2 3 4 5 6 7 8 9 10

Sunday, August 12, 2012

ဗုဒ္ဓဘာသာအဖြစ်မှပျက်ဆီးပုံနှင့်သရဏဂုံအကြောင်း


 
ဗုဒ္ဓဘာသာအဖြစ်မှ ပျက်စီးပုံ
(က)သရဏဂုံပျက်စီးခြင်း၊(ခ) အယူဝါဒပျက်စီးခြင်းဆိုပြီး ၂ မျိုးရှိပါတယ်။

သရဏဂုံပျက်စီး
သရဏဂုံပျက်စီးခြင်းဆိုတာက ဘုရား တရား သံဃာ ရတနာသုံးပါးသည် ကိုးကွယ် အားထားရာ ..ဖြစ်သောကြောင့် သရဏမည်ပါတယ်။ထိုသရဏပေါ်တွင် တွေဝေ ယုံမှားမှုမရှိပဲ ကြည်ညိုလေးမြတ် ဆည်းကပ်ကိုးကွယ်သော သဒ္ဓါ ပညာစသည့်ကုသိုလ်စိတ်များသည် သရဏဂုံမည်ပါတယ်။ ဒါကြောင့် သရဏဂုံဆိုတာ ဘုရား တရား သံဃာ ရတနာသုံးပါးအပေါ် တွေဝေ ယုံမှားမှုမရှိပဲသဒ္ဓါ ပညာဦးစီးပြီး ဆည်းကပ်ကိုးကွယ်ခြင်းကိုခေါ်တာပါ။(တနည်း) သရဏ ဆိုသည်မှာဘေးအန္တရာယ် ကို တားဆီး ကာကွယ်ပေးတတ်သော၊ ပယ်ဖျောက်ပေးတတ်သော အရာ/ပုဂ္ဂိုလ် ဟု အဓိပ္ပါယ်ရပေသည်။
ဘေးအန္တရာယ်ဆိုသည်မှာ


1. ၀ဋ်ဘေး (ကိလေသာဝဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်)
2. စိတ်ပူလောင်မှု
3. ကိုယ်ဆင်းရဲမှု
4. ဒုဂ္ဂတိဘုံဆင်းရဲမှု တို့ကို ဆိုလိုသည်။

ထို(၄)မျိုးသော ပင်ပန်းဆင်းရဲမှုတို့ကို ပယ်ဖျောက်ပေးတတ်သော၊ တားဆီးကာကွယ်ပေးတတ်သော အရာ/ပုဂ္ဂိုလ် သည် သရဏ ဖြစ်ပေ၏။
တနည်းအားဖြင့် ကိလေသာ စိတ်အပူတို့ကို သက်သာ လျော့ပါးသွားစေမှသာလျင် သရဏ ဖြစ်ပေသည်။ ထို့ကြောင့် သရဏ ဆိုသည်မှာ ကိုးကွယ်ရာပင်ဖြစ်၏။
ထိုသို့ (၄)မျိုးသော ပင်ပန်းဆင်းရဲမှု စိတ်ပူလောင်မှု တို့ကို မသက်သာစေနိုင်သော၊ ကာကွယ်တားဆီးခြင်းငှာ မစွမ်းနိုင်သော အရာတို့သည် သရဏ မမည်ပေ။ သရဏ မဖြစ်လျင် ကိုးကွယ်ရန်မထိုက်၊ ကြည်ညိုရန်မထိုက်ပေ။ ကိုးကွယ်ရာ မဖြစ်ပေ။

ထိုသရဏဂုံသည် လောကီသရဏဂုံနှင့် လောကုတ္တရာသရဏဂုံဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ လောကုတ္တရာသရဏဂုံ ဆိုသည်မှာ သစ္စာလေးပါးကို သိမြင်ပြီးသူ၏ သန္တာန်၌ဖြစ်သော ရတနာသုံးပါးအပေါ် ကိုးကွယ် ဆည်းကပ်သော စိတ်ဖြစ်၏။ သစ္စာသိသူ၏ သရဏဂုံ ဖြစ်သည်။ လောကုတ္တရာသရဏဂုံသည် ပျက်စီးခြင်းမရှိ၊ ညစ်ညူးခြင်းလည်း မရှိတော့ပေ။ မဂ်စိတ်နှင့် အတူတူဖြစ်သော ရတနာသုံးပါးအပေါ် ကိုးကွယ် ဆည်းကပ်တဲ့စိတ် ဖြစ်ပေသည်။ ထို့ကြောင့် အရိယာပုဂ္ဂိုလ်ဖြစ်မှ သာလျင် လောကုတ္တရာ သရဏဂုံ ကို ရပေမည်။ ပုထုဇဉ်အဖြစ်နှင့် ဘယ်သောအခါမှ မရနိုင်ပေ မဖြစ်နိုင်ပေ။လောကုတ္တရာ သရဏဂုံသည် ရတနာသုံးပါးအပေါ်တွေဝေခြင်း ယုံမှားခြင်းမရှိတော့သောကြောင့် အထူးဆောက်တည်စရာ မလိုပါပဲ အလိုလိုတည်ခြင်းခြင်းဖြစ်ပါတယ်။

