2 3 4 5 6 7 8 9 10

Tuesday, August 7, 2012

ဘယ်သူ ကဲ့ရဲ့ ကဲ့ရဲ့၊ ဘုရား မကဲ့ရဲ့အောင်နေ (ဆရာတော်ဦးဗုဓ်)



…ဆရာတော်ဦးဗုဓ်ဆိုတာ ကုန်းဘောင်ခေတ် ဘကြီးတော် မင်းတရားနဲ့ နန်းမတော်မယ်နုတို့ လက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ ဆရာတော်ပါ။ နန်းမတော်မယ်နု ဆောက်လုပ်လှူဒါန်းတဲ့ အုတ်ကျောင်းတော်ကြီးမှာ သီတင်းသုံးခဲ့လို့ မယ်နုအုတ်ကျောင်း ဆရာတော် လို့လည်း ခေါ်ကြပါတယ်။ ဆရာတော်ဦးဗုဓ် သီတင်းသုံးခဲ့တဲ့ မယ်နုအုတ်ကျောင်းတော်ကြီးဟာ အင်းဝမှာ ဒီနေ့အထိ တည်ရှိနေတုန်းပါ။

…ဆရာတော် ဦးဗုဓ်ဆိုတာ မြန်မာနိုင်ငံ ပရိယတ္တိပညာရေးသမိုင်းမှာ စာအတတ်ဆုံးပုဂ္ဂိုလ်အဖြစ် ပညာရှင်အသီးသီးက (လယ်တီဆရာတော်တို့ အပါအ၀င်ပေါ့) တညီတညွတ်တည်း အသိအမှတ် ပြုထားရတဲ့ ဆရာတော်ပါ။ ဒါကြောင့် ဗုဓ်အစ၊ ဗုဓ်အလယ်၊ ဗုဓ်အဆုံး ဆိုပြီး ဥဒါန်းစကား တွင်ရစ်ခဲ့တာပါ။

…အဲဒီဥဒါန်းစကားရဲ့ အဓိပ္ပါယ်က ဗုဓ်အစဆိုတာ ဗုဒ္ဓဘုရား၊ ဗုဓ်အလယ်ဆိုတာက အရှင်မဟာ ဗုဒ္ဓဃောသပါ။ အရှင်မဟာဗုဒ္ဓဃောသဆိုတာက သီရိဓမ္မာသောကမင်းပေါ်ပြီးနောက်ပိုင်းမှာ ပေါ်ထွန်းခဲ့တဲ့ ထေရ်အရှင်ပါ။ ဘုရားဟောပါဠိတော်အားလုံးရဲ့ အဖွင့်ဖြစ်တဲ့ အဋ္ဌကထာတွေကို ရေးသားခဲ့ပါတယ်။ ဒီနေရာမှာ စကားစပ်လို့ ပြောရရင် ပါဠိတော်ရယ်၊ အဋ္ဌကထာရယ်၊ ဋီကာရယ်ကို ကွဲကွဲပြားပြား သိထားစေချင်ပါတယ်။

…ပါဠိတော်ဆိုတာ ဘုရားဟောခဲ့တဲ့ မူရင်းစကားတော်တွေကို ခေါ်တာပါ။ အဋ္ဌကထာဆိုတာ ဘုရားဟော ပါဠိတော်တွေကို ဥာဏ်နုသူတွေ လေ့လာကျက်မှတ်တဲ့အခါ မရှင်းမလင်းနဲ့ အခက်အခဲတွေ့မှာစိုးလို့  ပါဠိပုဒ် တစ်ပုဒ်ချင်းကို ဖွင့်ဆို အကျယ်ချဲ့ပြီး ရေးသားထားတဲ့ ကျမ်းစာပါ။ ဋီကာဆိုတာကတော့ အဲဒီ အဋ္ဌကထာကျမ်းကို တစ်ခါထပ်ပြီး ထပ်ဆင့်ဖွင့်ဆို ရေးသားတဲ့ကျမ်းစာပါ။ ဒီဋီကာကျမ်းကိုပဲ မရှင်းမှာစိုးလို့ဆိုပြီး ထပ်ဆင့်ဖွင့်ဆိုတဲ့ အနုဋီကာ၊ မဓုဋီကာဆိုတာတွေလဲ ရှိပါ သေးတယ်။ ဒါက ကျမ်းစာအမျိုးအစားတွေကို ခွဲခြားသိရအောင် ပြောပြတာပါ။

