2 3 4 5 6 7 8 9 10

Thursday, August 16, 2012

ဗီတာမင်များ အကြောင်း သိကောင်းစရာ အဖြာဖြာ(၃)



ဗီတာမင်စီ
             Ascorbic acid လို့ခေါ်တဲ့ ဗီတာမင်စီကို ကာဗွန်၆လုံး၊ ဟိုက်ဒြိုဂျင် ၈လုံးနှင့် အောက်စီဂျင် ၆လုံး တို့ဖြင့် ပေါင်းစပ် ဖွဲ့စည်းထားပါတယ်။ ကာဗွန် ၆လုံးရှိတဲ့အတွက် ဗီတာမင်စီကို hexuronic acid ဟူ၍ ခေါ်ဆိုခဲ့ပါသေးတယ်။ ဗီတာမင်စီချို့တဲ့ခြင်းကြောင့် ရေစီးကမ်းပြိုဖြစ်ပွါးမှုဟာ ၁၇ရာစုမှ ၁၉ရာစုနှစ် အတွင်း ကမ္ဘာနှင့်အ၀ှမ်း ဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် ပင်လယ်ပြင်တွင် လပေါင်းများစွာကြာအောင် ရွက်လွှင့်ခရီးသွားနေတဲ့ သဘောင်္သားတွေမှာ အဖြစ်များခဲ့ပါတယ်။ ဗီတာမင်စီဟာ ရေမှာ ပျော်ဝင် တဲ့ ဗီတာ မင်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဗီတာမင်အီးနှင့်မတူဘဲ ဗီတာမင်စီရဲ့ ဓါတ်တိုးဆန့်ကျင်သတ္တိကို ခန္ဓာကိုယ် ရဲ့ ရေရှိတဲ့ အစိတ်အပိုင်းတွေမှာပဲ တွေ့နိုင်ပါတယ်။ အဲဒီ ဓါတ်တိုးဆန့်ကျင်စေတဲ့ ဂုဏ်သတ္တိဟာ ဆဲလ် အတွင်း မှာရှိတဲ့  DNA ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ဒါကြောင့်မို့ ဗီတာမင်စီဟာ ကင်ဆာဖြစ်ပွါးမှု ကို လျော့နည်းစေပါတယ်။ အဓိကအားဖြင့်တော့ ဗီတာမင်စီဟာ အစာရေမျိုပြွန်ကင်ဆာ၊ အစာအိမ် ကင်ဆာ နဲ့ အဆုတ်ကင်ဆာတွေ မဖြစ်ပွါးအောင် တားဆီးပေးနိုင်ပါတယ်။ အကင်တွေ၊ မီးခိုးကြပ် တိုက် ထားတဲ့ အစားအစာတွေဟာ အစာအိမ် ကင်ဆာဖြစ်စေတဲ့ nitrosamine ဓါတ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဗီတာမင်စီဟာ nitrosamine ဖြစ်ပေါ်မှုကို လျော့နည်းစေပါတယ်။ ဗီတာမင်စီချို့တဲ့ ခြင်း ဟာ ရေစီး ကမ်းပြိုဖြစ်စေနိုင်တယ်ဆိုတာကို သိရှိပြီးဖြစ်ကြပါတယ်။ ရေစီးကမ်းပြိုဖြစ်ပြီဆိုရင် သွားဖုံးဟာ အလိုလိုနေ ရင်း သွေးယိုလာမယ်၊ သွားတိုက်တဲ့အခါ သွေးထွက်လာမယ် အစရှိတာတွေ ဖြစ်ပေါ်လာနိုင် ပါတယ် ။