လောကီသရဏဂုံကျတော့ ကိုးကွယ်ဆည်းကပ်ပုံလေးမျိုးရှိပါတယ်။ အဲဒါဘာတွေလဲလို့ဆိုတော့
(၁)။မိမိကိုယ်ကို ရတနာသုံးပါးအား အပ်နှင်းခြင်း(အတ္တသန္တွိယျာတန သရဏဂုံ)ဆိုလိုတာက မိမိရဲ့ဘဝကိုရတနာသုံးပါးအားစွန့်လှူပြီးကိုးကွယ်ဆည်းကပ်ခြင်းဖြစ်ပါတယ်။ရာထူး စည်းစိမ် အာဏာ ဘယ်လိုအရေးနဲ့ ပဲကြုံကြုံ မိမိအသက်သာအသေခံမည်၊ရတနာသုံးပါးကို မစွန့်ပဲ အသက်ထက်ဆုံး ဆည်းကပ်ကိုးကွယ်မှုကိုခေါ်တာပါ။

(၂)။မိမိကိုယ်ကို ရတနာသုံးပါသည်သာလျှင် ကိုးကွယ်လဲလျောင်းရာရှိတယ်(သို့မဟုတ်) ရတနာသုံးပါး အပေါ်လုံးဝအားကိုး အားထားပြုခြင်း(တပ္ပရာယဏတာသရဏဂုံ)။ဆိုလိုတာက ရတနာသုံးပါမှတစ်ပါး အခြားကိုးကွယ်ရာ လဲလျောင်းရာ ဆည်းကပ်ရာ(နတ် ဗြဟ္မာ ဖန်ဆင်းရှင် ဘိုးတော်စသည်)
ဖြင့် ဆည်းကပ် ကိုးကွယ်ရာမရှိဘူး၊ရတနာသုံးပါသည်သာလျှင်ကိုးကွယ်ရာအစစ်ဖြစ်တယ်လို့ သဒ္ဓါ ပညာဦးစီးတဲ့ကိုးကွယ်မှုကိုခေါ်တာပါ။

(၃)။မိမိကိုယ်ကို ရတနာသုံးပါးရဲ့ တပည့်သားအဖြစ်ကိုခံယူခြင်း (သိဿဘာဝူပဂမဏသရဏဂုံ)၊ ဆိုလိုတာက ရတနာသုံးပါးသည်သာလျှင် သံသရာဝဋ်ဆင်းရဲမှထွက်မြောက်ရာအတွက်စစ်မှန်သော နည်းမှန်လမ်းမှန်ဆရာဖြစ်တယ်၊ဒါကြောင့်ရတနာသုံးပါးရဲ့တပည့်အဖြစ်မိမိကိုယ်ကိုခံယူပြီးကိုးကွယ်ခြင်းကိုဆိုလိုတာပါ။

(၄)။ရတနာသုံးပါးအား ဝပ်တွားခယ မိမိကိုယ်ကို နှိပ်ချပြီး အလွန်ရိုသေသော အခြင်းအရာကိုပြသခြင်း (ပဏိပါတသရဏဂုံ)ဆိုပြီးလေးမျိုးရှိပါတယ်။

