မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ သည်နှစ်သည် တိုက်ဆိုင်စွာ ကြုံရခဲသော စေတီတော်ကြီး ၏ နှစ်ပေါင်း ၂၆၀၀ ပြည့်မြောက်သည့် နှစ်ဖြစ်၏။ ယနေ့အချိန်တွင် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက်ပိုင်း သတ်မှတ်ထားရှိခဲ့သည့် သာသနာတော်နှစ်မှာ ၂၅၅၅ ခုနှစ်ရှိပြီ ဖြစ်ပြီး ပရိနိဗ္ဗာန်မစံမီ ဘုရားဖြစ်သည့် ကာလ သက်တမ်း ၄၅ နှစ်ကာလကို ထည့်ပေါင်းလျှင် နှစ်ပေါင်း ၂၆၀၀ တိတိ ပြည့်ခဲ့ပြီ ဖြစ်သည်။ ခေတ် ကာလ အတန်အသင့်ကွာလှမ်း၍ သမိုင်းမှတ်တမ်းမှတ်ရာတို့ လက်လှမ်းမီသေးသော ပုဂံခေတ်နှင့် ပုဂံမြေ သည် မြန်မာတို့အတွက် ဘာသာ သာသနာအတွက် ဂုဏ်ယူဖွယ် အမျိုးသားယဉ်ကျေးမှု မှတ်တိုင်ကြီး ဖြစ် သကဲ့သို့ပင် ထိုထိုသော ပုဂံဘုရား ပုထိုးများ အပါအ၀င် ကမ္ဘာပေါ်ရှိ စေတီများအားလုံး၏ အဦးဆုံး အစော ဆုံးသော ဗုဒ္ဓသာသနာ သမိုင်း၏ အစပြု မှတ်တိုင် စေတီ တစ်ဆူအဖြစ်လည်း ရွှေတိဂုံစေတီတော်မြတ်ကြီး သည် မြန်မာပြည်သူ ပြည်သားတို့နှင့် မြန်မာလူမျိုး တို့အတွက် ဗုဒ္ဓကပေးသော မွန်မြတ်သည့် သာသနာ့ အမွေပင်ဖြစ်ပါသည်။
ရွှေတိဂုံစေတီတော်ကြီးသမိုင်းကို ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ အတော်အသင့် ဖတ်ရှုမှတ်သားဖူးကြသူ များ များပြား ပါလိမ့်မည်။ ဤနေရာတွင် စေတီတော်ကြီးသမိုင်းကို အကျဉ်းမျှ ပြန်လည်တင်ပြရသော်.. မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့တွင် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ( ၄၉ ) ရက် အကြာ သတ္တသတ္တာဟ စံနေတော် မူစဉ် မြန်မာ ပြည်သား တပုဿနှင့် ဘလ္လိက ကုန်သည် ညီနောင်တို့ လှည်းငါးရာ ဖြင့် မဇ္စျိမဒေသသို့ ကုန်ကူးသန်း ရောင်းဝယ်ရန် လာရောက်စဉ် ဥရုဝေလတောသို့ ရောက်သော အခါ ဘ၀ဟောင်းက ဆွေမျိုးတော်စပ်ခဲ့ ဖူးသော နတ်တစ်ပါးက ကိုယ်ထင် ပြလျက် ဗုဒ္ဓမြတ်စွာ ပွင့်တော်မူပြီဖြစ်၍ သွားရောက်ဖူးမြော်ကြရန် ညွှန်ပြလေသည်။ ထို့ကြောင့် ကုန်သည်ညီနောင်တို့ လည်း မြတ်စွာဘုရားအား