2 3 4 5 6 7 8 9 10

Thursday, August 16, 2012

မြန်မာပြည်က ရေးတဲ့စာ ( အောင်ဆန်းစုကြည် )


               ပုဂံမှာ ကျွန်မတို့သွားဖူးတဲ့ တတိယမြောက် ပုထိုးက သဗ္ဗုညုဖြစ်ပါတယ်။ ရှေးဟောင်း ဘာသာရေး အဆောက်အအုံတွေထဲ အမြင့်ဆုံးဖြစ်ပြီး ပြေပြစ်တဲ့ အချိုးအစားနဲ့ ပစ္စယံအဆင့်တွေကြောင့် သိပ်ကိုသပ္ပါယ် တဲ့ စေတီပုထိုးတွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်တွေအထိလာရောက်ဖူးမြော်သူများကို ပစ္စယံတွေအပေါ် တက်ခွင့်ပေးတာကြောင့် ပုဂံလွင်ပြင်တစ်ခုလုံးရဲ့ ငြိမ်းချမ်းပြီး အတုမရှိတဲ့ သက်ငြိမ် အခင်း အကျင်းကို လှမ်းကြည့်နိုင်ပါတယ်။ “ ငါ ဒီကိုရောက်ခဲ့တယ်” ဆိုတဲ့ ဓာတ်ပုံတွေ ရိုက်ဖို့ အကောင်း ဆုံးနေရာ ဖြစ်ပြီး ကျွန်မ ကိုယ်တိုင်လည်း ငယ်စဉ်က ဒီပစ္စယံအဆင့်တစ်ဆင့်မှာ ၀မ်းကွဲမောင် တစ်ယောက် ရယ်၊ ဦးလေးတစ်ယောက်ရယ်တို့နဲ့အတူ ရိုက်ထားတဲ့ ပုံတွေ ရှိပါတယ်။ ပုံတွေထဲမှာ ကျွန်မတို့အားလုံး ကိုယ့် ကိုယ်ကိုယ်နဲ့ ကိုယ့်ဘ၀ကို ကျေနပ်အားရနေကြပုံပေါ်ပါတယ်။ ထိန်းသိမ်းရေး အလို့ငှာ ပစ္စယံတွေအပေါ် ဘယ်သူ မှ တက်ခွင့်မပေးတော့ကတည်းက သဗ္ဗုညုကိုလာတဲ့ ဧည့်အရေအတွက် အတော့် ကိုလျော့ပါး သွား ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဒီဂူပုထိုးကြီးဟာ ပြန်လည်ဖော်ထုတ်တာ စောင့်နေတဲ့ အပစ်ပယ်ခံအလှ တစ်ခု လို ဆွေးရိပ်တွေ လွှမ်းနေပါတယ်။ အတွင်းနံရံတွေမှာ သုတ်ထားတဲ့ ထုံးဖြူကြမ်းကြမ်းအောက်က နံရံဆေးရေးတွေကို ကျွမ်းကျင်တဲ့ ပန်းချီ ထိန်းသိမ်းသူ ပညာရှင်များရဲ့အစွမ်းအစနဲ့ ပြန်လည်ဖော်ထုတ်နိုင် ပါလိမ့်မယ်။ ထိန်းသိမ်းစောင့်ရှောက်မှုကတော့ လုပ်ပါတယ် ဆိုလောက်အောင်သာ ရှိတယ် ဆိုတာ ပေါ်လွင် ပါတယ်။ ဒီလောက် ယဉ်ကျေးမှုအရ၊ သမိုင်းအရ အရေးပါလှတဲ့ အဆောက်အအုံကြီးအတွက် ၀မ်းနည်း စိတ်ပျက် ဖွယ်ရာ အခြေအနေပါပဲ။


