2 3 4 5 6 7 8 9 10

Thursday, August 16, 2012

သမိုင်းတစ်ခေတ် ဆန်းသစ်ပြီ

"ရွှေပြည်တော် ရောက်နိုးနိုးနဲ့ ..
တမိုးတော့ သောက်ပြန်ပြီ ..
ရှေ့ဆက်လို့ချီ ..
အရှေ့ဆီ၊ ရောင်နီက ပြေးပြေး ..
ပန်းတရုံ လွှမ်းပုံဆင့် ..
ပန်းပွင့်က မွှေးမွှေး …။" ( တင်မိုး )


     


     တစ်ခုသော ယုံကြည်ချက်ကြောင့် ချစ်သောခင်သော မိသားစု၊ မိတ်ဆွေများနှင့်ဝေးရာ နေရာတစ်ခုမှ သံတိုင်များအကြား၊အုတ်နံရံ များ ကြားမှ ပြင်ပကမ္ဘာသို့ တိတ်ဆိတ်စွာ ငေးမျှော်ကြည့်နေမည့် သူတွေ၊ စည်းမျဉ်း စည်းဘောင်များ၏ ကန့်သတ်မှု အောက်မှာ နှစ် ကာလ များစွာ ထိုသူတို့အတွက် ကြေကွဲ တမ်းတနေသည့် အမေအိုများနှင့် ထိုသူတို့အတွက် စာနာမှုများစွာဖြင့် စောင့်မျှော်တောင့်တခဲ့ ကြ သည့် မြန်မာပြည်သူ များ၏ ဆန္ဒတွေ ပြည့်ခဲ့ပါပြီ။ ကာယကံရှင်များနှင့်ထပ်တူ၊ မိသားစုဝင်များနှင့်ထပ်တူ ၀မ်းသာကြည်နူးမိပါ၏။
          ပြုပြင်ပြောင်းလဲခဲ့ပြီဖြစ်သော နိုင်ငံရေးစနစ်သစ်၏ လမ်းကြောင်းပေါ်တွင် ပြန်လည်ဆုံဆည်းခဲ့ကြ သည့် သည်မိသားစုများမှသည် မြန်မာပြည်အရပ်ရပ်ရှိ ပြည်သူများနှင့် အဝေးရောက်ရွှေမြန်မာတို့ ၏ ရင်ထဲအထိ  နွေးထွေးမှု ပျော်ရွှင်မှုတွေ ကူးလူးပျံ့နှံ့နေမည်မှာ မလွဲပါ။ “နိုင်ငံရေးအကျဉ်းသား” ဟူသည် ရာဇ၀တ်သား၊ ထောင်သားများ မဟုတ်ပါ။  “ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြ ရသည့် နိုင်ငံရေး သမားများ” ဆိုသည်မှာ မိမိအကျိုးကို နောက်မှာထား၍ သူတစ်ပါး အကျိုးစီးပွား၊ အများအကျိုး စီးပွား၊ နိုင်ငံ အကျိုး စီးပွားတို့အတွက် အမျိုးသားရေးစိတ်ကို ရှေ့တန်းတင်ပြီး အမှန်တရား အတွက် ယုံကြည်မှုအတွက် တိုက်ပွဲဝင်ခဲ့ကြ သူများပင် ဖြစ်ပါ၏။
              ကဗျာလေးတစ်ပုဒ် ဖတ်ခဲ့ဖူးသည်..။
" Patriotism"

"Breathes there the man, with soul so dead,
Who never to himself hath said,
This is my own, my native land ?
"ဒါ ငါ့ရဲ့  ကိုယ်ပိုင်တိုင်းပြည်၊ ငါ့ရဲ့ မွေးဖွားရာ တိုင်းပြည်လို့ မဟစ်အော်ဘူးတဲ့၊ မကြွေးကြော်ဘူးတဲ့
လူမျိုး၊ နှလုံးသားမရှိတဲ့လူမျိုး၊ နှလုံးသားကလည်း မခံစားတတ်တဲ့၊ နှလုံးသားသေနေတဲ့ လူမျိုး၊ ကိုယ့်တိုင်းပြည်မှန်း ကိုယ်မသိတဲ့ လူမျိုး
ဟာ သည် ကမ္ဘာမြေလောကမှာ ရှိသလား.." ။ တဲ့

           နိုင်ငံကို တိုးတက်ပြောင်းလဲလိုသူတို့  ကြိုးစားဖြတ်သန်းခဲ့ရသည့် ခေတ်စနစ်များစွာ ပုံရိပ်များစွာ စာဖတ်သူ အများ သိရှိပြီးဖြစ်၍ အကျယ်တ၀င့်မရေး တော့ပါ။ မျိုးချစ်စိတ် ရှိသူများ နားလည်ပါမည်။ ခံစား တတ်ပါမည်။ ကိုယ့်တိုင်းပြည်ရေးအတွက် မိမိကိုယ်ကို  စွန့်လွှတ်စွန့်စားလျက် အကျဉ်းကျခံ ဒုက္ခခံခဲ့ ကြ ရသော ၈၈ ကျောင်းသူကျောင်းသားဟောင်း များနှင့်မျိုးဆက်များ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရ သူများ အားလုံး ပြန်လည် လွတ်မြောက် လာခြင်းကို လှိုက်လဲဝမ်းသာစွာ ကြိုဆိုပါသည်။
            အရာရာသည် အကောင်းဘက်ကို ဦးတည်ပြောင်းလဲ၍နေပါပြီ။ ချစ်သော မြန်မာပြည်သူ ပြည်သား များနှင့် နိုင်ငံတော် အနေနှင့် လည်း ပြည်သူတို့၏ လိုလားချက်များအတိုင်း (ငြိမ်းချမ်းရေး ) အမျိုးသား ပြန်လည် စည်းလုံးရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းစဉ်များ ကို နိုင်ငံ၏ ရည်မှန်းချက် ( အမျိုးသားရေး ရည်မှန်းချက် ပန်းတိုင် ) ဒီမိုကရေစီပန်းတိုင်ခရီးကို  ရှေ့ဆက်အောင်မြင်စွာ လျှောက်လှမ်းနိုင် ပါစေကြောင်း ဆန္ဒပြုပါ၏။  
            မနက်ဖြန် မြန်မာပြည် ရောင်နီအသန်းမှာ သမိုင်းတစ်ခေတ် ဆန်းသစ်ပါပြီ။
          "..မြားဆိပ်များလည်း ပြေပါစေသတည်း ..
             ရွှေအိုးလည်း ထမ်းနိုင်ကြပါစေသတည်း ..
             မျက်ကန်းလည်း မြင်နိုင်ကြပါစေသတည်း …
             အားလုံး ရွှေပြည်တော်လည်း ၀င်နိုင်ကြပါစေသတည်း …။"

နန္ဒ ( ကမ္ဘာသစ် )
January 13, 2012  8:30  PM

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>