အမှတ်စဉ်လေးဖြစ်တဲ့ ပဏိပါတသရဂုံမှာကျတော့မြတ်စွာဘုရားရှင်ဟာ ဘာသာခြားများ ကဲ့ရဲ့ရှုံ့ချသလို ကုလားမျိုးမဟုတ်ပါဘူး၊သာကီဝင်မင်းမျိုးပါ။မြတ်စွာဘုရားရှင်က သာကီဝင်မင်းမျိုးဖြစ်လို့ သာကီဝင်မင်းမျိုးတွေက ဘုရားလို့မှတ်ယူခြင်းမရှိပဲ ဆွေမျိုးအဖြစ်မှတ်ယူပြီး ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း
လက်အုပ်ချီခြင်း အရိုသေပေးခြင်းမျိုးက တကယ်ကြည်ညိုလေးစားလို့မဟုတ်ပဲ ဆွေးမျိုးဆိုတဲ့အသိနဲ့ ကိုးကွယ်တာဖြစ်သည့်အတွက် သရဏဂုံဆောက်တည်ရာမရောက်ပါဘူး။

(၂)။ ရတနာသုံးပါးမကိုးကွယ်ရင် ဘေးဒုက္ခရောက်မယ် စီးပွားပျက်မယ် ရာထူးကျမယ် အလုပ်ကိုင်တွေ အဆင်မပြေဖြစ်မယ် ကျန်းမာရေးညံ့မယ်စသည်ဖြင့်ပေါ့လေ)အကြောက်တရားကို အခြေခံပြီး ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုသေပေးခြင်း စသည်ပြုခြင်းသည်တကယ်စစ်မှန်သော သဒ္ဓါတရား မဟုတ်သောကြောင့် သရဏဂုံတည်ရာမရောက်ပါဘူး။

(၃)။ မြတ်စွာဘုရားရှင်အား လောကီလမ်းညွှန်မှုအဆုံးအမကိုနာယူရသောကြောင့် ဆရာအဖြစ်မှတ်ယူပြီး ရှိခိုးခြင်း အရိုသေပြုခြင်း လက်အုပ်ချီခြင်း ခရီးဦးကြိုပြုခြင်းသည် သရဏဂုံဆောက်တည်ရာမဖြစ်ပေ။ဆိုလိုတာက မြတ်စွာဘုရားကိုကိုးကွယ်ခြင်း မြတ်စွာဘုရားတရားကိုနာယူလျှင် (စီးပွားတိုးတက်ခြင်း ကျန်းမာခြင်း ရာထူးတိုးတက်ခြင်း) စတဲ့လောကီကောင်းကျိုးတွေကို ရရှိခံစား ရတယ် ဆိုတဲ့ ကိုးကွယ်ဆည်းကပ်ခြင်း၊ရှိခိုးခြင်း၊လက်အုပ်ချီခြင်း၊စတဲ့အမှုများသည် သရဏဂုံဆောက်တည်ရာ မရောက်ပါ။

(၄)ရတနာသုံးပါး၏ သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ် တို့ကို ရည်မှန်းပြီး ရှိခိုးခြင်း လက်အုပ်ချီခြင်း အရိုသေပေးခြင်း ခရီးဦးကြိုဆိုခြင်း အမှုများကိုပြုလုပ်လျှင် သရဏဂုံဆောက်တည်သည်မည်ပါသည်။

သရဏဂုံတည်ခြင်းအကျိုးတရားက သရဏ ဆိုသည်မှာဘေးအန္တရာယ်ကို တားဆီး ကာကွယ်ပေးတတ်သော၊ ပယ်ဖျောက်ပေးတတ်သော အရာ/ပုဂ္ဂိုလ် ဟု အဓိပ္ပါယ်ရသည်နှင့်လျော်ညီစွာ

ဝဋ်ဘေး (ကိလေသာဝဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်)
စိတ်ပူလောင်မှုဘေး၊ ကိုယ်ဆင်းရဲမှုဘေး၊ ဒုဂ္ဂတိဘုံဆင်းရဲမှု၊(အပါယ်လေးပါး)တို့မှလွတ်မြောက်ခြင်း တို့ကို ဆိုလိုသည်။


သရဏဂုံပျက်စီးပုံကားဆွေမျိုးဥာတိအမှတ်ဖြင့်လည်းကောင်း၊ကြောက်ရွံ့ခြင်းဖြင့်လည်းကောင်း၊အတတ်ပညာသင်ပေးသူဆရာအဖြစ်မှတ်ယူခြင်းဖြင့်သော်လည်းကောင်း၊မည်သူ့ကိုမဆိုရှိခိုးခြင်း လက်အုပ်ချီခြင်း အရိုသေပေးခြင်း ခရီးဦးကြိုဆိုခြင်းစသည်ကိုပြုလုပ်လျှင် သရဏဂုံမပျက်ဆီးပါ။