…အထက်က စကားပြန်ကောက်ရင် ဗုဓ်အဆုံးဆိုတာကတော့ ဆရာတော်ဦးဗုဓ်ပါပဲ။  ဆိုလိုရင်းကတော့ ဗုဒ္ဓမြတ်စွာရယ်၊ အရှင်မဟာဗုဒ္ဓဃောသရယ်၊ ဆရာတော်ဦးဗုဓ်ရယ် အဲဒီသုံးပါးဟာ ဗုဒ္ဓဘာသာ ပညာအရာမှာ ခေတ်ကာလအလျောက်ပေါ့ အတော်ဆုံး အတတ်ဆုံးပါတဲ့။

…ဆရာတော်ဦးဗုဓ်ဟာ မြန်မာပြည်မှာ စာအတတ်ဆုံးလို့ ဆိုကြတာကတော့ ဆရာတော်ရဲ့ နောက်ခံ သမိုင်းတစ်ခုတည်းကို ကြည့်ပြီး ပြောကြတာတော့ မဟုတ်ပါဘူး။ အဓိက ကတော့ ဆရာတော် ပြုစုခဲ့တဲ့ ကျမ်းစာတွေရဲ့ အတိမ်အနက်ကိုကြည့်ပြီး ဆုံးဖြတ်ကြတာပါ။ ဒီနေရာမှာ ဆရာတော်ဦးဗုဓ်ရဲ့ စာပေစွမ်းရည်ကို အရင်မပြောခင် ဆရာတော်နဲ့ ဆက်နွယ်နေတဲ့ ပုဂ္ဂိုလ်တွေ အကြောင်း အနည်းငယ် ပြောပြချင်ပါသေးတယ်။ ပထမဆုံးတွေ့ရတာက ဘကြီးတော်မင်းတရားနဲ့ နန်းမတော်မယ်နုပါ။ အထူးသဖြင့်ကတော့ နန်းမတော်မယ်နုပေါ့လေ။

...ဆရာတော်ဦးဗုဓ်ဟာ မင်းနဲ့ မိဖုရားနှစ်ပါး အထူးကိုးကွယ်တဲ့ ဆရာတော်ပါ။ ဒါပေမယ့် ဆရာတော်ဟာ မင်းနဲ့မိဖုရားနှစ်ပါးကို မျက်နှာသာ မပေးခဲ့ပါဘူး။ အကြောင်းတိုက်ဆိုင်လာလို့ ပြောစရာရှိရင်လဲ တိုတိုတုတ်တုတ်နဲ့ ထိထိမိမိ ခပ်ပြတ်ပြတ်သာ ပြောလေ့ရှိပါတယ်။ မျက်နှာသာ မပေးပုံကတော့ အုတ်ကျောင်းတော်ကြီးပေါ်ကို ရောက်ရောက်ချင်းပဲ ဇာတိပြတော့တာပါပဲ။ မင်းမိဖုရားနှစ်ပါးက ဆရာတော်ဦးဗုဓ်ကို ပင့်ပြီး အုတ်ကျောင်းတော်ကြီးကို ရေစက်ချ လှူဒါန်းပါတယ်။ အဲဒီကျောင်း ရေစက်ချပွဲမှာ ပရိသတ်ကလည်း စုံလှပါတယ်။ ရဟန်းပရိသတ်၊ လူပရိသတ်ပေါ့။ အဲဒီမှာ ရေစက်ချပြီးတော့ မင်းနဲ့မိဖုရားနှစ်ပါးက ဆရာတော်ဦးဗုဓ်ကိုသြ၀ါဒပေးဖို့ တောင်းပန်ပါတယ်။