                ပုဂံနဲ့ ပတ်ဝန်းကျင်မှာ စောင့်ရှောက်ဖို့လိုအပ်တာ အများကြီးပါ။ စမယ်ဆိုရင် ဒီသာသနိက အဆောက်အအုံတွေကပဲ စရပါ မယ်။ ၁၉၉၀ နောက်ပိုင်းလုပ်ခဲ့တဲ့ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေဟာ အကောင်းဆုံးဖြစ်ဖို့ထက် မြန်မြန်ပြီးဖို့ကိုသာ ပညာရှင်တွေရဲ့ အကြံဥာဏ်မပါဘဲ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အနုပညာနဲ့ ရှေးဟောင်းသုတေသနလုပ်ငန်း မြတ်နိုးသူတွေ ပုဂံရဲ့အခုအခြေအနေကို မြင်တိုင်း မျက်ရည်လည်ကြတယ်လို့ ကျွန်မကြားမိပါတယ်။ ဘုရားပုထိုးတွေနဲ့ပြည့်နေတဲ့ လွင်ပြင်ကြီး ခရီးသွားတွေကို ဆွဲဆောင်တဲ့နေရာ တစ်ခုဖြစ်အောင် အလျင်စလိုတွန်းပြီး လုပ်ဆောင်ခဲ့ကြလို့ ပျက်စီးသွားခဲ့ရတဲ့ မြတ်နိုး ဖွယ် စေတီပုထိုးတွေဟာ ဂရုစိုက်မှု၊ ကျွမ်းကျင်မှုတွေ နဲ့ ဆိုရင် တကယ့်မူလပုံ ပြန်ပေါ်လာနိုင်လောက် ပါသေး တယ်။ ဂူကျောင်းအငယ်တွေ တော်တော်များများဟာ မပြင်ဆင်ရသေးတဲ့အတွက် ကံကောင်းတယ် လို့ ပြောရပါလိမ့်မယ်။ ၎င်းတို့ကို နဂိုအရွယ်အစားနဲ့ နီးစပ်တဲ့ သွင်ပြင်အတိုင်း ပြန်လည်တည်ဆောက်ခြင်း၊ ဒါမှမဟုတ် ပျက်စီးနေပုံ အဆင့်ဆင့်အတိုင်း ထိန်းသိမ်းထားတဲ့ နည်းအားဖြင့် မြို့ဟောင်းကြီးကို အချိန်က တိုက်စားခဲ့ပုံများရဲ့ မြက်မြင်သမိုင်းအဖြစ် ရှိစေခြင်းတွေ လုပ်ဆောင်နိုင်ပါသေးတယ်။ ဒါတွေက ကျွမ်းကျင် သူတွေရဲ့ကဏ္ဍဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့လုပ်ငန်းမစခင်မှာ ကျွန်မ တို့တွေ က ပုဂံဟာ ကျွန်မတို့နိုင်ငံ ရဲ့သမိုင်းမှာ အရေးပါတဲ့အထိမ်းအမှတ်တစ်ခုသာမက  ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် တစ်စိတ်တစ်ပိုင်း လည်း ဖြစ်လို့ ကာကွယ်ဖို့၊ ထိန်းသိမ်းဖို့ လိုအပ်တယ်ဆိုတဲ့အသိ ကျယ်ပြန့်လာအောင် လုပ်ရမှာ ဖြစ်ပါတယ်။