ပထမဆုံးသော ဆွမ်းဦးကို ကပ်ခွင့်ရကြကာ၊ သရဏဂုံဆောက်တည် လျက် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည် ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာသုံးပါးအနက် သံဃာရတနာပင် မပေါ်သေးသောကြောင့် သရဏ ဂုံ နှစ်ပါးသာ ဆောက်တည်၍ သီလခံယူ တော်မူခဲ့သည်။ ကုန်သည်ညီနောင်တို့က မိမိတို့ တိုင်းနိုင်ငံသို့ ပြန်သောအခါ ဘုရားရှင် ကိုယ်စား ပူဇော်ကိုးကွယ်ရာကို တောင်းလေလျှင် ဘုရားရှင်သည် ရှစ်ဆူသော ဆံတော်ဓာတ် များကို ချီးမြှင့် ပေးသနား တော်မူလေသည်။
ထိုနောက် ကုန်းတစ်တန် ရေတစ်တန်ဖြင့် မြန်မာပြည်သို့ပြန်ခဲ့ကြရာ ကစ္ဆပနဒီ ( ခေါ် ) ကုလားတန်မြစ်အလွန် စစ်တွေမြို့အရှေ့တောင် ဘက် ၁၀ မိုင်ခန့်ရှိ ဖရုံကာကျွန်းစု၊ ထိုမှဆက်၍ နဂရာဇ်မော် အငူ ( ခေါ် ) ပုသိမ်မော်တင်စွန်း စသဖြင့် ရောက်ရာအရပ်ဒေသတို့တွင် အပူဇော် ခံရင်း ခရီး အဆင့်ဆင့်ဆက်၍ လာခဲ့ကြ၏။ ဘုရားရှင်၏ ဆံတော်များကို ပင့်ဆောင်ယူလာကြောင်းကို ဥက္ကလာပ မင်းကြီး ထံ အထောက်တော်များ စေလွှတ်လျှောက်ထားပြီးနောက် မဟာသက္ကရာဇ် ၁၀၃ ခု၊ ၀ါခေါင်လပြည့်ကျော် ၅ ရက်၊ စနေနေ့တွင် ဥက္ကလာပ ဆိပ်ကမ်း ( ယခုဗိုလ်တစ်ထောင်စေတီတော်တည်ရာ အရပ် ) သို့ သင်္ဘောဖြင့် ဆိုက်ကပ်လေသည်။
ဥက္ကလာပမင်းကြီးသည် မှူးမတ်ဗိုလ်ပါများစွာနှင့် ကြည်ညိုခြင်းကြီးစွာဖြင့် ပူဇော်ပင့်ဆောင်တော်မူ ပြီး ခြောက် လ တိုင်တိုင် ပူဇော်ပွဲကြီး ဆင်နွှဲကာ ဆံတော်မြတ်များကို စေတီတည်ရန် စီစဉ်ဆောင်ရွက်လေ သည်။ စေတီတည်ရန် သိင်္ဂုတ္တရ ကုန်းတော်နှင့် ဤဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူခဲ့ကြသည့် ရှေးရှေးသော ဘုရားရှင် သုံးဆူ၏ ပရိဘောဂဓာတ်တော် များကို သိကြားမင်းနှင့် သက်တော်ရှည်နတ်ကြီးများ ကူညီကြ၍ ရှာဖွေတွေ့ရှိခဲ့ကြရာ ရှေးရှေးသော ဘုရားရှင် သုံးဆူ၏ ဓာတ်တော် များမှာ ဆူးလေနတ်ကြီးအား ကကုသန် ဘုရားရှင် ပေးသနားတော်မူခဲ့သည့် တောင်ဝှေးတော် ရေဟဏီ ( ခေါ် ) ဗိုလ်တစ်ထောင် နတ်ကြီး အား