2 3 4 5 6 7 8 9 10

Thursday, August 16, 2012

မကာရ ရာသီဖွား ညီမငယ့်စိတ်ထား

***  မကာရ ရာသီဖွား ညီမငယ့်စိတ်ထား…
(မကာရ ရာသီ-Capricorn)…
 ပြာသိုလဖွား ( December 22nd  to  January 20th )

…ပြာသိုလကို အင်္ဂလိပ်ပြက္ခဒိန်မှာ ဒီဇင်ဘာ ၂၂ ရက်နေ့က ဇန်န၀ါရီ ၂၀ ရက်နေ့အတွင်း အချိန်ကာလများကို ခေါ်ဝေါ်ပြီး ကောင်းကင်ရာသီရုပ်က “မကန်း” ရုပ်ပုံရှိတာမို့ မကာရ ရာသီလို့ အမည်တွင်တယ်။ စနေဂြိုလ်စိုးမိုးပြီး မြေဓါတ်ကြီးစိုးတဲ့အချိန် ဖြစ်တယ်။ ဒီလိုနေ့ရက်တွေမှာ မွေးဖွားလာတဲ့ အပျိုစင် ညီမလေးတွေကို မကာရ ရာသီဖွားလို့ခေါ်ရမယ်။


  •       ပြုံးအလှပိုင်ရှင်…
…ငြိမ်ငြိမ်အေးအေး နေတတ်သူလေး၊ သူ့စိတ်ကူး အကြံလေးနှင့် စီစဉ်ကြံဆနေသူလေးတွေဖြစ်တယ်။ သူတို့ မျက်နက်ဝန်းလေး တွေဟာ ရွှမ်းစိုပြီး အရည်လဲ့နေတတ်တယ်။ မျှော်မှန်းချက်ကြီးပြီး တက်ကြွတဲ့ အား မာန်တွေကြောင့်ပါပဲ။ ဒီစိတ်ဝင်စားစရာ မျက်နှာလေးပေါ်မှာ အပြုံးလေးပေါ်လာရင်တော့ ဒီအပြုံးလေး ကို  နှစ်လိုဖွယ်အပြုံးအဖြစ်နှင့် မမေ့နိုင်စရာ ဖြစ်ရတတ်ပါတယ်။ ပြုံးရင် ပိုလှတဲ့ မိန်းကလေးမျိုးပါ။
  •       မူရာ ဟန်ပန်…
…အားကစားသမားရဲ့ ကိုယ်ဟန်မူရာလို ကိုယ်ဟန် မတ်မတ်နှင့် ရဲ့ရင့်ဖျတ်လတ်ဟန် ရှိတယ်။ ဒါပေမယ့် စကားတွေ အများကြီး ပြောခြင်း၊ မြန်မြန်ပြောခြင်း မရှိဘူး။ တည်တည်ငြိမ်ငြိမ်လေး နေလိမ့်မယ်။ စကားပြောရင် စကားတစ်လုံးချင်းကို သတိထားပြီး ပြောလိမ့်မယ်။ သူတို့ အသားအရေဟာ ပျော့ပျောင်းပြီး  ကိုယ်ဟန်နွဲ့နှောင်းတယ်။ လူအများနဲ့ ရောနှောဝင်ဆံ့နိုင်တဲ့ သူလေးရဲ့ အမူအရာများ ရှိတယ်။ သူ့ကို လူအများ ချစ်ခင်ကြလိမ့်မယ်။ မျက်နှာအဆင်း ကြည်လင်လို့ဖြစ်တယ်။
  •       စိတ်ထား…
…သူတို့မှာ မျှော်မှန်းချက် ကြီးမားကြတယ်။ ဒါကြောင့်ကိုယ်ပိုင် ကြံစည်မှုလေးတွေ ရှိတတ်တယ်။ ဒါကို လူတွေကို ပြောမပြတတ်ဘူး။ လျှို့ဝှက်ထားတတ်တယ်။ ဒါကြောင့် သူ မသိစေချင်တာကို မောင်ငယ်က အလိုက်သိစွာ မစပ်စုနှင့်ပေါ့။ ဒါဆိုအဆင်မပြေစရာ မရှိနိုင်ပါဘူး။ သူဟာ အပေါင်းအသင်းနှင့် ချစ်သူကို အရေးပါသူ၊ အားကိုးရသူအနေနှင့် ပေါင်းသင်းလိုတယ်။ သူ့အတွက် ကိစ္စလေးများကို အရေးပါတဲ့ နေရာ က ဆောင်ရွက်ပေးနိုင်ရင် မင်းဟာ ခြေတစ်လှမ်း သူများထက် ရှေ့ရောက်နေပြီ။ မင်းရဲ့ ငယ်စဉ် က သောကတွေ၊ ဒုက္ခတွေကို သူ့ကို ရင်ဖွင့်မိရင် သူ မင်းကို စိတ်ပျက်သွားလိမ့်မယ်။ သူက လောဘမကြီးပေမယ့် မျှော်လင့်ချက် ကြီးမားတဲ့ မိန်းကလေးမျိုးတော့ ဖြစ်တယ်ဆိုတာ သိထားရမယ်။