            ရေစီးကမ်းပြိုဖြစ်ပွါးရတဲ့ အဓိက အချက် ၂ချက်ရှိပါတယ်။ ပထမတစ်ချက်က သွေးကြောထဲမှာရှိတဲ့ ဆဲလ်တွေဟာ တစ်ခုနဲ့ တစ်ခု ကောင်းမွန်စွာ ထိကပ်တွယ်ဆက်မနေလို့ဖြစ်ပြီး ဒုတိယတစ်ချက် ကတော့ သွေးကြောနံရံတွေမှာ ကိုလက်ဂျင်(collagen)လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုး လုံလုံလောက်လောက် မရှိလို့ပဲ ဖြစ်ပါတယ်။ ဗီတာမင်စီဟာ ကိုလက်ဂျင် ဖြစ်ပေါ်မှုကို အားပေးပါတယ်။ ဒါကြောင့်မို့လည်း ထိခိုက် ဒဏ်ရာ အနာတရ ဖြစ်ပွါးပါက ဗီတာမင်စီ လုံလုံလောက်လောက်စားပေးမယ်ဆိုရင် အနာကျက်မြန်စေ တာ ဖြစ်ပါတယ်။
       ဗီတာမင်စီဖြည့်စွက်စာများကို ပုံမှန်စားသုံးပေးပါက နှလုံးရောဂါ ဖြစ်ပွါးမှုကို ကာကွယ်ပေးပါတယ်။ ဗီတာမင်စီဟာ သွေးကြောများကို ကောင်းမွန်စေတဲ့အတွက် နှလုံးရောဂါတင်မကပါဘူး၊ သွေးခဲခြင်းကြောင့် လေသင်တုန်းဖြတ်တာတွေ၊ သွေးကြောပေါက်ထွက်ခြင်းကြောင့် လေသင်တုန်းဖြတ်တာတွေအတွက်ပါ အထောက်အကူ ပြုပါတယ်။ ဂျပန်နိုင်ငံနဲ့ ဖင်လန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနပြုချက်တွေ အရ ဆိုရင် သွေးထဲမှာ ဗီတာမင်စီ ပမာဏ ပုံမှန်ရှိတဲ့သူတွေမှာ လေဖြတ်ခြင်းကို ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း ထိ လျော့ကျစေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့်လို့လည်း ဗီတာမင်စီတစ်ခုတည်း ပုံမှန် စားသုံးပေးတာနဲ့ လေသင်တုန်းမဖြတ်စေနိုင်ဘူးလို့တော့ အပြည့်အ၀ ဆိုမထားပါဘူး။ ဗီတာမင်စီဟာ အတိုင်းအတာ တစ်ခုထိ ကာကွယ်တားဆီးပေးနိုင်တာ ဖြစ်ပါတယ်။
တင်ပဆုံရိုးကျိုးခြင်းဟာ သွေးဆုံးပြီး အမျိုးသမီးများမှာ အများဆုံး ဖြစ်ပွါးလေ့ရှိတဲ့ ရောဂါတစ်ခုပါ။ လေ့လာ ချက်တွေအရ ဗီတာမင်စီချို့တဲ့မယ်ဆိုရင် တင်ပဆုံရိုးကျိုးဖို့အတွက် သုံးဆခန့် ပိုများတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေမှာ အဖြစ်များလေ့ရှိပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အနေနဲ့ သွေးဆုံးပြီးနောက်ပိုင်းကာလတွေမှာ ဗီတာမင်စီ မချို့တဲ့အောင် ဂရုပြုသင့်လှ ပါတယ်။ ဆေး လိပ် သောက်တတ်သူများမှာဆိုရင်တော့ ဗီတာမင်စီ လိုအပ်ချက် ပိုများနေမှာ ဖြစ်တဲ့အတွက် သာမန်လူများ ထက် ဗီတာမင်စီကို ပိုမိုစားသုံးပေးဖို့ လိုအပ်ပါတယ်။
