2 3 4 5 6 7 8 9 10

Wednesday, August 15, 2012

ပုဂံ - ညောင်ဦး



မဟာဆိုတဲ့ ကြီးမြတ်ခြင်းနဲ့
အလိုက်ဖက်ဆုံးမြေ
ပုဂံ
ကမ္ဘာကြီးက မြန်မာကို လှည့်ကြည့်ဖို့
အဆွဲဆောင်ဆုံးမြေ
ပုဂံ
အနော်ရထာ ကျန်စစ်သား
ငထွေရုး ငလုံးလက်ဖယ် ညောင်ဦးဖီး
သူရဲကောင်းစိတ်နဲ့
ခွပ်ဒေါင်းမျိုးဆက်တို့ ထွန်းကားရာမြေ
ပုဂံ မဟာပုဂံ။
ပထမဆုံး မြန်မာကဗျာ
" မြကန်
တောင်ကျချောင်းတေး ရေ၀င်ပြေးလှည့်
ရေးအေးကြည်စွာ ကန်ပိုင်မာလျက်
ကြာပေါင်းထုံထုံ ငှက်မျိုးစုံသည်
ဘုံဝတိံသာ နန္ဒာပေလော
တူစွဟုတ်တာ "

 
ထန်း ထနောင်း ငုနဲ့
တို့အရပ် တို့ရွာ လာခဲ့တယ်
ဘုံဝတိံသာ နန္ဒာလော။
ရန်ကုန်ထက် စိမ်းမြ
လေကအစ လတ်ဆတ်
ဓမ္မရာစက
ဘယ်သူကများ ရှေးအမွေကို
သူ့အမွေ လုပ်ပစ်ခဲ့ပါလိမ့်
ပုဂံ ...။
ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှာန်းနဲ့
ဇာတိမာန်တွေ အုန်းအုန်းထ
တော်လိုက်တဲ့ ဗိသုကာ
စေတီများ ပုထိုးများ
စုလစ်မွန်းချွန်များ
ငါတို့တွေဘာကြောင့် ညံ့ကုန်တာလဲ
ညံ့အောင် ဘယ်သူလုပ်ခဲ့တာလဲ
စိတ်နာဖို့တောင် မအားအောင်လှတဲ့  ပုဂံ ...။

အလှတွေပျက်အောင် ဖျက်ခဲ့တဲ့ တရာခံ
သင်ပုံးချေလို့တော့ရမယ်
သမိုင်းကို မေ့ပစ်ဖို့တော့
မဖြစ်နိုင်ဘူး
ရှေးဟောင်းအမွေ ကမ္ဘာ့အမွေ ဒီမြေမှာ
ခေတ်ပေါ်သူဌေးတွေရဲ့ 
ငွေဖြူလုပ်စက်
ဟိုတယ်တွေ မျှော်စင်တွေ
တစ်ခါမှ ဒီလောက်မနှမြောခဲ့ဖူးဘူး
အခုနှမြောလို့ မဆုံး ပုဂံ...။
ပုဂုံဆို ယွန်းအနုပညာ
ဒီအနုပညာကို ကုန်ထုတ်စက်လို
စက်ရုံတွေထောင်
ယုံကြည်ချက်အနုပညာနဲ့
လက်လုပ်လက်စားဒေသခံများ
ပိုက်ဆံကို ဆိုချင်သလောက်ဆိုပေး
တစ်သံသရာလုံး အလုပ်သမားဖြစ်ရမလို
အနုပညာတော့ ဆိုလို့မရဘူး ပုဂံ...။
မီးခိုးမဲ့စက်ရုံဆိုပြီး
ဧည့်သည်မျှော်တတ်တဲ့ရွာ
ရိုးရာမဟုတ်တာကို ရိုးရာလုပ်ပြတာ
ဧည့်သည်တွေ ပါလာတဲ့ ပညာကို မမျှော်ဘဲ
ပိုက်ဆံကိုမျှော်မှတော့
အနာဂတ် ကလေးတွေအတွက်
ရင်နာရလိမ့်မယ် ပုဂံ ...။
နှစ်ပေါင်းနှစ်ဆယ်ကျော်
မရောက်ဖြစ်တဲ့ ပုဂံ
လက်ညှိုးထိုးသမျှ
နာမည်တစ်ခုထဲကြားရတယ်
ပက်စက်လိုက်ပါလေ့
ပေါင်းစားတို့ရယ်။
မိုးဖွေးဖွေးလေးနဲ့

အလင်းပါးပါးဆမ်းထားတဲ့ ပုဂံ
အလိုမကျတာတွေကြားက
အလွန်ကို လှပါပေ့ ပုဂံ...။
ပုန်းရည်ဆို ညောင်ဦး
မျိုးချစ်စိတ်ဆို ညောင်ဦး
ဒီမိုကရေစီ ခေတ်ဦးမှာ
ချစ်ခြင်းတွေ ကူးကြရအောင်
စာနာခြင်းလက် အတူယှက်လို့
ငါတို့တွေ လူက လူကိုကူ
လူက လူလို ကုသိုလ်ယူ
ဘေးဒုက္ခသင့် ပြည်သူတွေ
မျက်ရည်ကူသုတ်
လူလုပ်ကြရအောင် ညောင်ဦး
ဧရာဝတီကို မေးတင်ထားတဲ့ ပုဂံ-ညောင်ဦး
ဧရာဝတီကို စောင့်ရှောက်ပါ
ဧရာဝတီက စောင့်ရှောက်ပါလိမ့်မယ်..။
ငရုတ် ကြက်သွန်
ထွက်ကုန်တွေတင်လို့
တရုတ်ဂွမ်းဒေါင်းထော်လာဂျီနဲ့
မကျည်းရိပ် ထနောင်းရိပ်မှာ
ရိုးသားစွာ ကြိုးစား
ဘ၀တွေအတွက် လက်လုပ်လက်စားများ
ငွေအစား
စေတနာတွေ သူဌေးပါလား
မေတ္တာတွေ သူဌေးပါလား
ပုဂံ-ညောင်ဦးသားများရဲ့ 
မင်္ဂလာတရား
ပုဂံဟာ ပိုပြီးလှစေသား။
သူရဲကောင်းအပေါင်း မွေးဖွားရာမြေ
သူရဲကောင်းများ ထွန်းကားမယ့်မြေ
ဒီမြေ ဒီရေဟာ
ငါတို့အားလုံးရဲ့ မြေ
ပုဂံ မဟာပုဂံ။
ပုပ္ပါးပန်းဆက်ရာလမ်းက
ပန်းပေါင်းများစွာ မွှေးမြပွင့်ဖူး
ပုဂံဆိုတဲ့ ဘ၀မုခ်ဦးမှာ
ပန်းရဲ့ လမ်းနဲ့ ပုဂံ
ပန်းရဲ့ လမ်းနဲ့ ညောင်ဦးနဲ့
ကုသိုလ်တွေ ထူးပါရဲ့ 
ဒီမိုကရေစီခရီး
အတူသွားစို့ ပုဂံ-ညောင်ဦး
ငါတို့အားလုံးချစ်တဲ့ မဟာပုဂံ..။


စောဝေ
( Monitor Vol 2 - No.18 P- 25 )

ကမ္ဘာသစ် မြန်မာ Fan Page

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>