...ဆရာတော်က ဘယ်လိုသြ၀ါဒပေးသလဲ ဆိုတော့…


“မင်းနှင့်တူအောင် ကျင့်က ငါတို့ ဆုံးမသြ၀ါဒ ပေးရန်မလို ၊ မင်းနှင့်တူအောင် မကျင့်ပါက ငါတို့နှင့် မဆိုင်၊  အ၀ီစိနှင့်သာ ဆိုင်သည်” တဲ့။
ကဲ- ဘယ်လောက်တိုပြီး ဘယ်လောက်ထိမိ လိုက်သလဲ။ ဆရာတော်နဲ့ မင်းမိဖုရားတို့ဟာ အခုမှ တွေ့ကြတာပါ။ အရင်က မတွေ့ဖူးပါဘူး။ ဆရာတော့် ဘ၀သမိုင်းစာမျက်နှာမှာ စကားပြောတာ သိပ်မတွေ့ရပါဘူး။ အမြဲ စာကြည့်၊ စာရေး အလုပ်နဲ့ပဲ အချိန်ကုန်နေတာပါပဲ။ မန္တလေးက စာချဆရာတော်တစ်ပါးပြောသလို ပရိယတ္တိနဲ့ ကိလေသာကို ပယ်ထားတဲ့သဘောပါ။ ဆရာတော်က မလွှဲမရှောင်သာ စကားပြောရရင်လဲ တိုတိုနဲ့ ထိထိမိမိပဲ ပြောလေ့ရှိပါတယ်။ အပို မပြောပါဘူး။

…ဆရာတော်စကားကို ထိထိမိမိ ပြောတတ်ပုံနဲ့ ပတ်သက်ပြီး အမတ်ကြီး ဦးပေါ်ဦးကို ပြေးပြီး သတိရမိ ပါသေးတယ်။ အမတ်ကြီး ဦးပေါ်ဦးဆိုတာ စကားအလွန်တတ်တဲ့ ပညာရှိအမတ်ကြီးအဖြစ် အားလုံး သိထားပြီးသားပါ။ အဲဒီလိုနဲ့ တစ်နေ့မှာပေါ့…အမတ်ကြီး ဦးပေါ်ဦးတစ်ယောက် ဆရာတော်ကို ဖူးမြော် ကန်တော့ဖို့ ကျောင်းကို ရောက်လာပါတယ်။ အမတ်ကြီးရောက်လာတဲ့အချိန်မှာ ဆရာတော်က ရေကန်အနီးမှာ တံမြက်လှည်းနေပါတယ်။ အဲဒီတော့ အမတ်ကြီးက ကျောင်းတလင်းပြင်ပေါ်မှာပဲ ဦးချကန်တော့ရတယ်ပေါ့။ ဦးချပြီးတော့ ဆရာတော်နဲ့ အမတ်ကြီး ဦးပေါ်ဦး အပြန်အလှန် စကားပြောပုံကို ကြည့်ပါဦး။

ဦးပေါ်ဦး        -  ရေကန်ကြီးက အလွန်ကောင်းပါတယ်ဘုရား။

ဆရာတော်    -  အေး … ကောင်းတယ်။

ဦးပေါ်ဦး        -  ရေကလည်း အလွန်ကြည်ပါပေတယ် ဘုရား။

ဆရာတော်    -  အေး … ကြည်တယ်။

ဦးပေါ်ဦး        -  ရေကန်ကြီး ဘယ်လောက်နက်ပါသလဲ ဘုရား။

ဆရာတော်    -  ငါမသိဘူး။

ဦးပေါ်ဦး        -  ဆရာတော် သီတင်းသုံးတော်မူတဲ့ ကျောင်းတိုက်အတွင်းမှာဖြစ်လို့ နီးတဲ့အတွက်
                     သိလိမ့်မည် ထင်မှတ်၍ လျှောက်ထားမိပါတယ် ဘုရား။

ဆရာတော်    -  နီးတိုင်းသာသိရမယ်ဆိုရင် သင့်ရဲ့ နှုတ်ခမ်းမွေး ဘယ်နှစ်ပင်ရှိသလဲ။

ဦးပေါ်ဦး        -  သတိမထားမိ၍ ဘယ်နှစ်ပင်ရှိကြောင်း မသိပါ ဘုရား။

ဆရာတော်    -  သင့်နှုတ်ခမ်းမွေးကိုမှ ဘယ်နှစ်ပင်ရှိကြောင်း မသိဘဲ ဒီရေကန်ရဲ့        
                      အတိမ်အနက်ကိုရော ငါသိနိုင်မှာလား။