  •       ဆန္ဒသဘောထား…
…သူတစ်ပါးရဲ့ လုပ်ဆောင်ချက်တွေ အောင်မြင်ချက်တွေကိုတော့ အားပေးအသိအမှတ်ပြုချင်တယ်။ မင်းက အားကစားဝါသနာပါရင် သူ့ကို အကူအညီတောင်းနိုင်တယ်။ သူလေးက အင်တိုက်အားတိုက် အားပေး ကူညီ လိမ့်မယ်။ သူကိုယ်တိုင်လည်း အားကစားဘက် တွေမှာ ထူးချွန်နေတတ်တယ်။ ဇွဲလည်းရှိတယ်။ စိတ်လည်း ရှည်တယ်။  အိမ်ကိုဖြစ်စေ၊ သူ့အပြင်အဆင်ကိုဖြစ်စေ အမြဲသပ်ရပ် သန့်ရှင်းနေတာ ကြိုက်တယ်။ အထူး သဖြင့် အ၀တ်အစားကို နေရာဒေသနှင့် ရွေးပြီး လိုက်ဖက်အောင် ၀တ်ဖို့အတွက် ဇီဇာချဲ့ တတ်တယ်။ သူနဲ့ သွားတဲ့အခါ ကိုယ့်ရဲ့ အ၀တ်အစား၊ အပြင်အဆင်တွေကို  ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် ၀တ်စားသွား ဖို့ရယ်၊ သန့်ရှင်းသပ်ရပ်နေဖို့ရယ် သတိထားပါ။ ကပိုကရိုနှင့် ဖြစ်သလို ၀တ်စားတတ်ရင် သူသဘောတွေ့မှာ မဟုတ်တဲ့အတွက် စိတ်အနှောက်အယှက်တွေနှင့် မပျော်ရတဲ့အခြေအနေတွေ ဖြစ်လာနိုင်တယ်။
  •       အကြိုက်…
…သူ့အကြိုက်အရောင်တွေက လိမ္မော်၊ အ၀ါရောင်တွေပါတဲ့ အလင်းပါတဲ့အရောင်တွေကို ပျော်ရွှင်နေချိန် မှာ ၀တ်ဆင်တတ်တယ်။ ဇော်ဂျီရောင်၊ အညိုရောင်နုတွေကို စိတ်တည်ငြိမ်တဲ့ပွဲတွေမှာ သုံးတယ်။ သူက ပတ်ဝန်းကျင်နဲ့ လိုက်လျောအောင် နေတတ်တဲ့ သဘောအတိုင်းပါပဲ။ ငွေကြေးဥစ္စာနဲ့ တင့်တယ်ခြင်းကို ကြိုက်တတ်တဲ့အတွက် အကောင်းစား အ၀တ်အစားတွေကို ကြိုက်တယ်။ လက်ကိုင်အိတ်ကောင်းကောင်း၊ ဖိနပ်ကောင်းကောင်းတွေလည်း ကြိုက်တယ်။ အများက အထင်ကြီး လေးစားခံရတဲ့ အလုပ်တွေကို နှစ်သက် တယ်။ ကျောင်းဆရာမလိုအလုပ်၊ ကြီးကြပ်ရေးမှူးတို့လို အလုပ်မျိုးတွေကို ဦးဆောင်ရသူ အဖြစ် နှစ်သက် တယ်။
  •       အစား…
…အစားကို လျှော့စားတတ်တယ်။ ၀ပြီး မလှမှာ သိပ်စိုးရိမ်တယ်။ ဒါပေမယ့် ညစာစားပွဲတွေကို ဂရုတစိုက် ဖိတ်ကျွေးတာကိုတော့ တစ်ပတ်တစ်ခါလောက် စားချင်တယ်။ သူက အစားကို ခံ့ခံ့ညားညား ၀ိုင်းဖွဲ့စားရ တာကို နှစ်သက်တာကိုး။ မိတ်ဆွေတွေကိုလည်း ကျွေးမွေးတယ်။ ဧည့်ဝတ်ကျေတတ်တယ်။ နံနက်စောစောဆိုလည်း စားစရာကို ပြင်ဆင်ပြီး ဖြစ်နေတတ်တယ်။ သူကိုယ်တိုင်လည်း အစာစားဖို့ ဖြီးလိမ်းပြင် ဆင်ပြီး ဖြစ်နေတတ်တယ်။ ညစာစားဖို့ပွဲတွေကို ကြိုမချိန်းထားရင်တောင် ဖိတ်ခေါ်ရင် ငြင်းခဲတယ်။ နှစ်သက်စွာ လိုက်ပြီး စားတတ်တယ်။