                ရှေးဟောင်း သာသနိကအဆောက်အအုံတွေတင် ဂရုစိုက်ဖို့၊ ကာကွယ်ဖို့လိုနေတာ မဟုတ်ပါဘူး။ ပုဂံဝန်းကျင်ဒေသ တ၀ိုက် လုံးဟာလည်း အမြတ်တနိုးထားဖို့၊ ထိန်းသိမ်းဖို့တောင်းဆိုနေပါတယ်။ တစ်နာရီလောက် ကားနဲ့သွားလိုက်ရင် ဒီဒေသမှာ နောက်ဆုံး ကျန်ရှိနေတဲ့ အင်ကြင်းတော အုပ် ကို ရောက်ပါတယ်။ ခြောက်သွေ့ကြမ်းတမ်းတဲ့ ကန္တရအလယ်က ရဲရဲဝံ့ဝံ့ အိုအေစစ်ကလေးပါပဲ။ အင်ကြင်း ပင်ဟာ သိပ်ထူးဆန်းတဲ့ သစ်ပင်တစ်မျိုး ဖြစ်ပါတယ်။ အပင်အိုလာလို့ သေသွားတဲ့အခါ သူ့အသား ဟာ အခြားသစ်တွေ လို ဆွေးမြေ့မသွားဘဲ ကျောက်သားလိုအသွင်ပြောင်းသွားပါတယ်။ သစ်တောထိန်းသိမ်းရေး ဥပဒေအရ အပင်ခုတ်လှဲတာကို တားဆီးထား တယ် ဆိုပေမယ့်လည်း အပင်တွေကြည့်ရတာ ပိန်ပိန်လှီလှီနဲ့ အားရစရာမရှိတဲ့အပြင် အပင်ပျိုလေးတွေတက်လာနေတဲ့ အရိပ်အရောင် လည်း မရှိလှပါဘူး။
                ကျွန်မတို့ရဲ့သစ်တောလေ့လာရေးခရီးမှာ သတင်းထောက်အယောက် ၂၀ လောက်လည်း ပါလာပါ တယ်။ ကွန်မအနေနဲ့ ကျွန်မတို့ရဲ့ပုဂံခရီးအပန်းဖြေရက်တွေ ကို သီးသီးသန့်သန့် ရှိစေ ချင်ပေ မယ့် မျှော်လင့်သလို ဖြစ်မလာခဲ့တဲ့အတူတူ သတင်းထောက်တွေကို ကျွန်မတို့ရဲ့ တိုးလာတဲ့ အဖွဲ့ဝင်တွေ လို့ပဲ သဘောထားလိုက်ပါတယ်။ ကံကောင်းတာက အားလုံးဟာ ခင်ခင်မင်မင်နဲ့အဆင်ပြေအောင် ၀ိုင်း လုပ်ပေးကြပါတယ်။ သစ်တောရဲ့ ဆိတ်ငြိမ်တဲ့ တစ်နေရာမှာ အေးအေးဆေးဆေး နေ့လယ် စာ ပျော်ပွဲစား ကြမယ်လို့ ကျွန်မတို့ စီစဉ် ခဲ့ပါတယ်။ ဒါပေမယ့်တောအုပ်လေးကို ရောက်သွားတော့ အနီးရှိ ရွာတစ်ရွာက လူတွေတော်တော်များများ ကျွန်မတို့ကိုတွေ့ ဖို့ စောင့်နေ တာ တွေ့ရပါတယ်။ ဒီရွာရဲ့နာမည်က ကဗျာ ဆန်ဆန်လေးပါ။ ‘ဇီးအိုသစ်လှ နတ်ထိန်း အင်ကြင်တော’ တဲ့၊ ဟိုက္ကူ ကဗျာတစ်ပုဒ် ကျနေ တာပါပဲ။
                ဒီရွာကလေးနဲ့ ဂျပန်နိုင်ငံအကြား မျှော်လင့်မထားတဲ့ ဆက်သွယ်မှုတစ်ခု ရှိနေပါသေးတယ်။ ကျွန်မက ရွာကအမျိုးသမီးတွေ ကို သူတို့ရွာမှာ အလိုအပ်ဆုံးက ဘာလဲလို့မေးတဲ့အခါ ‘ရေ’ လို့ ဖြေကြ ပါတယ်။ သူတို့ရွာမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က Bridge Asia Japan က အ၀ီစိတွင်း တူးပေးထားလို့ အရင်က လို မခက်ခဲတော့ပဲ ရေရလာပြီ ဖြစ်ပေမယ့် ရေတွင်းနဲ့ဝေးတဲ့သူတွေ အတွက် ကတော့ နေ့တိုင်း လမ်းအဝေး