2 3 4 5 6 7 8 9 10

Wednesday, August 8, 2012

ဦးပေါ်ဦး လက်ရွေးစင်ဟာသများ (၆)

*** အိပ်မက်မင်္ဂလာနှင့် စလေငခွေး…


“ပေါ်ဦးရဲ့…အယူတော်မင်္ဂလာ တင်လျှောက်ချက်တွေ မှန်ကန်ပုံကဖြင့် များစွာ ချီးမွမ်း အံ့သြဖို့ ကောင်းပါကလား မောင်မင်း”
…ညီလာခံမှာ တင်စရာရှိတာတွေတင်၊ မင်းတရားကြီးကလည်း မေးစရာရှိတာမေး မိန့်စရာရှိတာ မိန့်ကြားတယ်။ အရေးကြီးတာတွေ အပြီးမှာ ဘိုးတော်မင်းတရားကြီးအနေနဲ့ တစ်စုံတစ်ရာကို သတိရဟန်နဲ့ ဖြတ်ပြီး မိန့်တော်မူလိုက်တာပဲ ဖြစ်တယ်။
…ကိုယ်တော်ရှင်မြတ် မြင်မက်တော်မူတဲ့ အိပ်မက်ကို နိမိတ်ကောက်ပြီး သမီးကညာ လေးယောက်ဆက်သပါလိမ့်မယ် ဆိုတဲ့ နိမိတ်ဖတ်ချက်အတိုင်း ဝေသာလီပြည်က သမီးကညာ လေးယောက်ပြည့်အောင် ဆက်သလာတယ်။
“ချီးမွမ်းဖွယ်ရာ ဖြစ်ကြောင်းပါဘုရား”
“တစ်ခါ ဆင်ဖြူတော် နှစ်စီး ရောက်လာမယ်ဆိုတဲ့ နိမိတ်ဖတ်စကားလည်း မှန်တာပဲဟဲ့”
“အံ့သြဖွယ် ကောင်းကြောင်းပါဘုရား”
“နောက်ထပ်တစ်ဖန် နိမိတ်ဖတ်တာက ဓာတ်တော် မွေတော်များကို ပူဇော်ကိုးကွယ် ရလိမ့်မယ်တဲ့၊ ဟော…..တိုက်တိုက်ဆိုင်ဆိုင် သီဟိုဠ်ကျွန်းက သရီရဓာတ်တော်များ ကြွရောက်လာလို့ ပူဇော်ရတယ်ဟဲ့”
“ဘုန်းတော်ကြောင့် ၀မ်းမြောက်ဖွယ် ဖြစ်ကြောင်းပါဘုရား”
“အဲသလို တစ်သွေမတိမ်း မှန်ကန်အောင် နိမိတ်ကောက်ဖတ် လျှောက်နိုင်တဲ့အတွက် အယူတော်မင်္ဂလာကို လွန်စွာ အံ့သြဖို့ ကောင်းပေတယ်ဟဲ့ ပေါ်ဦးရဲ့…”
“မှန်လှပါ၊ အရှင်မင်းမြတ် မြင်မက်တော်မူသော အိပ်မက်ကို အယူတော်မင်္ဂလာနိမိတ်ကောက် လျှောက်ထားတဲ့အတွက် သနားတော်မူတဲ့ဆုဟာ နည်းတယ်ထင်ကြောင်းပါဘုရား”
“အေး…အဲဒီလိုချည်းပဲ၊ နင့်ကို စလိုက်ရင် အတွန့်ကလေးနဲ့”
…အယူတော်မင်္ဂလာ ဦးနိုးရဲ့ နိမိတ်ကောက် လျှောက်ထားမှုနဲ့ စပ်လျဉ်းတဲ့ကိစ္စတွေ ကြီးကျယ်လွန်းလို့သာ ဘုရင်ပေးတဲ့ဆုကို နည်းတယ်လို့ ပြောဝံ့တာဖြစ်တယ်။
“မှန်လှပါဘုရား၊ အိပ်မက်များ အတိတ်များကို နိမိတ်ကောက်ယူရာမှာ များစွာ အရေးကြီးကြောင်းပါ ဘုရား၊ အိပ်မက်ပင်ကောင်းသော်လည်း နိမိတ်ကောက်သူက ပညာနုံနဲ့ရင် အိပ်မက်ရဲ့ နိမိတ်ကို  တစ်ဝက်တစ်ပြက်သာ ကောက်ယူတတ်တဲ့အတွက် အိပ်မက်ရှင်မှာ တစ်စိတ်တစ်ဒေသသာ အကျိုးခံစားရတတ်ပါသဖြင့် နိမိတ်ဖတ်သူကိုပင် ရန်ရှာတတ်ကြောင်းပါဘုရား”
“အင်း…ပေါ်ဦးတို့ တင်လိုက်မှဖြင့် စိတ်ဝင်တစားရှိအောင် တင်တတ်ပါပေ့ကွယ်”
