2 3 4 5 6 7 8 9 10
Sunday, August 12, 2012
ဝါဆိုပွဲတော် နှင့် ၀ါဆိုသင်္ကန်းလှူဒါန်းရအောင်
ဝါဆိုပွဲတော် နှင့် ၀ါဆိုသင်္ကန်းလှူဒါန်းရအောင်…
ဝါဆိုပွဲတော်တွင် ပါဝင်သော ပွဲများကား
(၁) ဓမ္မစကြာအခါတော်ပွဲ
(၂) ရဟန်းသံဃာများဝါဆိုပွဲ
(၃)၀ါဆိုသင်္ကန်း နှင့် ၀ါဆိုပန်းကပ်လှူပွဲ
(၄)သက်ကြီးဝါကြီးပုဂ္ဂိုလ်များအား ပူဇော်ကန်တော့ပွဲတို့ဖြစ်သည်။
        ဂေါတမမြတ်စွာဘုရားသခင်သည် သဗ္ဖညုတမြတ်စွာဘုရားအဖြစ်ရောက်တော်မူပြီးနောက်၊ မဟာသက္ကရာဇ် ၁၀၃ခု ၀ါဆိုလပြည့်စနေနေ့ နေ၀င်စအချိန်တွင် ဗာရာဏသီပြည်၏အနီး မိဂဒါဝုန်တော ၌ ကောဏ္ဌည၊ ၀ပ္ဖ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ အမည်ရှိကြသည့် ပဉ္စ၀ဂ္ဂီတို့အား ဓမ္မစက္ကပ၀တ္တန သုတ္တန်ဒေသနာတော်ကိုတရားဦးအဖြစ်ဟောကြားတော်မူသည်။ မြတ်စွာဘုရားအဖြစ်သို့ရောက်တော်မူပြီးနောက် ဦးစွာဟောကြားတော်မူသော ဓမ္မစင်္ကြာဒေသနာတော်မြတ်ကြီးကို အထူးအလေးထား ပူဇော်ကြသော အားဖြင့် ဗုဒ္ဒဒေသနာတည်ထွန်းရာတိုင်းနိုင်ငံအရပ်အသီးသီးတို့တွင် ၀ါဆိုလပြည့် ဓမ္မစကြာ မင်္ဂလာ အခါတော်နေ့ အခမ်းအနားများဆင်ယင်ကျင်းပခဲ့ကြသည်။
         ဘုရားရှင်သာသနာတော်၌ ဤ၀ါဆိုပွဲတည်းဟူသော ၀ါဆိုဝါကပ်ဝိနည်းစည်းကမ်းဥပဒေကို ပညတ်တော်မမူမီက၊ မြတ်စွာဘုရား ၏ တပည့်သားသံဃာအများသည် ဥတုသုံးလီ တစ်ဆယ်နှစ်ရာသီ ပတ်လုံး ခရီးများသွားချင်တိုင်းသွားလာလျက် ရှိကြလေ၏။ နေပူမိုးရွာမရှောင် လှည့်လည်နေကြလေ၏။ ထိုခရီးသွားသံဃာများ နင်းမိကြသဖြင့် စိမ်းရှင်လန်းဆန်းသော မြတ်ပင်များ၊ လူတို့စိုက်ပျိုးထားသည့် စိုက်ပင်ပျိုးပင်များ အမြောက်အများ သေကြေပျက်စီးကြကုန်၏။ ထိုအခါလူတို့က “အဘယ်ကြောင့် ဘုရားသားတော်ရဟန်းများသည် သစ်ပင်ငယ်များနှင့် ပိုးမွှားကလေးများကို နင်းချေဖျက်ဆီးကြလျက် တစ်နှစ်ပတ်လုံးခရီး လှည့်လည်နေကြပါသနည်း” သာသနာတော်မှအပဖြစ်သော တိတ္ထိတို့ပင်သော်လည်း မိုးဥတုတွင် မည့်သည်အရပ်ဒေသသို့မျှ ခရီးမထွက်ခွါကြဘဲ ကြောင့်ကြမဲ့ နေထိုင်ကြ၏။ တိရစ္ဆာန်ဖြစ်သော ငှက်တို့သော်လည်း မိုးကာလတစ်လျှောက်လုံး မိမိတို့အသိုက်များ၌ ခိုအောင်းကာ စိုးရိမ်မှုမရှိ နေထိုင်၏။ ဤသာသာနာဝန်ထမ်း ရဟန်းသံဃာတော်များမှာမူ ဥတုသုံးလီ ဆယ့်နှစ်ရာသီပတ်လုံး စည်းမဲ့ကမ်းမဲ့ ခရီးလှည့်လည်နေကြသဖြင့် အပင်ငယ်များလည်း သေကြေပျက်ဆီးကြရ၏ ဟု ကဲ့ရဲ့ပြစ်တင်ပြောဆို ကြလေ၏။