ကြီး လျှောက်ပြီး ခပ်နေရသေးတယ် ဆိုတဲ့အကြောင်းတွေ ရှင်းပြကြပါတယ်။ ဒါ့အပြင် ရေပန့်ကိုမောင်းဖို့ ဒီဇယ်ဖိုးပေးရပါတယ်။ ဈေးက သင့်တင့်တယ်ဆိုပေမယ့် သူတို့လို ထန်းနဲ့လုပ်စားရတဲ့ တောင်သူ အများစု အတွက်တော့ ၀န်တစ်ခု လိုဖြစ်နေပါတယ်။ ဒီလို ခြောက်သွေ့ပူပြင်းတဲ့ အညာဒေသမှာ ရှင်သန်နိုင်တဲ့ ထန်းပင်တွေ ဟာ ဖျာတွေ၊ တောင်းတွေ ရက်လုပ်လို့ရတဲ့ ယပ်လိုအရွက်တွေ၊ စားလို့ရတဲ့ အသီးတွေ ထွက်ပါတယ်။ အဓိက ကျတဲ့ ထွက်ကုန်ကတော့ ချိုမြတဲ့ ပင်ကျရည်ပါ။ ဒီအတိုင်း လတ်လတ် ဆတ်ဆတ် သောက်စရာ အနေနဲ့ဖြစ်ဖြစ်၊ အချဉ်ခံပြီး ကျေးလက် ယမကာ ပြင်းပြင်းလို ဖြစ်ဖြစ်၊ ကျိုချက်ပြီး အင်မတန် စားကောင်းတဲ့ ထန်းလျက်အနေနဲ့ဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။
                ကျွန်မ ကျောင်းသူဘ၀တုန်းက အလွတ်ကျက်ခဲ့ရတဲ့၊ အင်မတန် ကျော်ကြားတဲ့ ၁၂ ရာစု ကဗျာ တစ်ပုဒ်ကနေ ထန်းတက် သမားတွေရဲ့ ခက်ခဲတဲ့ဘ၀ကို သိခဲ့ရတယ်။ မနက်စောစော မြူခိုးထချိန် ကတည်း က အန္တရာယ်အလွန်များပြီး ( ထန်းပင်က ကျတာတွေ မကြာခဏဖြစ်ပြီး ဒဏ်ရာကလည်း ပြင်းထန်နိုင် ပါတယ် ) ပင်ပန်းလှတဲ့ ထန်းတက်သမားဘ၀ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်စေရုံမက ယခုခေတ် အထိတောင် တိကျမှန်ကန်တဲ့ ပုံဖော်မှုဖြစ်တယ်ဆိုတာကို ကျွန်မ ရွာသားတွေနဲ့ စကားပြောကြည့်တော့ သိရပါတယ်။ သူတို့ဟာ အရင်ရှေးရာစုများစွာက သူတို့ဘိုးဘွားတွေ လျှောက်လှမ်းခဲ့တဲ့ သက်သာရာမရှိတဲ့ လမ်းကြမ်းကြီးကို ဆက်ပြီး လျှောက်လှမ်းနေရဆဲ ဖြစ်ပါတယ်။ အရင်ကနဲ့ သိသိသာသာ ကွာလာတာ တစ်ခုကတော့ ဒီကနေ့ ‘ဇီးအိုသစ်လှ နတ်ထိန်း အင်ကြင်းတော’ ရွာက ထန်းတက် သမားတွေထဲ တက္ကသိုလ် ဘွဲ့ရတွေ ရှိနေတာပါပဲ။
အောင်ဆန်းစုကြည်
ပြည်သူ့ခေတ် မှ မျှဝေဖော်ပြပါသည်။
( ၂၆၊ စက်တင်ဘာ၊ ၂၀၁၁ နေ့ထုတ်၊ Mainichi သတင်းစာတွင် ဂျပန်၊ အင်္ဂလိပ် ဘာသာတို့ဖြင့် ဖော်ပြပြီး )

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>