ဘုရား၊တရား၊သံဃာ တို့ကို မပစ်ပယ်ပဲ လာဘ်လာဘရွှင်စေလိုခြင်း စီးပွားတိုးတက်စေလိုခြင်း၊ ရာထူး တက်လိုခြင်းတို့ကြောင့်နတ်ကို ပူဇော်ပူခြင်း၊နတ်ဖမ်းစားမည်ကိုကြောက်ရွံ့သောကြောင့် ရိုးရာ တင်မြှောက်ခြင်းတို့သည် သရဏဂုံ မပျက်စီးပါ။

သို့ရာတွင် ရတနာသုံးပါမှတစ်ပါးသော ပုဂ္ဂိုလ်တို့၌သီလ သမာဓိ ပညာ ဂုဏ်ကြီးမြတ်မှုတို့ကို ရည်မှတ်လျက်အထက်ကဖော်ပြသည့်လောကီသရဏဂုံဆောက်တည်ခြင်းလေးမျိုးကို ပြုလုပ်လျှင်၎င်း၊သရဏဂုံဆောက်တည်ထားသူ သေဆုံးသွားလျှင်သော်လည်းကောင်း သရဏဂုံလုံးဝ ပျက်စီးပါတယ်။
ဘုရား၊တရား၊သံဃာကို ပယ်နှုတ်ပြီး နတ်ကိုဖြစ်စေ၊တခြားသော မယ်တော် ဘိုးတော်များကိုလည်းကောင်း ကိုးကွယ်ဟု သတ်မှတ်ပြီး ကိုးကွယ်ဆည်းကပ်ပါက သရဏဂုံပျက်စီးပါတယ်။

ရတနာသုံးပါတို့၏ ဂုဏ်တော်များ၌ မသိနားမလည်ခြင်း၊ ရတနာသုံးပါးအပေါ်တွေဝေခြင်း၊ မှားယွင်းစွာ ယူဆခြင်း၊ မရိုမသေ မလေးမစားပြုလုပ်မှုများသည် ဆောက်တည်ထားသော သရဏဂုံ ညှိုးနွမ်းပါတယ်၊ ဒါကြောင့် သရဏဂုံ မညှိုးနွမ်းအောင် မပျက်စီးအောင် စောင့်ထိန်းကြဖို့အထူးတိုက်တွန်းလိုတာပါ။ဒါက ကိုးကွယ်မှုနှင့်ဆိုင်တဲ့ သရဏဂုံ ပျက်စီးခြင်းဖြစ်ပါတယ်။ဗုဒ္ဓဘာသာမှ ကိုးကွယ်မှုမှားပြီး ပျက်စီးသွားတဲ့ သရဏဂုံပျက်စီးမှုပါ။
နောက်တစ်ခုက အယူဝါဒကြောင့် ဗုဒ္ဓဘာသာမှပျက်စီးပုံကိုပြောပြပါ့မယ်။အယူဝါဒ ပျက်စီးပုံကဒီလိုပါ။ ဗုဒ္ဓဘာသာဝင်သည်
(၁)။ဘုရား
(၂)တရား
(၃)သံဃာ
(၄)ကံ ကံ၏အကျိုး
(၅)အကြောင်းနှင့်အကျိုး ဆက်သွယ်ဖြစ်မှု(ပဋိစ္စသမုပ္ပါဒ်)
(၆)အတိတ်ဘဝ၊အနာဂတ်ဘဝတို့ကို ယုံကြည်ရပါတယ်။