ကောဏဂုံဘုရားရှင် .. ပေးသနားတော်မူခဲ့ သည့် ရေစစ်တော်ဒက္ခိဏနတ်ကြီးအား ကဿပ ဘုရားရှင် ပေးသနားတော်မူခဲ့သည့် ရေသနုပ်သင်္ကန်းတော် တို့ကို တူးဖော်တွေ့ရှိ ကြရလေသည်။ ဤဓာတ်တော် သုံးဆူတို့ကို ကမ္ဘာတည်သရွေ့ထိန်းသိမ်းစောင့်ရှောက်ရန် မှော်ဘီနတ်ကြီးက တာဝန်ယူ ရကြောင်း မှတ်သားရပါသည်။ ထိုနောက် ဗိုလ်တစ်ထောင် စေတီတည်ရာမြေမှ ဆံတော်ရှင်များကို သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင် ကြိုဆိုရန် ဆံတော်ကြိုနေရာများသတ်မှတ်ခြင်း၊ ခရီးလမ်းတစ်လျှောက် မြေညှိ သဲဖြူ ရာဇမတ်တို့ဖြင့် ပြုပြင်မွမ်း မံပြင်ဆင်ကာ ဗုဒ္ဓဆံတော်မြတ်များကို ပင့်ဆောင်လေသည်။ ( ကာလ ကြာသော အခါ ဆံတော်ကြိုခဲ့သည့် နေရာခရီးလမ်း တစ်လျှောက် ဆံတော်ကြို . စေတီ များ တည်ထားကြသည် )
ဤသို့ဖြင့် မဟာသက္ကရာဇ် ၁၀၃ ခု တပေါင်းလပြည့်၊ ဗုဒ္ဓဟူးနေ့တွင် ဓာတ်တော်များအားလုံးကို ဌာပနာပြုလျက် ရွှေတိဂုံစေတီတော်ကြီးကို တည်ထားကိုးကွယ်တော်မူခဲ့ကြလေသည်။
စေတီကိုတည်ထားမှုပြုချိန်တွင် သိကြားသည် တာဝတိံသာမှ ကျောက်ဖျာခြောက်ချပ်ကို ဆောင်ယူစေ ၍ ငွေအဆင်း ကျောက်ဖျာ ကို အောက်မှခင်းသည်၊ စိန်အဆင်းကျောက်ဖျာကို ဥမင်၏ အရှေ့ဘက်မျက်နှာ၊ မြအဆင်း ရှိသော ကျောက်ဖျာကြီးကို အနောက်ဘက် မျက်နှာ ၊ ပုလဲအဆင်းရှိသော ကျောက်ဖျာကြီး ကို မြောက်ဘက်မျက်နှာ၊ နီလာအဆင်း ရှိသော ကျောက်ဖျာကြီးကို တောင်ဘက်မျက်နှာ အသီးသီးကာရံစေ သည်။ ပတ္တမြားအဆင်းရှိသော ကျောက်ဖျာကြီးကို ဥမင် အထက်မှ ဖုံးအပ်ရန် ထားရှိသည်။ ထိုနောက် ဥမင်ထဲတွင် ရတနာ အတိပြီးသော သင်္ဘောငယ်ထက်၌ ပတ္တမြားပြသာဒ် လေးဆောင်ကို ထားကာ တစ်ဆောင် စီတွင် ရှေးဘုရားသုံးဆူတို့၏ ပရိဘောက ဓာတ်တော်များကို ထည့်သွင်းကာ ကျန်တစ်ဆောင် တွင် ဂေါတမမြတ်စွာဘုရား၏ ဆံတော်ရှစ်ဆူကို ပတ္တမြားကြုတ်၌ ထည့်၍ ထိုကြုတ်ကို တပုဿနှင့် ဘလ္လိက ညီနောင်ရွှေရုပ်တို့က ထမ်းလျက် ဌာပနာသည်။ ဗြဟ္မာမင်း ၊ သိကြားမင်း၊ ဥက္ကလာပမင်း၊ မင်းဖုရား တို့၏ ရွှေသား ရုပ်တုများနှင့် စိန်ပတ္တမြားပန်းခက်များနှင့် ဆံတော်အား ပူဇော်ဟန်ကိုလည်း ထည့်သွင်း ဌာပနာ သည်။ ထိုနောက် ဥမင်၏ လေးမျက်နှာတွင် စက်ယန္တရားတို့ဆင်လျက်ထားလေသည်။