တစ်နေ့တာ ဗီတာမင်စီ လိုအပ်ချက်ဟာဆိုရင် အမျိုးသားတွေမှာ ၉၀ မီလီဂရမ်ဖြစ်ပြီး အမျိုးသမီးတွေ မှာတော့ ၇၅ မီလီဂရမ် လိုအပ်ပါတယ်။ ဒါပေမယ့် အထက်က ပြောခဲ့သလို ဆေးလိပ်သောက်သူတွေမှာ သာမက၊ ကိုယ်ဝန်သည်တွေ၊ ထိခိုက်ဒဏ်ရာရသူတွေ၊ ရောဂါဖြစ်ပွါးနေသူတွေနဲ့ ပုံမှန် ကျောက်ကပ် သန့်စင်နေရသူတွေမှာ ဗီတာမင်စီ ပိုမိုလိုအပ်ပါတယ်။ ဗီတာမင်စီပမာဏ လိုအပ်တာထက် အနည်းငယ် ပိုမိုစားသုံးမိမယ်ဆိုရင်လည်း ဘေးဥပါဒ်မဖြစ်စေနိုင်ဘူးဆိုပေမယ့် တစ်နေ့လျှင် ၁၀၀၀ မီလီဂရမ် ထက်တော့ ပိုမစားသုံးသင့်ပါဘူး။ ဗီတာမင်စီ ၁၀၀၀ မီလီဂရမ်ပမာဏကို တကြိမ်တည်း စားသုံးပေမယ့် လည်း ခန္ဓာကိုယ်က အဲဒီပမာဏ အကုန်လုံးကို မစုပ်ယူနိုင်ပါဘူး။ တ၀က်ပဲ စုပ်ယူနိုင်ပြီး ကျန်တဲ့ တ၀က် ကိုတော့ ဆီးထဲကနေ စွန့်ပစ်လိုက်မှာ ဖြစ်ပါတယ်။  ဗီတာမင်စီ ၁၀၀ မီလီဂရမ် အောက်ကိုသာ  ခန္ဓာကိုယ် က ရာနှုန်းပြည့် အပြည့်အ၀သုံးစွဲနိုင်ပါတယ်။ ဗီတာမင်စီ ဆေးဝါး၂ ဂရမ်မျှကို တကြိမ်တည်းသောက်သုံး လိုက်မယ်ဆိုရင် ဗိုက်နာမယ်၊ ပျို့လာမယ်၊ ၀မ်းလျှောမယ် အစရှိတဲ့ ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဗီတာမင်စီ ပမာဏများများကို ရေရှည်စွဲသောက်သုံးနေမယ်ဆိုရင် ကျောက်ကပ်မှာ ကျောက်တည်ဖို့ အတွက် အခွင့်အလမ်းများတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ကျောက်ကပ်မှာ ကျောက်တည်ဖူးသူတွေအနေနဲ့ ဗီတာမင်စီ ဆေးဝါးများ အလွန်အကျွံ မစားမိဖို့ သတိပြုသင့်လှပါတယ်။
ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေကတော့ အဓိကအားဖြင့် အရသာချဉ်တဲ့ အသီးအနှံတွေ ဖြစ်ပါတယ်။ ဘရိုကိုလီ၊ ကွမ်းသီးလုံးဂေါ်ဖီထုပ်၊ ကိုက်လန် အစရှိတဲ့ အရွက်အစိမ်းရင့်ရောင်ရှိ ဟင်းသီးဟင်းရွက်တွေ မှာလည်း ဗီတာမင်စီ ကြွယ်ဝပါတယ်။ ဗီတာမင်စီ မပါဝင်တဲ့  အသီးအနှံဆိုလို့ ခပ်ရှားရှားပါပဲ။ တစ်ခု သတိထားရမှာကတော့ ဗီတာမင်စီဟာ အပူကြောက်တဲ့ ဗီတာမင်ပဲ ဖြစ်ပါတယ်။ မီးဖိုပေါ်မှာ အချိန် ကြာကြာ ချက်လေ၊ ဗီတာမင်စီ ပမာဏ များများဆုံးရှုံးလေ ဖြစ်ပါတယ်။ ဒါကြောင့် ဟင်းသီး ဟင်းရွက်တွေ ကို နွမ်းဖတ်နေအောင် မကြော်လှော် မချက်ပြုတ်သင့်ပါဘူး။ အသီးအရွက်တွေမှာသာမက အသား၊ အသည်းတွေမှာလည်း ဗီတာမင်စီ အနည်းငယ် ပါဝင်ပါတယ်။
ဗီတာမင်စီ အလွန်အမင်း ချို့တဲ့ မယ်ဆိုရင်တော့ သွားဖုံးပျက်စီးတာ၊ သွားတွေကျွတ်တာ၊ ပါးစပ်အနာဖြစ် တာ၊ သွေးအန်တာ သွေးဝမ်းသွားတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဆံချည် မျှင်သွေးကြောလေး ..တွေ  ပေါက်ထွက်ပြီးတော့ ခန္ဓာကိုယ်အနှံ့မှာ အနီစက်လေးတွေလည်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