ထိုအကြောင်းကို မြတ်စွာဘုရားကြားတော်မူသည့်အခါ “ရဟန်းတော်များသည် ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့၌ဖြစ်စေ၊ ၀ါခေါင်လပြည့်ကျော် တစ်ရက်နေ့၌ဖြစ်စေ ၀ါဆိုဝါကပ်ပြုကြရမည်။ ၀ါတွင်းသုံးလ ကာလပတ်လုံး မည်သည်ံအရပ်သို့မျှ ညဥ့်အိပ်၊ ညဉ်နေမသွားကြရ” ဟု ၀ါဆိုဝါကပ်ဥပဒေ ၀ိနည်းဒေသနာတော် ကို ပညတ်တော်မူလိုက်လေ၏။
ထိုအချိန်မှစ၍ သံဃာတော်များ၏ ၀ါဆိုပွဲတော်ဖြစ်ပေါ်လာခဲ့ပေသည်။ ၀ါဆိုလပြည့်ကျော်(၁)ရက် သို့မဟုတ် ၀ါခေါင်လပြည့်ကျော်(၁)ရက်နေ့တွင် ညပိုင်းအချိန်များ၌ ကျောင်းနေသံဃာအားလုံးစုဝေးကြပြီး ၀တ်တတ်ကြ၍ ၊ကျောင်းတိုင်နာယက ဆရာတော်ကြီးက ၀ါဆိုဝါကပ်ပြုကြရမည့် ကျောင်းတိုက် အရံ နယ်နမိတ်များကို ပိုင်းခြားသတ်မှတ်လျက် ၀ါအကြီးဆုံး မထေရ်မှစကာ---
“ဘုရားတပည့်တော်သည် ဤကျောင်း၌ ၀ါတွင်းသုံးလပတ်လုံး ၀ါကပ်ပါ၏။ ၀ါဆိုပါ၏ အရှင်ဘုရား” တစ်ကြိမ်၊ နှစ်ကြိမ်၊သုံးကြိမ် ဖြစ်စေ ထေရ်စဉ်ဝါအလိုက် ရွတ်ဆို၍ ၀ါဆိုဝါကပ်ပြုကြပေသည်။ သံဃာတစ်ပါးက ရွတ်ဆိုပြီးတိုင်း ကျန်သံဃာအများတို့က သာဓုသုံးကြိမ်ခေါ်ဆိုကြရ၏။
ဤသို့ ၀ါကပ်ခြင်း တွင် ဗုဒ္ဒဘာသာဝင် မြန်မာတို့သည် ရဟန်းသံဃာတော်များအား ကာလဒါန တစ်မျိုးဖြစ်သည့် ၀ါဆိုသင်္ကန်းများဆပ်ကပ်လှူဒါန်းကြလေသည်။ ထိုအချိန်၌ လှူဒါန်းကြသည့် သင်္ကန်းများ ကို ၀ါဆိုသင်္ကန်း ဟုခေါ်ဆိုကြသည်။
“ရတနာရွဲလုံး ၊ ပုလဲကုံးစိန်စီ
မြဲအသုံးသင်္မဂီငယ်၊ ပဉ္စသီနေ့တိုင်း
နိဗဒ္ဒမဝေးလံ၊ စာရေးတံဆွမ်းဝတ်ရက်ပိုင်း
ဝါသင်္ကန်းမသွေမှန် ၊ ရေတစ်ကန်နက်ရှိုင်း
အနေတန်ခက်အတိုင်းရယ်နဲ့
ယှက်သိုင်းတဲ့ ကျောင်းငယ်
သည်ခုနစ်အိမ် ကာလစွဲ
ဒါနမြဲ သုံးဆောက်တည်ဘွယ်
သောတပန်ဇာတ်အနွယ်
အမြတ်နယ်ခိုမှိးလို့
ဟိုအသီး သုံးထိုက်တစ်ဆူ
ဆုံးအမြိုက်ယူ
ရေဒါနသီတဂူငယ်
အရည်တူ လှူမြဲကွဲ့လေး။
(သီတဂူ ဆရာတော်)
(ဓမ္မ၀ီရ ဂျာနယ်မှ ကိုးကားရေးပါသည်)
Posted by khaingsukyi on July 26, 2011 at 6:00pm
No comments:
Recent Posts
လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ
Popular Posts
မြန်မာ့မြေ
erer-outer'>