  •       ရင်းနှီးမှု…
…ရဲရင့်သွက်လက်ပြီး ဟန်ဆောင်ကင်းသူဖြစ်ပေမယ့် ပူးပူးကပ်ကပ် နေလွန်းတာတွေကို မကြိုက်တတ်ဘူး။ ထိတို့ပြီး စကားပြောတတ်တာကိုလည်း မကြိုက်ဘူး။ အဲဒီလို စရိုက်ပါတဲ့ မောင်ငယ်တွေဆိုရင် ရင်းနှီးဖို့ ဝေးရော၊ ကြာကြာ စကားပြောနိုင်မှာ မဟုတ်ဘူး။ သူတစ်ကာထက် အရည်အသွေးသာတယ်ထင်ရင် သူက ရင်းနှီးကျွမ်းဝင်လိုသူဖြစ်တယ်။ ဒါကြောင့် သူ့ရှေ့မှာ အထင်တကြီးဖြစ်စေဖို့ အမြဲတမ်း အရေးပါသူ၊ စွမ်းဆောင်နိုင်သူအနေနှင့် နေပြနိုင်ဖို့ လိုအပ်တယ်။ သူက သူအထင်ကြီးမှ ရင်းနှီးမှုရမှာဖြစ်တယ်။ သူ့ကို ရင်းနှီးအောင် ကျီစယ်နောက်ပြောင်တာတွေ အလွန်အကျူး မပြုလုပ်မိစေနှင့်။ သူက အဲဒါတွေ မနှစ်သက်ဘူး။
  •       ၀ါသနာ…
…အားကစား ၀ါသနာရှိတယ်။ တင်းနစ်ရိုက်တာ၊ ကြက်တောင်ရိုက်တာ၊ ဂေါ့ဖ် ကစားတာတွေ ၀ါသနာကြီးမယ်။ ထူးဆန်းတဲ့ အကဆန်းတွေကို ကတတ်တဲ့သူလည်း ဖြစ်လိမ့်မယ်။ တစ်နေကုန် အလုပ်တွေ မပြတ်လုပ်တတ်သေးတယ်။ သူ့အခန်းတွေ၊ အ၀တ်အစားတွေဟာ အမြဲသပ်ရပ် ဖြူဖွေးသန့်ရှင်းနေကြမယ်။ မိတ်ဆွေတွေကို အရသာရှိတဲ့ အစားအစာတွေ ပြုလုပ်ကျွေးမွေး တတ်သေးတယ်။  အပြောင်းအလဲများပြီး အိမ်ပြောင်းလိုက်၊ အခန်းပြောင်းလိုက်ဆိုတာတွေ ၀ါသနာမရှိဘဲ တစ်နေရာတည်း စွဲမြဲစွာ နေထိုင် တတ်တယ် ။ လူအများနဲ့ ဆက်သွယ်ရတာကို ၀ါသနာရှိတယ်။ ရှေ့နေ၊ ဆရာဝန်၊ ကျောင်းဆရာ၊ သူနာပြု၊ မန်နေဂျာ စသဖြင့် ၀ါသနာရှိမယ်။ အလုပ်ကိုလည်း စွဲစွဲမြဲမြဲ မပြောင်းမလဲ လုပ်တတ်တယ်။
  •       စရိုက်…