ဗီတာမင်ဘီအုပ်စုများ
Vitamin B1

  ၁၉၂၆ ခုနှစ်အတွင်းမှာပဲ သိပ္ပံပညာရှင်တွေဟာ ဗီတာမင် ဘီဝမ်းကို အတိအလင်း တွေ့ရှိဖော်ထုတ်နိုင် ခဲ့ပါတယ်။ ဗီတာမင် ဘီဝမ်းချို့တဲ့မယ်ဆိုရင် ဘယ်ရီဘယ်ရီ(beriberi)လို့ခေါ်တဲ့ အာရုံကြောတွေ အားနည်း တဲ့ ရောဂါဖြစ်စေနိုင်ပါတယ်။ ဘယ်ရီဘယ်ရီဆိုတဲ့ စကားလုံးက သီဟိုဠ်ဘာသာစကားအရ “မလုပ်နိုင်ခြင်း၊ မစွမ်းဆောင်နိုင်ခြင်း”လို့ အနက်သဘော ဆောင်တယ်လို့လည်း ဆိုကြပါတယ်။ အမှန်တကယ် လည်း ဗီတာမင် ဘီဝမ်း ချို့တဲ့ သူတွေမှာ ခြေလက်တွေ လေးလံထိုင်းမှိုင်းလာမယ်၊ မှတ်ဥာဏ်များ ချို့ယွင်းလာ မှာ ဖြစ်ပါတယ်။ ဗီတာမင် ဘီဝမ်းချို့တဲ့ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ လက္ခဏာတွေ ခံစားလာ ရနိုင်ပါတယ်။ အစာလမ်းကြောင်းဟာလည်း ပုံမှန်တာဝန်မထမ်းဆောင်နိုင်တော့ဘဲ အစာမကြေတာ၊ အန်တာ၊ ၀မ်းလျှောတာတွေ ဖြစ်လာပါမယ်။ ခြေထောက်တွေ ထုံကျင်လာပြီး ဆောင့်ကြောင့် ထိုင်ရာကနေ ရုတ်တရက် ထလိုက်တဲ့အခါမျိုးမှာ အလွယ်တကူ မတ်တပ်ထလို့ မရတာမျိုးတွေ ရှိတတ်ပါတယ်။
နို့တိုက်မိခင်တွေမှာလည်း ဗီတာမင်ဘီဝမ်းကြွယ်ဝတဲ့ အစားအစာတွေ လုံလောက်အောင် မစားပေးဘူး ဆိုရင် ကလေးငယ်မှာ ဘီဝမ်းချို့တဲ့ လာမှာ မလွဲဧကန်ပါပဲ။ အထူးသဖြင့် အသက် နှစ်လမှ သုံးလအရွယ် ကလေးငယ်တွေမှာ ဖြစ်တတ်ပါတယ်။ ကလေးငယ်ဟာ ဂဏာမငြိမ်ဖြစ်လာမယ်၊ ငိုလိုက်တဲ့အခါ အသံက စူးစူးဝါးဝါးဖြစ်လာပြီး ခပ်ကြမ်းကြမ်း ဖြစ်နေပါမယ်။ နောက်ဆုံးပိတ်အနေနဲ့ ကလေးဟာ အသံလုံးဝ မထွက်တော့ တဲ့  အဆင့်ထိ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဓိကဇစ်မြစ်ကတော့ အာရုံကြောများ ကောင်းမွန်စွာ အလုပ်မလုပ်တော့လို့ပါပဲ။
ဗီတာမင် ဘီဝမ်းဟာ အာရုံကြောများအကြား အချက်အလက်သယ်ပို့တဲ့ နေရာမှာ ပါဝင်ကူညီပေးပါတယ်။ ဒ့ါအပြင် ဘီဝမ်းချို့တဲ့မယ်ဆိုရင် နှလုံးကြီးလာမယ်၊ နှလုံးခုန်မြန်လာမယ်၊ အာရုံကြောတွေ ရောင်ယမ်းပြီး ခြေထောက်တွေ ဖောယောင်လာမယ်၊ အချိန်မှီ ထိရောက်တဲ့ ကုသမှု မရဘူး ဆိုရင် နှလုံး အလုပ်မလုပ်တော့ဘဲ အသက်သေဆုံးတဲ့အထိပါ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ဘီဝမ်းမချို့တဲ့ဖို့ အထူးသတိပြုသင့်လှပါတယ်။ အထူးသဖြင့် အရက်သမားတွေမှာ ဘီဝမ်း ချို့တဲ့ တဲ့ လက္ခဏာတွေ မကြာခဏ တွေ့ရှိရတတ်ပါတယ်။
အထူးတလည် ဖြူဖွေးနေအောင် ဖွတ်ထားတဲ့ ဆန်တွေကိုပဲ စားမယ်ဆိုရင်လည်း လုံလောက်တဲ့ ဘီဝမ်း ပမာဏ မရရှိနိုင်ပါဘူး။ ဆန်ရေစေးတဲ့အခါ လက်နဲ့ နာနာပွတ်ဆေးရင်လည်း ဘီဝမ်းတွေ ဆုံးရှုံးနိုင်ပါတယ်။ ထမင်းရေခန်း မချက်ဘဲ ထမင်းရည်တွေ သွန်ပစ်လိုက်မယ်ဆိုရင်လည်း ထမင်းရည်ထဲမှာ ဘီဝမ်းတွေ ပါဝင် ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။
ဘီဝမ်းကြွယ်ဝတဲ့ အစားအစာတွေကတော့ ဆန်လုံးညို၊ဂျုံ၊နှံစားပြောင်း၊ ပေါင်မုန့်၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပဲအမျိုးမျိုးတို့ပဲ ဖြစ်ပါတယ်။ ကြက်ဥအနှစ်နဲ့ ၀က်သားဟာလည်း ဘီဝမ်း ပမာဏ တော်တော် များများ ပါဝင် တဲ့  အစားအစာတွေပဲ ဖြစ်ပါတယ်။
သာမန်လူတစ်ယောက်အတွက် တစ်နေ့တာ ဘီဝမ်းလိုအပ်ချက်က ၁.၅ မီလီဂရမ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် တစ်နေ့တာ စားသုံးတဲ့  ကယ်လိုရီ ပမာဏပေါ်လည်း မူတည်ပါတယ်။ ကယ်လိုရီ များများစားလေ ဘီဝမ်း လိုအပ်ချက် ပိုများလေ ဖြစ်ပါတယ်။ ဘီဝမ်းပမာဏ အများအပြားစားသုံးမိပေမယ့်လည်း အန္တရယ် မရှိနိုင်ပါဘူး။ တစ်နေ့ကို ဘီဝမ်းပမာဏ ၅၀၀ မီလီဂရမ်မျှ စားသုံးရင်တောင်မှ ဘေးထွက်ဆိုးကျိုး မရှိနိုင်ပါဘူးလို့ ဆိုထားပါတယ်။
အချို့အစားအစာတွေဟာ ခန္ဓာကိုယ်ရှိ ဘီဝမ်းပမာဏကို လျော့နည်းစေနိုင်ပါတယ်။ ရေချိုငါးတွေ၊ ခရု၊ ပုဇွန်ထုပ်နဲ့ ပင်လယ်ငါးတချို့မှာ ပါဝင်တဲ့ thiaminase ဆိုတဲ့ အင်ဇိုင်းတစ်မျိုးဟာ ဘီဝမ်းတွေကို ချေဖျက် ပျက်စီးစေနိုင်ပါတယ်။ ဒ့ါအပြင် ကော်ဖီ လက်ဖက်ရည်တွေ အလွန်အကျွံသောက်သုံး မယ်ဆိုရင် လည်း သွေးထဲရှိ ဘီဝမ်းပမာဏ လျော့နည်းသွားစေနိုင်တယ်ဆိုတာကို သတိပြုသင့်လှပါတယ်။