…ဆရာတော် ပြောလိုက်တဲ့စကားကြောင့် အမတ်ကြီး ဦးပေါ်ဦးလဲ ရှေ့ကို စကားမဆက်နိုင် တော့ပါဘူး။ ဦးချပြီး ခပ်ကုတ်ကုတ်နဲ့ ပြန်သွားရပါတော့တယ်။

…ဆရာတော်က အပြောအဆိုသာ ထိမိတာမဟုတ်ပါဘူး။  အပြုအမူပိုင်းမှာလည်း ထိမိလှပါတယ်။ အပြုအမူထိမိပုံကတော့ ကျမ်းပြုတဲ့ ရဟန်းငယ်တစ်ပါးနဲ့ ဆက်စပ်နေပါတယ်။

…တစ်နေ့မှာ ရဟန်းငယ်တစ်ပါးဟာ ဆယ်ကြောင်းပေ  သုံးအင်္ဂါရှိတဲ့ ကျမ်းတစ်စောင် ရေးသားပြီး ဆရာတော်ထံ ယူလာပါတယ်။ ဆရာတော်ထံရောက်တော့ သူ့ရဲ့ကျမ်းစာကို ကြည့်ရှုပြီး အမှားရှိရင် မှားတဲ့နေရာကို ထုံးစက်ပြပေးပါဘုရားတဲ့။ ဆရာတော်ကလဲ “အေး…ထားခဲ့၊ မနက်ဖြန် ညနေ လာယူ” လို့ မိန့်လိုက်ပါတယ်။

..ရဟန်းငယ်ရေးတဲ့ ကျမ်းစာကို သေချာကြည့်ရှုပါတယ်။ ကြည့်ရှုတော့ ကျမ်းစာက တစ်စောင်လုံး ကမောက်ကမနဲ့ အမှားတွေချည်းပါပဲ။ အဲဒီတော့ ဆရာတော်က အနားမှာရှိတဲ့ တပည့်ရဟန်း တစ်ပါးကို ခေါ်ပြီး “မောင်ပဉ္စင်း…ဒီပေစာကို ဟိုထုံးအိုးကြီးထဲမှာ မြုပ်သွားအောင် နှစ်ထားလိုက်စမ်း” လို့ အမိန့်ရှိပါတယ်။ တပည့်ကလည်း ဆရာတော်အမိန့်ရှိတဲ့အတိုင်း ထုံးအိုးထဲမှာ မြုပ်သွားအောင် သွားနှစ်ထားလိုက်ပါတယ်။


…နောက်တစ်နေ့ညနေ စာမူရှင်ရဟန်း စာမူလာယူတော့ ဆရာတော်က “ကိုယ်တော်ရဲ့ ပေစာ ဟိုထုံးအိုးကြီးထဲမှာ နှစ်ထားတယ် ယူသွား” လို့ မိန့်လိုက်ပါတယ်။ စာမူရှင် ရဟန်းလည်း ကိုယ့်ပေစာကို ယူပြီး မိမိကျောင်း ပြန်သွားပါတယ်။ ကျောင်းရောက်တော့ သီတင်းသုံးဖော် သူငယ်ချင်းတွေကို အကျိုးအကြောင်း ပြောပြပါသတဲ့။ သီတင်းသုံးဖော် သူငယ်ချင်းတွေက ဆရာတော့်အပြုအမူကို သဘောကျလွန်းလို့ ဆရာတော်ရှိရာ ကျောင်းတိုက်ကို မှန်းပြီး ဦးချကြ ပါသတဲ့။ ကုန်းဘောင်ခေတ်ရဲ့ စာပေဝေဖန်ရေးဆိုရင်လဲ ဆိုနိုင်ပါတယ်။ စဉ်းစားကြည့်မိပါတယ်။ တကယ်လို့သာ ဆရာတော်က အမှားတွေ ထူလဗျစ်နဲ့ ကျမ်းစာကို ဝေဖန်ရမှာ အားနာလို့၊ ဒါမှမဟုတ် အကြောင်းတစ်ခုခုကို ငဲ့လို့ “ကောင်းပါတယ်”လို့ ပြောပြီး ပြန်ပေးလိုက်ရင် ခေတ်အဆက်ဆက် ဒီနေ့ စာသင်သားတွေအထိပေါ့။ မတွေးဝံ့စရာပါပဲ။ ဝေဖန်စရာရှိရင် ဝေဖန်ပြီး ချီးကျူးစရာရှိရင်လဲ ချီးကျူးတာဟာ ပညာရှိတွေရဲ့ သဘောတံတွာ ဓမ္မတာပါ။

