2 3 4 5 6 7 8 9 10

Sunday, August 12, 2012

ဘုရားဂုဏ်တွေး အားဆေးသောက်ကွယ်



     ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ပရိနိဗ္ဖာန်စံလွန်သွားခဲ့ပေမဲ့ ဗုဒ္ဓမြတ်စွာရဲ့ ပုံတော်မှတဆင့် ဂုဏ်တော်များကို မှန်းဆကြည်ညို သတိရပြီး ဖူးမြော်နိုင်ပါသည်။ မိမိတို့၏ မိဘများသည် မိမိတို့အပေါ် တွင် မေတ္တာ၊ ကရုဏာ၊ နှင့် ဂုဏ်ကျေးဇူးတို့သည် သက်ရှိထင်ရှားရှိစဉ်ကရှိခဲ့သလို မိဘများ မရှိတော့ လျှင် လည်း မိဘတို့၏ဓါတ်ပုံကို ကြည့်၍ ကျေးဇူးဂုဏ်အထူးကို သတိရအောက်မေ့လျှင် သက်ရှိမိဘများသည် မိမိတို့၏ စိတ်တွင် ထင်လာသကဲ့သို့ဖြစ်ပါသည်။


  ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်များကို မိမိတို့၏ စိတ်တွင် ထုံပါများလာလျှင် ထိုဂုဏ်သတ္တိထူးများသည် မိမိတို့၏ စိတ်တွင်ဦးဆောင်၍ ဘ၀ပြသာနာ အခက်အခဲများကို ဖြေရှင်းပေးနိုင်ပါသည်၊ ဂုဏ်တော်များထုံနေ၍ မိမိတို့၏ စိတ်ကို ငြိမ်းချမ်းတည်ငြိမ်လာပြီး အသိဥာဏ်တရားများကို ပိုင်ဆိုင်နိုင်ပါသည်။ ထို့ကြောင့် စိတ်ချမ်းသာရေး ဘုရားဆေး ဟူ၍ ဘုရားဂုဏ်တွေး အားဆေးသောက်ကွယ် ဟု ဆိုကြပါသည်။
ဗုဒ္ဒမြတ်စွာ၏ ဂုဏ်တော်များကို အဖန်ဖန်အထပ်ထပ်သတိရနေခြင်းကို ဗုဒ္ဂါနုဿတိ ဟုခေါ်၏။ ထိုသတိကို မိမိစိတ်အစဉ်၌ဖြစ်စေခြင်းကို ထိုသတိဖြင့် မိမိစိတ်ကို ထုံမွမ်းထားခြင်းကို ဗုဒ္ဂါနုဿတိ ဘာဝနာ ဟု ခေါ်သည်။ ဗုဒ္ဂါနုဿတိဘာဝနာ ကမ္မဌာန်းသည် နေ့စဉ်ဘုရားရှိခိုးလေ့ရှိသော ဗုဒ္ဂဘာသာဝင်တို့ အတွက် လွယ်ကူသော ကမ္မဌာန်းဖြစ်ပါသည်။