…သူတို့ဆီကို စာရေးရင် ဖျက်ရာမပါဘဲ သန့်ရှင်းနေမှ ဖြစ်မယ်။ စာရေးစက္ကူကို လည်း ကောင်းကောင်း သုံးရလိမ့်မယ်။ သူနှင့် တယ်လီဖုန်းပြောရင်လည်း ယဉ်ကျေးချိုသာစွာ ပြောသင့်တယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ သူက အဲဒီစရိုက်တွေအားလုံး သူက လိုက်နာတတ်တာကိုး။ လူကြီးသူမတွေကို ရိုသေလေးစား တတ်တယ်။ လူအများကြားမှာ ဣနြေ္ဒသိက္ခာလေးနှင့် နေထိုင်တတ်ပြီး တည်ကြည်ခံ့ညားစွာ နေတတ် လို့လည်း သူ့ကို အနေအထိုင်ကြောင့် အသက်ကြီးသယောင် ထင်ရတတ်တယ်။ သူက ဒီလိုစရိုက်ရှိတာ မို့ ပေါ့ပေါ့ ဆဆနှင့် လေးလေးနက်နက် မရှိတတ်သူတွေကို အရောတ၀င် ခင်မင်မှာ မဟုတ်ဘူး။
  •       အတွေး…
…သူ့ချစ်သူကို သန့်ရှင်းသပ်ရပ် လှပသူအနေနှင့် အတွေးတွေထဲမှာ ရှိထားတယ်။ အားကိုးလောက်တဲ့ အရည်အချင်းရှိသူဆိုရင်တော့ သူမျှော်မှန်းထားတဲ့ ချစ်သူဖြစ်ပြီပေါ့။ သူကလည်း အိမ်ရှင်မကောင်းဖြစ်ဖို့ အရည်အချင်းတွေ ရှိပြီးသား၊ ၀ါသနာပါပြီးသားဆိုတော့ သာယာတဲ့ အိမ်ထောင်ကလေး တစ်ခု ကို မျှော်တွေးနေတာဖြစ်တယ်။ မသေချာ၊ မရေရာတာတွေကို စိတ်ကူးမယဉ်ဘူး။ မဖြစ်နိုင်တာတွေ မတွေး ဘူး။ ဒါပေမယ့် ချစ်သူကို ကြင်နာယုယဖို့ ကိစ္စတွေကိုတော့ ကြိုတွေးထားပြီးသားဖြစ်တယ်။ ဒါကြောင့် သူ့ရဲ့ အတွေးလေးတွေက ဖြစ်ပေါ်လာတဲ့ အပြောလေးတွေ၊ အပြုအမူလေးတွေ၊ အပြုံးလေးတွေဟာ သူ့ချစ်သူ မင်းအတွက် မမေ့နိုင်စရာလေးတွေ၊ စွဲမှတ်စရာလေးတွေ ဖြစ်နေမှာပါပဲ.....။
…ဥမ္မာရီ ( မဟာဝိဇ္ဇာ လက္ခဏာပါရဂူ )၏ " မောင့်ရဲ့သက်ထား ပျို့စိတ်ထား" မှ ကမ္ဘာသစ်သူငယ်ချင်းများအတွက် မျှဝေပေးပါတယ်…
Posted by ayeayemoemeeku on March 14, 2012

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>