…တကယ်တော့ ဆရာတော်ဦးဗုဓ်ဟာ သက်တော် (၅၅)နှစ်ပဲ နေထိုင်သွားရပါတယ်။ (၅၅)နှစ်ပဲ နေသွားရပေမယ့် ပြုစုရေးသားသွားတဲ့ ကျမ်းစာတွေကတော့ (၆၀)ကျော်ပါတယ်။ သက်တော် (၈၀) လောက်များနေခဲ့ရရင် ကျမ်းပေါင်း (၂၀၀)ကျော်လောက်များ ပြုစုသွားမလားလို့ တွေးမိပါသေးတယ်။ ဆရာတော်ပြုစုတဲ့ ကျမ်းပေါင်း(၆၀)ကျော်ထဲမှာ နိဿယကျမ်းချည်း (၄၅)ကျမ်းတိတိ ရှိတယ်လို့ ဆရာတော် မာဂစီ (သာစည်)တို့က ဖော်ထုတ်ပြထားပါတယ်။ ဘာဖြစ်လို့ နိဿယကျမ်းချည်း အဓိက ထားပြီးပြုရသလဲဆိုရင် နောင်ခေတ် စာသင်သားတွေ မပင်မပန်း၊ ချမ်းချမ်းသာသာ သင်ယူလေ့ကျက်  နိုင်အောင် ဖြစ်နိုင်ပါတယ်။ ဒီနေ့ သတင်းစာနဲ့ ရေဒီယို၊ ရုပ်မြင်သံကြားတွေမှာ နေ့စဉ်နဲ့အမျှ တွေ့နေရတဲ့ လောကနီတိဟာ ဆရာတော်ဦးဗုဓ် နိဿယ ပြန်ဆိုခဲ့တာပါ။

…နိဿယပြန်ဆိုရေးတဲ့ နေရာမှာလဲ ကျမ်းစုံလှပါတယ်။ နိဿယတွေထဲမှာ သံပျင် ဋီကာနိဿယတောင် ပါလိုက်ပါသေးတယ်။ သံပျင်ဋီကာဆိုတာ ကျစွာမင်းရဲ့ သမက်ဖြစ်မယ့် ရဟန်းငယ်တစ်ပါး ပြုစုခဲ့တာပါ။ ဒီကျမ်းပြုစုလို့လဲ ဘုရင့်သမီးတော်ရခဲ့တဲ့ ရာဇ၀င်ရှိပါတယ်။ သံပျင်ဋီကာနဲ့ ပတ်သက်လို့ သီးသန့်ရေးသားပါဦးမယ်။