Vitamin B2

          အချို့လူတွေမှာ နှုတ်ခမ်းထောင့်လေးတွေ ကွဲနေတတ်ပါတယ်။ အဲဒါကို ကျီးကန်းပါးစပ်နာလို့ ခေါ်ပါ တယ် ။ ဒါဟာ ဗီတာမင်ဘီတူး ချို့တဲ့လို့ပဲ ဖြစ်ပါတယ်။ ribitol လို့ခေါ်တဲ့ သကြားတစ်မျိုးပါဝင်တဲ့အတွက် ဗီတာမင်ဘီတူးကို riboflavin လို့သမုတ်ခေါ်ဆိုခဲ့ကြပါတယ်။
            ဗီတာမင်ဘီတူး ချို့တဲ့ရင် ကျီးကန်းပါးစပ်နာ ဖြစ်ရုံသာမက အရေပြားနဲ့ မျက်လုံး ပူလောင်သလို ခံစားရတာတွေ၊ ခေါင်းကိုက်တာ၊ သတိမေ့လွယ်တာ၊ သွေးအားနည်းတာတွေ အစရှိတာတွေ ခံစားရ တတ်ပါတယ်။ သာမန်အားဖြင့်တော့ ဗီတာမင်ဘီတူး ချို့တဲ့ တာကို တွေ့ရခဲပါတယ်။ ဘာလို့လဲ ဆိုတော့ ဗီတာမင် ဘီတူးဟာ အစားအစာတော်တော်များများမှာ ပါဝင်နေလို့ ပါပဲ။ နွားနို့နဲ့ အခြားနို့ထွက် ပစ္စည်းတွေ၊ ပေါင်မုန့်၊ ဂျုံ၊ ကြက်ဥ၊ အသားငါး၊ ဟင်းသီးဟင်းရွက်နဲ့ ပဲတောင့်ရှည် အမျိုးမျိုးမှာ ဗီတာမင် ဘီတူး ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမယ့် တစ်ခုသတိပြုရမှာကတော့ ဗီတာမင်ဘီတူးဟာ အလင်းရောင် အထိမခံနိုင်တဲ့ ဗီတာမင်ပဲ ဖြစ်ပါတယ်။ ဥပမာ နွားနို့ ကဲ့သို့သော  အရာတွေကို ခွက်ထဲသေချာဖုံးအုပ် ထည့်ထားပြီး အလင်းရောင်မရှိတဲ့ နေရာမှာ စနစ်တကျသိမ်းဆည်းထားမှသာ ဗီတာမင်ဘီတူးဓါတ်များ မပျက်စီးဘဲ ရှိနေနိုင်ပါလိမ့်မယ်။
            ဗီတာမင်ဘီတူးကို အစာလမ်းကြောင်းကနေ အကန့်အသတ်နဲ့သာ စုပ်ယူတဲ့အတွက် ခန္ဓာကိုယ်မှာ ဘီတူးပမာဏ ပိုလျှံပြီး ဘေးဥပဒ် ဖြစ်စေတာမျိုး မရှိနိုင်ပါဘူး။ တစ်နေ့တာ ဘီတူးလိုအပ်ချက် ပမာဏ ကတော့ ၁.၈ မီလီဂရမ်ပဲ ဖြစ်ပါတယ်။
Vitamin B3

            ဗီတာမင်ဘီသရီးကို နိုင်ရာစင်(niacin) သို့မဟုတ် နစ်ကိုတင်းနစ်အက်ဆစ်(nicotinic acid) လို့ လည်း ခေါ်ဝေါ်နိုင်ပါတယ်။ နိုင်ရာစင်ဓါတ်ချို့တဲ့မယ်ဆိုရင် ပီလာဂယာ (Pellagra) လို့ခေါ်တဲ့ ရောဂါတစ်မျိုး ခံစားရနိုင်ပါတယ်။ ပီလာဂယာဆိုတဲ့ စကားလုံးဟာ အီတလီဘာသာစကားက ဆင်းသက်လာတာဖြစ်ပြီး “ကြမ်းတမ်းသော အရေပြား”လို့ အဓိပ္ပါယ်ရပါတယ်။ ဒီရောဂါကို ၁၇၃၅ ခုနှစ်အတွင်း စပိန်သမားတော် တစ်ဦးက ပထမဆုံးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပီလာဂယာဆိုတာ ရောဂါသုံးခုစုပေါင်းထားခြင်းပါ။ 3D လို့ အတိုကောက် မှတ်သားလေ့ရှိပါတယ်။ ဘာတွေလဲဆိုတော့ Dermatitis လို့ခေါ်တဲ့ အရေပြားရောင်ယမ်းတာ၊ diarrhea လို့ခေါ်တဲ့ ၀မ်းလျှောတာ၊ Dementia လို့ခေါ်တဲ့ သတိမေ့လျော့ မှတ်ဥာဏ်ချို့ယွင်းတာတွေ ပဲ ဖြစ်ပါတယ်။ မကုသဘဲ ထားပါက အသက်သေဆုံးခြင်းအဆင့်ထိ ဖြစ်စေနိုင်ပါတယ်။
ပီလာဂယာရောဂါလက္ခဏာ(taken from Kumar & Clark’s Textbook)
            ၁၉၃၇ ခုနှစ်ရောက်ရှိမှပဲ နိုင်ရာစင်ဟာ ပီလာဂယာရောဂါကို ကုသနိုင်တယ်ဆိုတာ လေ့ လာတွေ့ရှိ ခဲ့ ကြပါတယ်။ ပီလာဂယာရောဂါဖြစ်မယ်ဆိုရင် အရေပြားဟာ အက်ကွဲယောင်ယမ်းနေပါမယ် ။ နေရောင်ခြည် နဲ့ ထိတွေ့တဲ့ နေရာတွေမှာ အရောင်တွေပြောင်းလဲလာပါမယ်။ ပါးစပ်နဲ့ အစာ လမ်းကြောင်း တလျှောက်မှာရှိတဲ့ အပေါ်ယံလွှာ ရောင်ယမ်းပျက်စီးပြီး သွေးယိုစီးမှု ဖြစ်စေနိုင်ပါတယ်။
            အရက်သောက်တဲ့သူတွေနဲ့ ပြောင်းဖူးတစ်မျိုးတည်းကိုသာ အခြေခံစားသုံးတဲ့ အာဖရိက၊ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေမှာ နိုင်ရာစင် ချို့တဲ့တာတွေကို အများဆုံး တွေ့ရှိရတတ်ပါတယ်။
နိုင်ရာစင် ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသား၊ ငါး၊ ဒိန်ချဉ်၊ အာလူး၊ ပဲနီလေး အစရှိတာတွေဖြစ် ပါတယ်။ မှိုဟာလည်း နိုင်ရာစင် ပေါများတဲ့ အစားအစာတစ်ခုပဲ ဖြစ်ပါတယ်။ တစ်နေ့တာ နိုင်ရာစင် လိုအပ် ချက်ကတော့ ၂၀ မီလီဂရမ်ဖြစ်ပါတယ်။ တကယ်လို့ ပီလာဂယာ ရောဂါကို ကုသဖို့ဆိုရင်တော့ နိုင်ရာစင် လိုအပ်ချက်ဟာ ပုံမှန်ထက် ဆယ်ဆ၀န်းကျင်ခန့် များပြားနေနိုင်ပါတယ်။ အစားအစာကနေ ရရှိ တဲ့ နိုင်ရာစင် ဓါတ်ဟာ လိုအပ်တာထပ် ပိုမို စားသုံးမိပေမယ့်လည်း ဘေးထွက်ဆိုးကျိုး မရှိစေနိုင်ဘူးလို့ ဆိုပါ တယ်။ ယနေ့ခေတ် လေ့လာချက်များအရ နိုင်ရာစင်ဖြည့်စွက်ဆေးဝါးများဟာလည်း အဆီကျစေနိုင် တယ် လို့ အဆိုပြုထားလျက်ရှိပါတယ်။

