2 3 4 5 6 7 8 9 10

Tuesday, August 7, 2012

တို့ဖခင်



နိုင်ငံချစ်သူ မျိုးချစ်သူကို
ငါမြင်တွေ့မူ သည်ခါတွင်ဝယ်
ဖခင်ကိုတ သတိရမိ။

တို့ဖခင်ကား...........
ထူးခြားစိတ်သန် ဇာတိမာန်ဖြင့်
နိုင်ငံကိုချစ် အမျိးချစ်၏။

နယ်ချဲ့မုန်းသူ တော်လှန်သူကို
ငါမူတွေ့မြင် သည်ခါတွင်ဝယ်
ဖခင်ကိုတ သတိရ၏။

တို့ဖခင်ကား.......
လူသားလူဘောင် သာယာဆောင်လျှင်
နှောင်ဖွဲ့မခံ သူတော်လှန်၏။

ကိုယ်ကျိုးမဖက် ပြည်သူ့တွက်ကို
ဆောင်ရွက်သောသူ မြင့်မြတ်သူကို
ငါမူတွေ့မြင် သည်ခါတွင်ဝယ်
ဖခင်ကိုတ သတိရ၏။

တို့ဖခင်ကား..........
လုပ်သားပြည်သူ များရှင်လူကို
ကြည်ဖြူမြတ်နိုး စေတနာတိုးလျက်
ကိုယ်ကျိုးမပါ များတွက်သာလျှင်
နစ်နာခံလျက် သူဆောင်ရွက်၏။

ပြည်သူကိုသာ မြတ်မေတ္တာဖြင့်
ညှာတာတတ်သူ နှိမ့်ချသူကို
ငါမူတွေ့မြင် သည်ခါတွင်ဝယ်
ဖခင်ကိုတ သတိရ၏။

တို့ဖခင်ကား............
လုပ်သားပြည်သူ များရှင်လူကို
ကြည်ဖြူမေတ္တာ ကရုဏာဖြင့်
ညှာတာထောက်ထား စာနာပွားလျက်
ဝင့်ကြွားမရှိ နေထိုင်ဘိ၏။

မြော်မြင်ကြီးသူ ဥာဏ်ကြီးသူကို
ငါမူတွေ့မြင် သည်ခါတွင်ဝယ်
ဖခင်ကိုတ သတိရ၏။

တို့ဖခင်ကား.........
ကြီးမားဥာဏ်ရှင် တတ်သိမြင်လျက်
ဆင်ခြင်သတိ အစဉ်ရှိ၏။

လောဘနည်းသူ မျှတသူကို
ငါမူတွေ့မြင် သည်ခါတွင်ဝယ်
ဖခင်ကိုတ သတိရ၏။

တို့ဖခင်ကား...........
စိတ်ထားမြတ်လှ သူမျှတလျက်
လောဘမခင် စည်းစိမ်ကြဉ်၏။

လုံ့လကြီးသူ ဖြောင့်မတ်သူကို
ငါမူတွေ့မြင် သည်ခါတွင်ဝယ်
ဖခင်ကိုတ သတိရ၏။

တို့ဖခင်ကား........
ရိုးသားစိတ်ဓာတ် သူဖြောင့်မတ်လျက်
ကြီးမားလုံ့လ ကြံခိုင်လှ၏။

အမှန်ပြုသူ ပြတ်သားသူကို
ငါမူတွေ့မြင် သည်ခါတွင်ဝယ်
ဖခင်ကိုတ သတိရ၏။

တို့ဖခင်ကား.......
အမှားကိုရှောင် အမှန်ဆောင်လျက်
ဆောင်ပါသော်ကား လွန်ပြတ်သား၏။

ယောင်္ကျားပီသူ ရဲရင့်သူကို
ငါမူတွေ့မြင် သည်ခါတွင်ဝယ်
ဖခင်ကိုတ သတိရ၏။

တို့ဖခင်ကား.............
ယောင်္ကျားပီသ ရဲရင့် လှလျက်
မြတ်လှနှလုံး ဇာနည်ထုံးဖြင့်
ကျင့်သုံးဆောင်ရွက် ပြည့်အတွက်လျှင်
သက်စွန့် ခဲ့ပါသည်တကား.....။

မင်းယုဝေ
1.7.1971 ( မြ၀တီ)


 Posted by khin soe htut on March 27, 2011 at 10:00am

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>