ထို၌ ကံသည် ကုသိုလ်ကံ(ကောင်းသော အလုပ်)၊ အကုသိုလ်ကံ(မကောင်းသောအလုပ်)ပင်ဖြစ် ပါတယ် ။လောက၌မည်သည့်ပုဂ္ဂိုလ်မဆို ကောင်းတာ(ကုသိုလ်)လုပ်လျှင် ကောင်းကျိုးခံစားရပါတယ်။မကောင်းတာ(အကုသိုလ်)လုပ်လျှင် မကောင်းကျိုး ကိုခံစားရပါတယ်။မိမိပြုလုပ်လိုက်သော ကံသည် မိမိ၏ကိုယ်ပိုင်ဥစ္စာ (ကမ္မဿကာ) မည်ပါတယ်။ မိမိပြုလုပ်လိုက်သော ကံအရ ကုသိုလ်ကံ လုပ်လိုက်လျှင်လည်း ကောင်းကျိုးကိုခံစားရခြင်း၊ မကောင်းတဲ့အကုသိုလ်ကံကိုပြုလုပ်လိုက်လျှင်လည်း မကောင်းသောအကျိုးကိုခံစားရခြင်းစတဲ့ကောင်းမွေ ဆိုးမွေ(ကမ္မဒါယာဒ)ကိုခံယူရမှာဖြစ်ပါတယ်။ထိုသို့အမှန်ကိုလက်ခံယုံကြည်နေခြင်းသည်(ကမ္မဿကတာသမ္မာဒိဋ္ဌိ)လို့ခေါ်တာပါ။ဗုဒ္ဓဘာသာဝင်တစ်ဦးသည်ထိုသို့ လက်ခံယုံကြည်နေပါက အမှန်ကိုလက်ခံနေခြင်းဖြစ်လို့အယူဝါဒ မှန်ကန်သောကြောင့် အယူဝါဒ မပျက်စီးပဲ တည်နေမည်ဖြစ်ပါတယ်။

အထက်ကဖော်ပြထားခဲ့တဲ့အချက်ခြောက်ချက်ကို မယုံကြည်လက်မခံပဲ အောက်ဖော်ပြလတ္တံ့သော အချက်များကိုလက်ခံယုံကြည်ပါက သရဏဂုံပျက်စီးမည်ဖြစ်ပါတယ်။

အဲဒီအချက်တွေက(၁)လောကမှာ ဖန်ဆင်းရှင်ရှိ၏။မြေကြီး၊ဟိမဝန္တာတောင်၊သမုဒ္ဒရာ၊စကြာဝဠာနှင့် လူစတဲ့သတ္တဝါများစွာကိုထိုဖန်ဆင်းရှင်က ဖန်ဆင်းသည်ဟုမှားယွင်းစွာ ယူဆတတ်ကြပါတယ်။မှားယွင်းစွာ ခံယူတတ်ကြပါတယ်။အဲဒီအယူမှားဝါဒကို ဖန်ဆင်းရှင်(ဣဿရနိမ္မာန)ဝါဒလို့ခေါ်ပါတယ်။

(၂)တစ်ချို့သောပုဂ္ဂိုလ်များဟာ လောကမှာ ကုသိုလ်ကံ၊ အကုသိုလ်ကံဆိုတာမရှိ ။ကောင်းမှု ကိုပြုလုပ်သော်လည်း ကုသိုလ်မဖြစ် ကုသိုလ်မမည်။

အကုသိုလ်(သူတစ်ပါးအသတ်သတ်ခြင်း၊သူတစ်ပါးဥစ္စာခိုးယူခြင်းစသည်)ပြုလုပ်သော်လည်း အကုသိုလ် မဖြစ်၊အကုသိုလ်မည်စတဲ့အယူဝါဒများကိုလက်ခံ

ကျင့်သုံးနေမှုများရှိနေပါတယ်။အဲဒီဝါဒကို အကြောင်းတရားကို ပယ်တဲ့ဝါဒဖြစ်လို့(အကိရိယဒိဋ္ဌိ) လို့ခေါ်ပါတယ်။

(၃)တစ်ဖန် ကုသိုလ်ကံ၊အကုသိုလ်ကံတို့၏ အကျိုးတရားဆိုတာမရှိ။ ကုသိုလ်ကံပြုလုပ်သော်လည်း ..ကောင်းကျိုးမရ။အကုသိုလ်ကံ(သူတစ်ပါးဥစ္စာခိုးယူခြင်း၊သူတစ်ပါးအသတ်ကိုသတ်ဖြတ်ခြင်းစတဲ့)မကောင်းတဲ့အကုသိုလ်ကံများကိုလုပ်ခြင်းသည် မကောင်းကျိုးမခံစားရ၊ကုသိုလ်အကျိုးပင်ရသေးသည်ဟုထင်မှတ် ယူဆနေကြပါတယ်။ထိုအယူဝါဒသည် အကျိုးတရားကိုပယ်သတ်ခြင်းကြောင့်(နတ္ထိကဝါဒ)လို့ခေါ်ပါတယ်။ဘယ်လို ဘာသာများရဲ့ အယူဝါဒ ဆိုတာသိသာလောက်မှာပါ။