ဓာတ်တော်များကို ဌာပနာတိုက်သို့ မသွင်းမီတွင် သိကြားမင်းသည် ဆံတော်များကိုရေသပ္ပါယ်ရန် ပတ္တမြားကြုတ် မှ ထုတ်ယူ ပင့်ဆောင်သော် လူနတ်ဗြဟ္မာတို့ သောသောညံစွာ ထောပနာပြုကြ၏။ ဆံတော်မြတ်တို့သည် ထန်းခုနစ်ပင် အမြင့်မျှ ပျံတက်၍ ကောင်းကင် ၌ ရပ်တည်နေကာ ပျိုးပြက်သော ရောင်ခြည်တော် များသည် လောကဓာတ်တခွင်သို့ ကွန့်မြူး ထွက်ပေါ်လာလေ သည် ။ ထိုသောအခါ မျက်စိ မမြင်သော သူတို့သည် မြင်ကြလေ၏။ နားမကြားသော သူတို့သည် ကြားကြလေ၏။ ကိုယ်လက်ချည့်နဲ့ကောက်ကွေးသူ တို့သည် အကောင်းပတိဖြစ်ကြလေ၏။ ပထ၀ီမြေထုသည် ပြင်းစွာ တုန်လှုပ် ၏။ သမုဒ္ဒရာလှိုင်းတံပိုးတို့ ပြင်းထန်ထကြွကာ တောင်စဉ်တို့တုန်လှုပ်၍ ကောင်းကင်တွင် လျှပ်စီးလျှပ်ပန်းတို့ ၀င်းဝင်းလက်ကာ ဆံတော်ရှစ်ဆူကို ပူဇော်လေသည်။
သိကြားမင်း သည် ရတနာအတိပြီးသော မကိုဋ်ကိုလှူ၏။ နတ်မိဖုရားတို့နှင့် လူအပေါင်းတို့ လည်း ရွှေငွေ ကျောက်သံ အမျိုးမျိုးသော ရတနာပစ္စည်းတို့ဖြင့် ပူဇော်လှူဒါန်းပြီးလေလျှင် သိကြားမင်းသည် ဆံတော်တို့ကို ဆောင်ယူ လျက် ဓာတ်တော်တိုက်ကို ကိုယ်တိုင် ဖုံးပိတ်လေသည်။ ကျောက်ဖျာထက် တွင် ရွှေစေတီကို တည်သည်။ ရွှေစေတီကို ငွေစေတီကငုံ၍တည်သည် ။ ငွေစေတီကိုကြေးဖြူစေတီ ငုံသည်။ ကြေးဖြူစေတီကို ကြေးနီစေတီငုံသည်။ ကြေးနီစေတီကို သလွဲစေတီငုံသည်။ ထိုနောက် ကျောက်ဖြူစေတီ၊ ထိုနောက် သံအုတ်စေတီ ၊ ထိုနောက်မြေအုတ်စေတီ စသဖြင့် အဆင့်ဆင့် ကောင်းမွန် ခိုင်ခံအောင် တည်ပြီးသောအခါ စေတီတော်သည် ဖိနပ်တော်မှစ၍အမြင့်မှာ ၄၄ တောင် ရှိ လေသည်။