Vitamin B5

            ဗီတာမင် ဘီဖိုက်ကို ပန်တိုသနစ်အက်ဆစ်(Pantothenic acid) လို့လည်း ခေါ်ဝေါ်ပါတယ်။ pant ဆိုတဲ့  စကားလုံးဟာ ဂရိဘာသာစကား “ နေရာတိုင်းတွင်ရရှိနိုင်သော” လို့ အနက်ဆောင်ပါတယ်။ အမှန် တကယ်လည်း ဟုတ်ပါတယ်။ ဘယ်အစားအစာမဆို တော်တော်များများမှာ ပန်တိုသနစ် အက်ဆစ် ပါဝင် နေလေ့ ရှိပါတယ်။ ဒါကြောင့်မို့လည်း ပန်တိုသနစ်အက်ဆစ် ချို့တဲ့တဲ့ လက္ခဏာကို လူတွေ မှာ တော်ရုံတန်ရုံ တွေ့ရလေ့မရှိပါဘူး။
            ပန်တိုသနစ်အက်ဆစ်ဟာ ကာဘိုဟိုက်ဒြိတ်၊ အဆီနဲ့ ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုအတွက် အရေးပါလှတဲ့  ဗီတာမင်တစ်မျိုးပဲ ဖြစ်ပါတယ်။
            ပန်တိုသနစ်အက်ဆစ်ချို့တဲ့မယ်ဆိုရင်တော့ အထက်ပါ ဇီဝလုပ်ငန်းစဉ်တွေ ပျက်စီးပြီး  စိတ်ဓါတ် ကျတာ၊ ကြွက်တက်တာ၊ ထုံတာ ကျင်တာ အစရှိတာတွေ ခံစားရတတ်ပါတယ်။ ပန်တိုသနစ်အက်ဆစ် အများဆုံးပါဝင်တဲ့အစားအစာတွေကတော့ အသည်း၊ ကြက်ဥ၊ ကောက်သီးနှံနဲ့ အခြားဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ပါတယ်။