…ဆရာတော်ပြုစုခဲ့တဲ့ နိဿယကျမ်းတွေထဲက မြန်မာပြည်အရပ်ရပ်က အိမ်တိုင်းအိမ်တိုင်းမှာ တွေ့နေရတဲ့ နိဿယကျမ်းတစ်စောင်ကို ပြပါဆိုရင် ဓမ္မစကြာနိဿယကိုပဲ ပြရမှာပါ။ မြန်မာပြည် သာသနာသမိုင်းမှာ ဓမ္မစကြာပါဠိကို ပထမဆုံး နိဿယပြန်ဆိုတာ ဆရာတော်ဦးဗုဓ် ဖြစ်တယ်လို့ သမိုင်းဆရာတို့က ဆိုကြပါတယ်။ ဓမ္မစကြာပါဠိကို ခေတ်အဆက်ဆက် တခြားဆရာတော်တွေ နိဿယ ပြန်ဆိုခဲ့ပေမယ့် ဆရာတော်ဦးဗုဓ်နိဿယကို မကျော်နိုင်ခဲ့လို့လဲ ဆိုပါတယ်။ အဲဒီမှာ ကြုံလို့ ပြောရရင် ဓမ္မစကြာပါဠိတော်ရဲ့အစမှာ “ဘိက္ခူနံ ပဉ္စ၀ဂ္ဂီနံ ဣသိပတန နာမကေ” အစချီတဲ့ အမွှမ်းဂါထာသုံးပုဒ် ရှိပါတယ်။ အဲဒီဂါထာသုံးပုဒ်က ဘုရားဟော မဟုတ်ပါဘူး။ ဆရာတော် ဦးဗုဓ် ဓမ္မစကြာပါဠိကို နိဿယပြန်ဆိုရေးသားစဉ်က ဓမ္မစကြာကို ကြည်ညိုလွန်းလို့ဆိုပြီး ဆရာတော် ကိုယ်တိုင် ပါဠိဂါထာသုံးပုဒ် သီကုံးပြီး ထည့်သွင်းခဲ့တာပါ။ ဒီနေ့အထိ အဲဒီဂါထာ သုံးပုဒ်ကို ဓမ္မစကြာ ပါဠိရဲ့အစမှာ တွေ့နိုင်ပါတယ်။

...ဆရာတော်ဦးဗုဓ်နဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ပြောစရာတွေ အများကြီးပါပဲ။ ပြောချင်တာတွေထဲက တစ်ခုပြောစရာရှိပါသေးတယ်။ အဲဒါ ခုဒ္ဒသိက္ခာ နိဿယကျမ်းရဲ့ ရာဇ၀င်ပါ။ ခုဒ္ဒသိက္ခာကျမ်းဆိုတာ ရဟန်းတော်တွေအတွက် ၀ိနည်းကျင့်ဝတ်တွေကို ပြထားတဲ့ကျမ်းပါ။ ဂါထာပေါင်း (၄၈)ဂါထာရှိပါတယ်။

…အဲဒီ ခုဒ္ဒသိက္ခာကျမ်းကို နိဿယပြန်ဆိုနေချိနှ်မှာ ဆရာတော်ဦးဗုဓ်ရဲ့ ကျန်းမာရေးက လုံးဝ မကောင်းပါဘူး။ ဒူလာသွေးဝမ်းကျ ရောဂါဖြစ်နေပါတယ်။ ရောဂါက လျော့မသွားဘဲ တိုးလို့ တိုးလို့သာ ဖြစ်နေပါတယ်။ အဲဒီတော့ ကုဋီ တက်လိုက်၊ ကျောင်းပေါ်ပြန်တက်ပြီး စာရေးလိုက်နဲ့ စာရေးရတာ အတော်ဒုက္ခရောက်နေပါတယ်။ စာရေးတယ်ဆိုတဲ့နေရာမှာလည်း ပြောစရာက ရှိလာပြန်တယ်။ ဆရာတော်ဦးဗုဓ်တို့ ခေတ်တုန်းက ဒီခေတ်လို ဘောလ်ပင်တွေ၊ ဖောင်တိန်တွေနဲ့ ရေးရတာ မဟုတ်ပါဘူး။ ပေရွက်ပေါ်မှာ ကညစ်တံနဲ့ ခဲရာခဲဆစ် ရေးရတာပါ။ ဘယ်လောက် ဒုက္ခရောက်မယ် ဆိုတာ တွေးသာကြည့်ပါတော့။

…ကုဋီတက်လိုက်၊ ကျောင်းပေါ်ပြန်တက်ပြီး စာရေးလိုက်နဲ့ စာရေးရတာ အတော် အနှောင့်အယှက် ဖြစ်နေတော့ နောက်ပိုင်း ကျောင်းပေါ်ပြန်မတက်တော့ဘဲ ကုဋီထဲမှာပဲ နေလိုက်ပါတော့တယ်။ တပည့်ကြီးတွေကို ကုဋီနံရံမှာ သင်ပုန်းလို မီးသွေးနဲ့ သုတ်လိမ်း ခိုင်းစေပါတယ်။ ၀မ်းသွားလိုက်၊ စာထရေးလိုက်နဲ့ နေ့မနား ညမနား ရေးသားပါတယ်။ ဆရာတော်ရေးပြီးတဲ့ ကုဋီနံရံကစာတွေကို တပည့်ကြီးတွေကလာပြီး ပုရပိုက်နဲ့တစ်ဆင့် ကူးယူပေးထားရပါတယ်။ ဒီလိုနဲ့ ကျမ်းတစ်စောင် ပြီးတဲ့အထိပါပဲ။