ဤသို့ဖြင့် ရွှေတိဂုံစေတီတော်ကြီးသည် မြန်မာတို့မြေတွင် လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ တိတိမှစ၍ ယနေ့အချိန် ထိတိုင် သမိုင်း အဆက်ဆက် ခေတ်အဆက်ဆက် ပုဂံ၊ အင်းဝ၊ တောင်ငူမှစ နောက်ဆုံး ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ်နှင့် ယနေ့အချိန်ထိပင် ဘုရင် အဆက်ဆက်၊ ပြည်သူအဆက်ဆက်က ပြုပြင်မွမ်းမံတည်ဆောက်လျက် လာခဲ့ကြရာ ယခုအချိန်တွင် ၃၂၆ ပေအမြင့်ရှိပြီး မြန်မာပြည်သူ တို့၏ နှလုံး သည်းပွတ်ပမာ သိင်္ဂုတ္တရ တောင်ကုန်းထက်တွင် ခိုင်ခံ့မြဲမြံစွာတည်တံ့၍ နေပေသည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာ စည်ပင် ထွန်းကားရာ တိုင်းနိုင်ငံ အမှန်ပင်ဖြစ်သည်။ စေတီတော်ကြီးနှင့် ဆက်စပ်နေ သည့် ခေတ် အမျိုးမျိုးမှ သမိုင်းပုံရိပ်များ၊ မင်းဆက်အသီးသီး တို့နှင့် သက်ဆိုင်သော အလှူဒါန ကုသိုလ်ရေး များ စသဖြင့် အသီးသီးဖော်ပြရလျှင် ရွှေတိဂုံသမိုင်းသည် ရေးသားဖတ်ရှု၍ မဆုံးတော့ပါ။
အတန်အသင့် လက်လှမ်းမှီစွာ ဖတ်ရှု လေ့လာနိုင်သေးသော သာသနာပြု မင်းကောင်းမင်းမြတ် တို့ ပေါ်ထွန်း ခဲ့သော ပုဂံခေတ်သည် မြန်မာတို့ ဘာသာ သာသနာ ဘုန်းမီးနေလ တောက်ပ ခဲ့သည့် ခေတ် ကာလ ကောင်းတစ်ခုဖြစ်ခဲ့ပြီး ယနေ့တွင် ကမ္ဘာက လေးစား၍ မြန်မာ တို့ မြတ်နိုးကြ သည့် နှစ်ပေါင်းထောင် ချီခြဲ့ပီဖြစ်သော သမိုင်းဝင်စေတီပုထိုး အမွေအနှစ်များသည် အောင်လံထူခဲ့သော မြန်မာ့ သမိုင်း၏ သက်သေ များပင် ဖြစ်သည်။ ပုဂံကဲ့သို့ ခေတ်ကာလနှင့် ရှေ့သို့သွားလျှင် လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ အချိန်အထိ ကမ္ဘာ့သမိုင်း ဗုဒ္ဓဘာသာသမိုင်း၊ မြန်မာ့ယဉ်ကျေးမှု သမိုင်းတွင် ဂုဏ်ယူစရာကောင်းသော စေတီတော် မြတ်ကြီး နှင့်အတူ မြန်မာတို့၏ ဂုဏ်ယူဖွယ် ဘာသာ ယဉ်ကျေးမှု အစဉ်အလာကို တွေ့မြင်ရပေမည်။
မြန်မာလူအဖွဲ့အစည်းနှင့် မြန်မာ့ယဉ်ကျေးမှုသည် ကိုးကွယ်ရာ ဘာသာတရားနှင့် တိုက်ရိုက် စပ်ဆက် ၍နေသည်။ ကိုယ်ကျင့်သီလ ပိုင်း၊ လူမှုဆက်ဆံရေးပိုင်း တိုင်းရေးပြည်ရေးတို့မှအစ မှန်ကန် မွန်မြတ်သော လေးနက်သော ယဉ်ကျေးမှု အခြေခံစရိုက်များတွင် ဗုဒ္ဓ၏ လူမှုဆိုင်ရာ အဆုံးအမတို့များစွာ ပါဝင်၍နေသည်။ ငယ်စဉ်ကသင်ကြားလေ့ကျက် ခဲ့ရသည့် ၃၈ ဖြာမင်္ဂလာတရားတော်တစ်ပုဒ်နှင့်ပင်လျှင် ပစ္စုပ္ပန်နှင့် နောင်သံသရာအတွက်ပါ အင်မတန်တန်ဘိုးရှိသော အသိအမြင် များနှင့် မှန်ကန်သော အသက် ရှင်နေထိုင်မှု ဘ၀တန်ဘိုးတို့ကို သိမြင်ခံစားနိုင် ရရှိနိုင်ပါသည်။