ဗုဒ္ဂါနုဿတိ ကြိုးစားနည်း
၁။ လက္ခဏာတော် ကြီးငယ်အသွယ်သွယ်ဖြင့် သပ္ဖါယ်သော (ဗုဒ္ဂဖြစ်တော်မူချိန်ဝယ် ၃၅နှစ်အရွယ်မျှသာရှိသေးသော) ဗုဒ္ဂမြတ်စွာ၏ မိမိရှေ့မှောက် မနီးမဝေး၌ ရောက်နေပုံကို အာရုံယူပါ။
၂။ဗုဒ္ဂမြတ်စွာ၏ မျက်နှာတော်စသော ကိုယ်အင်္ဂါတိုင်း၌ ရှေးရှေးပါရမီကောင်းမှုများက မွမ်းထုံထားသောကြောင့် ထူးထူးခြားခြား ကြည်လင်သန့်ရှင်းနေပုံကိုလည်း အာရုံယူပါ။
၃။အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးတို့ကို ပယ်ပြီးဖြစ်၍ စိတ်တော်အစဉ် ကြည်လင်သန့်ရှင်းနေပုံကိုလည်း အာရုံယူပါ။
၎။ ထိုကြည်လင်သန့်ရှင်းသော စိတ်တော်၌ အစွမ်းသုံးပါးနှင့် ပြည့်စုံသော သဗ္ဖညုတ ဥာဏ်တော်ကြီး ကိန်းဝပ်တော်မူပုံကိုလည်း အာရုံယူပါ။
၅။ ထိုဘုရားရှင်က မိမိကို အပါယ်ဆင်းရဲ ၀ဋ်ဆင်းရဲမှ ကယ်တင်ဖို့ရာ ကြီးစွာသော မဟာကရုဏာဖြင့် ကြည့်တော်မူနေပုံကို အာရုံယူပါ။
၆။ထိုကဲ့သို့ အာရုံယူ၍ လက်အုပ်ချီကာ ဗုဒ္ဂေါ ဗုဒ္ဂေါ ဟု အထပ်ထပ်ရွတ်ဆို၍ ကြီးသီးထလောက်အောင် ပီတိဖြစ်သောအခါ ထိုပီတိကို အနိစ္စ ဒုက္ခ ရှုပါ။
၇။ပီတိမဖြစ်လျှင်လည်း ဗုဒ္ဒကို အာရုံပြုသော မိမိစိတ်အစဉ်၏ မမြဲပုံကို သတိဖြင့်စိုက်၍ အနိစ္စ အနိစ္စ ဟု ရှုပါ။
၈။ဤသို့ နေ့စဉ် မှန်မှန်ကြိုးစားသောအခါ ရာဂ ဒေါသ မာန က္ကဿ မစ္ဆရိယ မာယာ သာဌေယျ စသောအကုသိုလ်တရာများနည်း၍ သဒ္ဒါ၊ ပညာ၊ သတိ၊ သမာဓိ၊ ၀ီရိယ ဟူသော ကုသိုလ်တရားများတိုးပွားလာပါလိမ့်မည်။
၉။ မဟာဂန္ဒာရုံဆရာတော် မိန့်တော်မူသည်မှာ - ထမင်းကို မှန်မှန်စားသလို ကမ္မဌာန်းကိုလည်း မှန်မှန်ကြိုးစားရမည်။ ထမင်းစားချင်၍ စားသော်လည်း မိန်ချင်မှ မြန်မည်။ မစားချင်ဘဲ စားချိန်ကျ၍ စားရစေကာမူ စားရင်းစားရင်း မြန်လာတတ်သည်။ ထို့အတူ စိတ်အားထက်သန်စွာဖြင့် အားထုတ်သော်လည်း အာရုံထင်ချင်မှ ထင်သည်။ စိတ်မထက်သန်ဘဲ အချိန်ကျလို့ အားထုတ်သောအခါ အရသာရှိရှိ ပီတိဖြစ်လောက်အောင် အာရုံထင်လာတတ်သည်။
၁၀။ဘုန်းတော်ကြီးဘုရားကို အာရုံယူရာ၌ ဥာဏ်အားနည်းသေးသူတို့မှာ ရုပ်တုရုပ်ပွားလောက်သာ ထင်လာတတ်၏။ စေတီတော်ကို ဖူးမျှော်ရာ၌လည်း စေတီတော်အတိုင်းသာ အာရုံထင်လာတတ်၏။ ထိုအာရုံများ ထင်လာရာ၌လည်း အကျိုးမနည်းပါ။ သို့သော် ထိုအာရုံများမှတဆင့် သက်တော်ထင်ရှား မြတ်ဘုရားကို အာရုံရအောင် ကြိုးစားမှသာ ဗုဒ္ဒါနုဿတိ ကမ္မဌာန်းဘာဝနာကို အားထုတ်ရာ ရောက်ပါသည်။
ဘုရားရှိခိုးရခြင်း၊ ဘုရားဂုဏ်တော်များကို အာရုံပြု၍ပွားများအားထုတ်သူသည် -

စေတီအတူ ၊ စိတ်မူတည်ကြည်
ရောက်မည်နတ်ရွာ၊ သစ္စာသိလွယ်
မြတ်နွယ်အမျိုး၊ ရိုကျိုးခံရ
ပြည့်ဝအင်္ဂါ၊ ဆင်းလှစွာဖြင့်
ကာယာခံတွင်း၊ ကြိုင်သင်းမွှေးကြု
ကြီးမူပညာ နက်စွာထက်ရွှင်
လျှင်မြန်ဆန်းကြယ် ၊ ကောင်းကြွယ်စကား
ဆိုနိုင်ငြားသည် ၊ ရှိခိုးရကျိုး
ဆယ့်ခုနှစ်မျိုးတည်း..။    ဟူ၍ အကျိုးတရားများကို ရရှိနိုင်ပါသည်။

(မဟာဂန္ဒာရုံဆရာတော်ဘုရားကြီး၏ ဗုဒ္ဂါနုဿတိဘာဝနာ မှ)


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>