Vitamin B6

          ဗီတာမင်ဘီစစ်ဟာ သွေးနီဥ ဖွဲ့စည်းရာတွင် ကူညီထမ်းဆောင်ပေးပါတယ်။ အာရုံကြောအချက် အလက်များ များအတွက် အရေးပါသလို အမိုင်နိုအက်စစ် ဖွဲ့စည်းဖို့အတွက်လည်း ဗီတာမင်ဘီစစ်ကို လိုအပ်ပါတယ်။
            တစ်နေ့တာ လိုအပ်ချက်ကတော့ ၂ မီလီဂရမ်မျှ ဖြစ်ပြီး လူသားတွေမှာ ချို့တဲ့တာကို သိပ်မတွေ့ရှိရ တတ်ပါဘူး။ ဗီတာမင်ဘီစစ် ချို့တဲ့မယ်ဆိုရင်တော့ ခန္ဓာကိုယ်အစိတ်အပိုင်းများရဲ့  အပေါ်ယံအလွှာတွေ  ပျက်စီးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ ဖြစ်ပွါးဖို့ အလားအလာများတယ်လို့လည်း ဆိုထားပါသေးတယ်။ တစ်နှစ်အောက် ကလေးငယ်တွေမှာတော့ ဗီတာမင်ဘီစစ်ချို့တဲ့မယ်ဆိုရင် ၀မ်းလျှောတာ၊ တက်တာ ၊ သွေးအားနည်းတာတွေ ဖြစ်လာနိုင်ပါတယ်။ တီဘီဆေးသောက်နေတဲ့ လူနာတွေမှာ ဘီတာမင်ဘီစစ် ချို့တဲ့ နိုင်ပါတယ်။
            ဗီတာမင်ဘီစစ်ဖြည့်စွက်ဆေး ပမာဏများများဟာ ဆီးချိုကြောင့်အာရုံကြောအားနည်းတဲ့ ရောဂါ၊ စိတ်ကစဥ့်ကလျားဖြစ်တဲ့ ရောဂါနဲ့ အမျိုးသမီးများ ဓမ္မတာမလာမီ ဖြစ်ပေါ် တဲ့ ရောဂါ လက္ခဏာစုတွေ အတွက် အသုံးပြုနိုင်တယ်လို့ ဆိုထားပါတယ်။
            ဗီတာမင်ဘီစစ်ပမာဏ လိုအပ်တာထက် ပိုမိုသောက်သုံးမိပါက ဆိုးဆိုးဝါးဝါး ဘေးဥပဒ် မဖြစ်စေနိုင် ဘူးဆိုပေမယ့် ရံဖန်ရံခါ ထုံတာကျင်တာ၊ လမ်းကောင်းကောင်းမလျှောက်နိုင်တာ၊ အလင်းရောင် ကို ကောင်းကောင်းမကြည့်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။

Vitamin B7

          ဒီဗီတာမင်ကို ဘိုင်အိုတင် (Biotin) ဟူ၍ ခေါ်ဆိုလေ့ရှိပါတယ်။ ရှေးယခင်ကတော့ Vitamin H လို့ ခေါ်ဆိုခဲ့ဖူးပါတယ်။ H ဆိုတာကတော့ ဂျာမန်စကားလုံး haar und haut  ဆိုတာကို ကိုယ်စားပြုတာဖြစ်ပြီး “ဆံပင်နှင့် အရေပြား”HံH လို့ အဓိပ္ပါယ်ဆောင်ပါတယ်။
            ဘိုင်အိုတင်ချို့တဲ့မယ်ဆိုရင် ဆံပင်တွေပါးမယ်၊ ကျွတ်မယ်၊ အရောင်တွေမွဲခြောက်နေပါမယ်။ အရေပြားဟာလည်း အနီစက်တွေပေါ်ပြီး အရေပြား ကျန်းမာရေးကို ပျက်စီးစေနိုင်ပါတယ်။ အချိန်ကြာ လာတာနဲ့အမျှ ပျို့တာ၊ အန်တာ၊ ထုံကျင်တာ၊ ခုခံအားတွေကျဆင်းလာတာတွေ ခံစားရတတ်ပါတယ်။
            အသည်း၊ ကောက်သီးနှံ၊ ကြက်ဥနဲ့ အခြားအစားအစာ တော်တော်များများ မှာ ဘိုင်အိုတင် ပါဝင်ပါ တယ်။ လူ့ခန္ဓာကိုယ် အူမကြီးမှာရှိတဲ့ ဘက်တီးရီးယားတွေဟာလည်း ဘိုင်အိုတင်ပမာဏ အနည်းငယ်ကို ဖွဲ့စည်းထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။ ကြက်ဥမှာ ဘိုင်အိုတင်ဓါတ်ပါ ၀င်တယ်ဆိုပေမယ့် အစိမ်း လိုက် သောက်မယ်ဆိုရင်တော့ ကြက်ဥမှာပါဝင်တဲ့ avidin ဆိုတဲ့ ပရိုတင်းတစ်မျိုးဟာ အူထဲမှာ ဘိုင်အိုတင် စုပ်ယူမှုကို လျော့ကျစေနိုင်ပါတယ်။ ဒါပေမယ့် ကြက်ဥကို ကျက်အောင်ချက်လိုက်မယ်ဆိုရင်တော့ အဲဒီ ပရိုတင်းပြိုကွဲသွားပြီး ပုံမှန်အတိုင်း ဘိုင်အိုတင်ဓါတ်ကို ကောင်းစွာ စုပ်ယူနိုင်မှာဖြစ်ပါတယ်။ အစာအာဟာရ မျှတအောင် မစားတဲ့သူတွေ၊ အတက်ကျဆေးတွေ စွဲသောက်နေရတဲ့သူတွေမှာ ဘိုင်အိုတင် ဓါတ် လျော့နည်းနိုင်ပါတယ်။

