာနယ်ဇင်းသမားများက ဆရာလုပ်၍ နေခဲ့ပြီ။
                ကျွန်ုပ်ကား သို့နှယ်ထို့နှယ် သတင်းအရေးအသားများကို အတင်းအပြေးအလွှား ဖတ်ပြီးသည့် သကာလ ဒါလေးများဟူသော အတွေးဖြင့် ရေးပေးရန် ဆုံးဖြတ်လိုက် မိပေသည်။
                ဟိုး ..တစ်ခါတုန်းဆီက ဂျက်တို့၏ ဆရာ့ဆရာ စာနယ်ဇင်းဆရာကြီးများက သတင်း တစ်ပုဒ် ဖော် ပြတော့မယ်ဟု ဆိုလျှင် ဘယ်သူက ဘယ်သူ့ကို ဘယ်အချိန်က ဘယ်နေရာမှာ ဘာလုပ်လိုက်တာ ဘယ်လို ဖြစ်သွားသည် ဆိုသည်ကို တိတိကျကျဖော်ပြရမည် ဟု လမ်းညွှန်းထားခဲ့ဖူးပါသည်။ ခုတော့သည်လိုမဟုတ်။ ဗာရာဏသီပြည်မှာ ဘာမင်းကြီး စိုးစံတုန်းက ဘာသီးကြီးမှန်းမသိ ရေထဲမျောလာလို့ ဘာဓားကြီးနဲ့ ခွဲလိုက် ရာ အထဲမှာ ဘာမှမရှိဟူသော ရွှတ်နောက်နောက်ပုံပြင်သို့နှယ်ပင် သတင်းအရေးအသား တွေက မရေ မရာနိုင် လှချေ၏။ ဒါမျိုးရေးပေးမည်ဆိုလျှင်ဖြင့် ဂျက်က၀ိမှာလည်း လက်ရှိပါသည်လေ။
                “စာရေးဆရာတစ်ယောက် အိမ်ထောင်ပြု မပြု မသေချာကြောင်း၊ အဆိုတော်ရင်ဂို ဘာစီးရီး လုပ်နေသည်ကို မသိကြောင်း၊ အဆိုတော်ဟယ်ရီလင်း အခန်းအောင်း နေသည်မှာ ဘာကြောင့်မှန်း မသိကြောင်း၊ မင်းသမီးတစ်ဦးသည် ကားတစ်ကားရိုက်နေရင်း မင်းသား တစ်ဦးကို စိတ်ကောက်ကာ ရိုက်ကွင်း မှ ပြန်သွားကြောင်း၊ မဂ္ဂဇင်းတစ်ခု ပေါ်မှ ၀တ္ထုတိုတစ်ပုဒ်သည် နာမည်ကျော် စာရေးဆရာမ အား ထိပါးထားရာ ပြန်လည် တုံ့ပြန်မည် မတုံ့ပြန်မည်ကို ပြောမရကြောင်း..”
                ကဲ .. ရှင်းသွား.. လင်းသွားတယ် မဟုတ်လား စာဖတ်သူ။
                တိကျပြီး သေချာရေရာတဲ့ သတင်းအရေးအသားတွေကပဲ အရပ်ကတို့ ရယ်..။
ဂျက် ( ကွမ်းခြံကုန်း )

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>