(၄)ထို့ပြင် ကုသိုလ်၊အကုသိုလ်မရှိ။ကုသိုလ်ကံရဲ့ကောင်းကျိုး၊အကုသိုလ်ကံရဲ့မကောင်းကျိုးဆိုတာလည်းမရှိ။ဆိုလိုတာက အလှူဒါနပြုခြင်းသည် အကျိုးမဲ့တဲ့အလုပ် ပိုက်ဆံကုန်တဲ့ ပိုက်ဆံဖြုန်းခြင်းဖြစ်တယ်။ သူတစ်ပါးအသက်ကို လည်လှီးပြီး သတ်ဖြတ်ခြင်းသည် ကိုယ်မခံရပဲ။ဖြတ်တဲ့ဓါးကသာ ခံရတယ်ဆိုတဲ့ အယူဝါဒများကိုလည်း ခံယူကျင့်သုံးနေကြပါတယ်။ထိုအယူဝါဒများသည် အကြောင်းရော၊ အကျိုးရော နှစ်ပါးလုံးကို ပယ်သတ်ခြင်းဖြစ်တဲ့ အတွက်(အဟေတုကဒိဋ္ဌိ)လို့ခေါ်ပါတယ်။

      ထိုဖော်ပြခဲ့ပြီးတဲ့ မှားယွင်းတဲ့ (မိစ္ဆာဒိဋ္ဌိ) အယူတစ်မျိုးမျိုးကို လက်ခံယုံကြည်လိုက်လျှင် ထိုသူ၏မူလက ရှိနေသော မှန်ကန်သော မြင့်မြတ်သော ကောင်းသော (သမ္မာဒိဋ္ဌိ)ပျက်စီးပါတယ်။ သရဏဂုံလည်း ပျက်စီး ပါတယ်။ ဒါက အယူမှာတဲ့ မိစ္ဆာဒိဋ္ဌိကြောင့် သရဏဂုံပျက်စီးခြင်းဖြစ်ပါတယ်။ထိုပျက်စီးမှုသည် အပြစ် မကင်း တဲ့ ပျက်စီးမှုပါ။သရဏဂုံဆောက်တည်တဲ့သူသေသွားလို့ပျက်တဲ့သရဏဂုံက အပြစ်ကင်းတဲ့ သရဏဂုံပါ။ ရတနာသုံးပါးကို အာရုံပြုပြီးသေသွားမယ်ဆိုရင်တောင် အပါယ်လေးပါးက လွတ်ပါတယ် ။သေသွားလို့သရဏဂုံပျက်တယ်ဆိုပေမယ့် သေခါနီးနှလုံးသွင်းမှန်သွားတဲ့အတွက် မသေခင်မှာ ရတနာ သုံးပါးမှတစ်ပါးမည်သည့်ပုဂ္ဂိုလ်ကိုမှမဆည်းကပ်မကိုးကွယ်ခြင်း၊အယူဝါဒကြောင့်သရဏဂုံမပျက်စီးခြင်းစတဲ့အချက်တွေနဲ့ပြည့်စုံနေတော့ သရဏဂုံတည်ခြင်းဆိုတဲ့အကြောင်းတရားကြောင့် အပါယ်လေးပါးက လွတ်မြောက်ခြင်းဆိုတဲ့ အကျိုးတရားကို ရခြင်းဖြစ်ပါတယ်။ဒါဆိုရင် သေခါနီးဘာမှနှလုံးသွင်းလို့မရတော့ဘူးဆိုရင် ဘုရား တရား သံဃာကိုသာအာရုံပြုပါလို့တိုက်တွန်းလိုတာပါ။အဲလိုသာ အာရုံပြုမည်ဆိုရင် သရဏဂုံ တည်ပြီးသေတဲ့ ပုဂ္ဂိုလ်ဖြစ်လို့အပါယ်လေးပါးလွတ်မြောက်မယ်ဆိုတာ မြတ်စွာဘုရားကိုယ်စား နှိုးဆော်တိုက်တွန်းလိုက်ရပါတယ်။

အရှင်ဝိမလဝံသ(နာလန္ဒာ တက္ကသိုလ် အိန္ဒိယနိုင်ငံ)။

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>