Folic Acid

 Vitamin B9၊ vitamin M စသည်ဖြင့် နာမည် အမျိုးမျိုးရှိပေမယ့် ဖောလစ်အက်ဆစ်လို့သာ လူသိများကြ ပါတယ်။ ဖောလစ်အက်ဆစ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ လိမ္မော်သီး၊ စတော်ဘယ်ရီ စတဲ့  အသီး အနှံတွေ၊ ဟင်းနုနွယ်လိုမျိုး အစိမ်းရင့်ရောင် ဟင်းရွက်တွေနဲ့ ပဲအမျိုးမျိုးတို့ ဖြစ်ပါတယ်။ တစ်နေ့တာ လိုအပ်ချက်ကတော့ အနည်းဆုံး ၄၀၀ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။ ကိုယ်ဝန်သည် အမျိုးသမီးတွေ မှာတော့ ဒိထက်မက ပိုမိုလိုအပ်ပါတယ်။ ကိုယ်ဝန်ရဲ့ ပထမ၁၂ ပတ်မှာ ဖောလစ် အက်ဆစ် ဖြည့် စွက်ဆေး ၀ါး များ စားသုံးပေးမယ်ဆိုရင် ရင်သွေးသန္ဓေသားမှာ ဦးနှောက်နှင့် အာရုံကြောမကြီး မဖွံ့ဖြိုးမှုကို ၇၀ ရာခိုင်နှုန်းမျှ ကာကွယ်ပေးနိုင်ပါတယ်။
              ဖောလစ်အက်ဆစ်ဟာ အပူကို အရမ်းကြောက်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဟင်းသီး ဟင်းရွက်တွေ ကို အချိန်ကြာမြင့်အောင် ချက်ပြုတ်မယ်ဆိုရင် ဖောလက်အက်ဆစ် ၉၅ ရာခိုင်နှုန်း. .လောက် ပျောက်ပျက်ဆုံးရှုံးနိုင်တယ်လို့ ဆိုထားပါတယ်။ အရက်သောက်တဲ့ သူတွေမှာ လည်း ဖောလက် အက်ဆစ် ချို့တဲ့နိုင်ပါတယ်။ ဖောလစ်အက်ဆစ်ဟာ သွေးနီဥဆဲလ်များ ကြီးထွားစေရန် ပါဝင် ကူညီဆောင် ရွက်ပေးပါတယ်။ ဖောလစ်အက်ဆစ် ချို့တဲ့ရင် သွေးအားနည်ရောဂါ ခံစားရမှာ ဖြစ်ပါတယ်။
Vitamin B12


ဒီဗီတာမင်ကိုတော့ ဘက်တီးရီးယားတွေကသာ ဖွဲ့စည်းနိုင်ပါတယ်။ အသားငါးနဲ့ နို့ထွက်ပစ္စည်းတွေ ကနေ သာ B12 ကို ရရှိနိုင်ပြီး ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေမှာတော့ B12 မပါဝင်ပါဘူး။ B12 ဟာ သွေးနီဥဆဲလ်များ ဖြစ်ပေါ်ဖို့နဲ့ ကြီးထွားရှင်သန်ဖို့အတွက် အရေးပါလှတဲ့ ဗီတာမင်တစ်မျိုး ပဲ ဖြစ်ပါ တယ်။ B12 ချို့တဲ့ရင်တော့ သွေးအားနည်းရောဂါ ဖြစ်စေနိုင်ပါတယ်။
   အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါပြဿနာတွေ ရှိတတ်သူတွေမှာ B12 ချို့တဲ့နေနိုင်ပါတယ်။ သက်သက်လွတ်စားသူတွေမှာလည်း B12 ချို့တဲ့ကောင်း ချို့တဲ့နိုင်တဲ့အတွက် ဖြည့်စွက်ဆေးဝါးများ စားသုံးသင့်လှပါတယ်။ တစ်နေ့တာအတွက် B12 လိုအပ်ချက်ကတော့ အနည်းဆုံး ၃ မိုက်ခရိုဂရမ်ပဲ ဖြစ်ပါ တယ်။
     ဗီတာမင်တွေဟာ ခန္ဓာကိုယ်သက်ရှင်လှုပ်ရှားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ အစာအာဟာရ မမှီဝဲဘဲ သက်ရှိတွေဟာ အသက်ရှင်လို့ မရပါဘူး။ ဒါကြောင့်မို့ မိမိတို့ တစ်နေ့တာ စားသုံး လိုက်တဲ့  အစားအစာတွေထဲမှာ သင့်တင့်လျောက်ပတ်တဲ့ ဗီတာမင် ပမာဏတွေ အချိုးကျကျ ပါဝင်ဖို့ လိုအပ် ပါတယ်။ အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို ဗီတာမင်ကြွယ် အစားအစာများကို အာဟာရပြည့်အောင် စားသုံးမှသာ ကာယသုခ၊ စိတ္တသုခနဲ့ ပြည့်စုံနိုင်မယ် ဖြစ်ပါကြောင်း ဆန္ဒပြု ရေးသားလိုက်ရပါတယ်။
လေးစားစွာဖြင့်..
ဒေါက်တာအောင် (29.10.2011)
                                        Ref:
                                                   (1)Handbook of Vitamins(4th edition)
             (2)The Vitamin Source Book by Tonia Reinhard,M.S.,R.D.
                        (3)Textbook of Medical Physiology by Guyton& Hall (11th edition)
             (4)Harrison's Principles of Internal Medicine (17th edition)

Posted by ပုထုစဉ် on March 12, 2012 


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>