…ဆရာတော်ရောဂါဖြစ်နေတဲ့ကြားက အနားမယူဘဲ ဘာကြောင့် ကျမ်းတစ်စောင်ပြီးအောင် ရေးခဲ့သလဲ။ သာသနာတော်အတွက်ဆိုတဲ့ ယုံကြည်ချက် တစ်ခုကြောင့်ပဲဖြစ်ပါတယ်။ ဘာကျော်ကြားမှု၊ ဘာအောင်မြင်မှုကိုမှ မျှော်ကိုးပြီး ရေးသားခဲ့တာ မဟုတ်ပါဘူး။ တကယ့်သဒ္ဓါ စစ်စစ်နဲ့ ရေးသွားတာပါ။

…ဆရာတော်က ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ခုဒ္ဒသိက္ခာနိဿယနိဂုံးမှာ အောက်ပါအတိုင်း ရေးသားပေးထားတာကို တွေ့ရပါတယ်။

ဝိဇ္ဇာ မာနေပိ ရောဂမှိ၊
တံ နပေက္ခ ၀ယောကတော
တသ္မာဟိ မနုယုဉ္စန္တု၊
သောတာရတ္တာန ပေက္ခိနော၊

မြန်မာပြန်-

“ ကိုယ့်စိတ်မသာ ကျင်နာခြင်းရှိလျက်လည်း ထိုရောဂါကို မငဲ့မူ၍သာလျှင် ခုဒ္ဒသိက္ခာနိဿယကို ရေးသားပြုစုအပ်၏။ ထို့ကြောင့် သင်စာသင်သားတို့သည် ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ ဤခုဒ္ဒသိက္ခာကျမ်းကို ကိစ္စတစ်ပါး၊ စွန့်ပစ်ထား၍ ဖန်များကြိမ်ခါ လွန်စွာကြိုးထုတ် အားထုတ်မြဲပင် ယှဉ်စေကုန်သတည်း ”

…ဒီနိဂုံးပါဠိအမှာလေးကို ပြန်ပြန်ကြည့်မိတိုင်း ဆရာတော့်အပေါ် ကြည်ညိုလို့မဆုံး ဖြစ်မိပါတယ်။ ဆရာတော် ဦးဗုဓ်ဟာ စကားအလွန်နည်းတော့ တသီးတသန့် သြ၀ါဒပေးတာတွေ၊ ဘာတွေ သိပ်မတွေ့ရပါဘူး။ သြ၀ါဒပေးတာလည်း သိပ်ပြီး အားသန်ပုံ မပေါ်ပါဘူး။ အသက်ထက်ဆုံး လက်ကိုင်ထားပြီး ကိုယ်တိုင်လည်း ကျင့်သုံး တပည့်တွေကိုလည်း ကျင့်သုံးစေခဲ့တဲ့ ရွှေစကားလေး တစ်ခုရှိပါတယ်။ အဲဒီရွှေစကားလေးကတော့…

“ ဘယ်သူ ကဲ့ရဲ့ ကဲ့ရဲ့၊ ဘုရား မကဲ့ရဲ့အောင်နေ ” ပါတဲ့.....။


ကျမ်းကိုး-
(၁)   ညောင်ကန်သာသနာဝင် (ဦးသုဒဿန)
(၂)   ဆရာတော်ဦးဗုဓ် နှစ်(၂၀၀)ပြည့် စာစောင်
(၃)   မယ်နုအုတ်ကျောင်းဆရာတော် (အရှင်ပညာသာမိ)
       (မြတ်သတိ မတ် ၂၀၀၁)
…ရဝေနွယ် (အင်းမ) ၏  “ရွှေစကားတို့ရဲ့ မြစ်ဖျား”  မှ ...

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>