ဤသို့သော လောကီ လောကုတ္တရာ၊ ပစ္စပ္ပုန်နှင့် နောင်သံသရာ နှစ်ဖြာသော အကျိုးစီးပွား ကိုဆောင်၍ ငြိမ်းအေး သာယာသော စိတ်နှလုံးကိုစွမ်းဆောင်ပေးနိုင်သော၊ လောကအတွက် အလင်း ပြတော် မူခဲ့သော မဟာလူသား တစ်ဦးကို ရည်ညွှန်းပူဇော်သည့်အနေဖြင့် မြန်မာတို့သည် ဤစေတီတော်ကြီးအား ပူဇော်ပသခြင်း၊ ဂုဏ်တော်ကိုရည်မှန်း၍ တရား ဘာဝနာစီးဖြန်းခြင်း၊ စသည့် ပြုဖွယ် ၀တ် တို့ကို ပြုလုပ်ကြခြင်းပင်ဖြစ်ပါသည်။ ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး ရန်ကုန်မြို့ကို တည် ခဲ့ပြီး နောက်ပိုင်းမှ သည် သည်ဘက်ခေတ်ကာလတစ်လျှောက်၌ စေတီတော်သည် ရှေးရှေးသော ကာလ များထက် ပြည်သူများစွာ၏ ပူဇော်သကာရ များစွာ ရရှိခဲ့ပြီး မြတ်ဗုဒ္ဓသာသနာတော်၏ အထိမ်းအမှတ် ပြယုဂ်အဖြစ် ကမ္ဘာ့အလည်တွင် တင့်တယ်စွာ ရှုမြင်နိုင်ပါ၏။
၂၆၀၀ ဟူသော ကိန်းခန်းသည် လူသားတစ်ဦးအတွက် ကြာမြင့်လှပါပြီ။ ထောင်စုနှစ် နှစ်ခုအကျော် အနှစ် ခြောက်ရာ ပြည့်ပြီး သည့်နောက် နောင်လာဦးမည့် နှစ်ထောင့်ခုနစ်ရာပြည့် ကာလအပိုင်းအခြားကို ကျွန်တော်တို့ မကြုံနိုင်တော့သော် လည်း စေတီတော် မှာကား ကျန်ရှိမြဲ ကျန်နေဦးမည် ဖြစ်သည်။ နောင် ကာလ များစွာ နှစ်ပေါင်း ထောင်စုရာစုများစွာတိုင် မြန်မာတို့မြေတွင် ဆည်းလည်းသံ၊ ဓမ္မသံ၊ ခေါင်းလောင်း သံများ အစဉ်အမြဲ ဝေဆာပြီး ပြည်သူပြည်သားတို့လည်း စိတ်အေးချမ်းသာစွာ ရှိကြပါစေ။ သားကောင်း မျိုးဆက်သစ် သားမြေးတို့ သည်လည်း ဘာသာ သာသနာအကျိုးကို ဂုဏ်ယူလေးစားစွာ ထမ်းဆောင်နိုင် ကြပါစေဟု ဆန္ဒပြုရင်း ရွှေတိဂုံ စေတီတော်ကြီး၏ အနှစ် ၂၆၀၀ ပြည့် တပေါင်းလပြည့် အခါသမယမှာ အမှတ်တရ ရေးသားလိုက်ပါသည်။
ကမ္ဘာသစ် မြန်မာ Fan Page
နန္ဒ
March 7, 12 ( 8:30 PM )
No comments:
Post a Comment