2 3 4 5 6 7 8 9 10

Monday, August 6, 2012

အရှင်ဆန္ဒာဓိက၏ အဆုံးအမ သြ၀ါဒ မေတ္တာစာစုများ ( ၂ )


 



(၆) အထီးကျန်ရင် အကျည်းတန်တယ်…
လက်ရှိအခြေအနေမှာ
မပျော်မွေ့နိုင်သူအတွက်
တစ်ယောက်တည်းပဲနေနေ
အများနဲ့ပဲနေနေ
အမြဲတမ်း အထီးကျန်နေပါတယ်။
မရှိတာကို တောင့်တနေတဲ့သူ
ရှိတာကို မကျေနပ်နိုင်တဲ့သူဟာ
မရေမရာ အတွေးတွေ
မသေမချာ မျှော်လင့်ချက်တွေနဲ့
ထာဝရ  အထီးကျန်နေမှာပါပဲ။

(၇) မူရင်းကောင်းတော့ မိတ္တူကောင်းတယ်…
ကိုယ့်ရဲ့ လက်တွေ့ ဘ၀ထဲမှာ
ပြောသမျှ အဟုတ်
လုပ်သမျှ အမှန်
ကြံသမျှ အကောင်း
ဖြစ်ဖို့အတွက်
ဗုဒ္ဓနုဿတိဘာဝနာ
(ဘုရားဂုဏ်တော်ပွားတဲ့အလုပ်)က
အပြည့်အ၀ တာဝန်ယူပါတယ်။
ဘာကြောင့်လဲဆိုတော့
ဘုရားရှင်မှာရှိတဲ့
ဂုဏ်တော်တွေအားလုံးက
ပြောသမျှ အဟုတ်
လုပ်သမျှ အမှန်
ကြံသမျှ အကောင်း
တွေချည်းဖြစ်နေလို့ပါပဲ။

 (၈) ဒီနေ့တစ်ရက်သာ ငါ့ဘ၀ပါ…
ဒီနေ့တစ်ရက်
အသက်ရှင်ပြီးရင်
သေချင်သေသွားနိုင်တယ်လို့
သေခြင်းတရားကို
တစ်ရက်အကွာအဝေးထားပြီး
မိတ်ဆွေဖွဲ့နိုင်တယ်ဆိုရင်ပဲ
တန်ဖိုးသိပ်ကြီးလှပါပြီ။
ဒီနေ့တစ်ရက်ပဲ
အသက်ရှင်သန်ခွင့်ရှိတယ်လို့
နက်နက်ရှိုင်းရှိုင်း သိမြင်နေရင်
ဒီနေ့တစ်ရက်လုံး
အကာအလုပ်တွေ
အကုန်စွန့်ပြီး
အနှစ်အလုပ်တွေချည်းပဲ
အချိန်ပြည့်
လုပ်ဖြစ်တော့မှာပါ။
 
 (၉) အသိမှအကျင့် အကျင့်မှအသိ…
ပယ်သင့်တဲ့တရားကို မပယ်နိုင်တာ အသာထား
ကျင့်သင့်တဲ့တရားကို မကျင့်နိုင်တာ အသာထား
ဒါကတော့ ပယ်သင့်တဲ့တရားပဲ
ဒါကတော့ ကျင့်သင့်တဲ့တရားပဲ လို့
အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း
သိထားဖို့ အရေးကြီးပါတယ်။
အသိမှန်မှ အကျင့်မှန်နိုင်ပြီး
အကျင့်မှန်မှ အသိမှန်နိုင်ပါတယ်။
 (၁၀) ပါရမီမဖြည့်ဘဲ နိဗ္ဗာန်မရောက်နိုင်…
ပါရမီကတော့ သံသရာလွတ်လိုသူတိုင်းအတွက်
မရှိမဖြစ်လိုပါတယ်။
ပါရမီဆိုတာ မြင့်မြတ်သူတွေရဲ့ အလုပ်ကို ခေါ်တာပါ။
ဒါန၊ သီလ၊ မေတ္တာ၊ ဘာဝနာ၊ သမထ၊
ဝိပဿနာအလုပ်တွေဆိုတာ
မြင့်မြတ်သူတွေရဲ့ အလုပ်ဖြစ်လို့
အဲဒီအလုပ်တွေ ပြုလုပ်အားထုတ်နေတာဟာ
ပါရမီဖြည့်နေတာပါပဲ။

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>