“မှန်လှပါ၊ ဘုန်းတော်ကြောင့် သက်သေ သာဓက အထောက်အထားနဲ့ တင်ခြင်းဖြစ်ကြောင်းပါဘုရား”
…မင်းတရားကြီး မရယ်သော်လည်း ရယ်တော့မတတ် ရွှင်ပြစွာနဲ့ မိန့်တော်မူတယ်။
“အေးပါ၊ မင်းရှာကြံပြီး သံတော်ဦး တင်မယ်ဆိုတာ ငါကိုယ်တော်မြတ် သိပြီးသားပါလေ”
…ဦးပေါ်ဦးကို သရော်ရာက အမတ်တွေကို ဝေ့၀ဲ ရှုစားတော်မူပြီးတော့လည်း မိန့်တော်မူသေးတယ်။
“သူရဲ့ ဆင်ခြေဆင်လက် ဆင်နားရွက်တွေကို နားထောင်လိုက်ကြစမ်းပါ မင်းကြီးတို့ရယ်”
…ဒါလိုမိန့်တော်မူပြီးမှ ဦးပေါ်ဦးကို “ကဲ…ကဲ တင်စမ်းပါဦး” ရယ်လို့ မေးဆတ်ပြီး မိန့်တော်မူတယ်။ ဦးပေါ်ဦးကလည်း သူ့သခင် သရော်တာကို နည်းနည်းလေးမျှ မကြားလေဟန်နဲ့ ဆက်လက် လျှောက်တင်တယ်။
…ဦးပေါ်ဦးတင်တဲ့ အကြောင်းအရာက လှေထိုးသားဘုရင် စလေငခွေးမင်း အကြောင်းလေ။
…အစက ဒီလိုပါ။
…ပုဂံပြည်မှာ သိန်းခိုမင်းနဲ့ ညီတော်တို့ကို အမျက်ပွားပြီး စစ်ထိုးရာမှာ ညီတော် စစ်ရှုံးတယ်၊ ညီတော် အနေ နဲ့ မယားကို ခေါ်ယူထွက်ပြေးပြီး စလေဆိုတဲ့အရပ်မှာ တိမ်းရှောင်နေရတယ်။ ဒီလို တိမ်းရှောင်နေရင်းက သား တစ်ယောက် ဖွားမြောက်တယ်။
…အထည်ကြီးပျက် မင်းသားကျဖြစ်လို့မို့ မလုပ်မကိုင်တတ်တာက တစ်ကြောင်း လူမြင်သူမြင် ထင်ထင်ပေါ်ပေါ် မသွားမလာဝံ့တာကလည်း တစ်ချက်တို့ကြောင့်  အရမ်းဆင်းရဲတယ်။ ထမင်းတောင် နပ်မှန်အောင် မစားကြရဘူး။
…ဒါကြောင့် သူတို့သားကလေး ထမင်းနပ်မှန်မှန် စားရေး နည်းလမ်းရှာတော့ သူဌေးကို တွေ့တယ်။ ဒါနဲ့ပဲ သားကလေးကို သူဌေးအိမ်မှာ ထမင်းစားကျွန်ခံဘ၀နဲ့ အပ်နှံထားလိုက်ကြရတယ်။
…သူဌေးအိမ်မှာတော့ ဘယ်လိုပဲ ပင်ပန်းကြီးစွာ လုပ်ရလုပ်ရ ထမင်းလောက်တော့ နပ်မှန်အောင်စားရတယ်။ သူငယ်လေးရဲ့ အမည်က ငခွေးတဲ့လေ။
…ငခွေးဟာ ဘယ်လောက်ပဲ ပင်ပန်းကြီးစွာ လုပ်ရပေမယ့် တစ်နေ့ကို ခေါင်းသုံးခါ ဖြီးတယ်။ ၀တ်ကောင်း စားကောင်း နံ့သာပျောင်း ကြိုက်လိုက်ပုံများကလည်း လူနဲ့ မလိုက်ဘူး။
…သူဟာ လယ်ထဲယာထဲကို မလိုက်ရဘူး။ ထိုးဝါးမနိုင်ခင်ကတည်းက လှေမှာ ထမင်းချက်လိုက်ရတယ်။ အလှအပ ကြိုက်တဲ့သူနဲ့ လှေသမားဘ၀ဟာ သင့်မြတ်ပါပေ့။
…အဲထိုးဝါးကို နိုင်ပြီ၊ ရေတိုင်းနိုင်ပြီဆိုတဲ့ အခါကျတော့ လှေထိုးသားကြီးအစစ် ဖြစ်သွားပြီ။ လှေထိုးသား ငခွေးအနေနဲ့ ကျောက်ပစ်ကျောက်တင်လည်း ရပါတယ်။ ရွက်တင်ရွက်ချလည်း အလျဉ်းသင့်သလို ၀င်တာပါပဲ။ အများဆုံးလုပ်ရတာ ကတော့ လှေထိုးအလုပ်။





…လှေထိုးတယ်ဆိုတာ လှေမျှောမသွားအောင် ထိုးဝါးနဲ့ထိုးပြီး အားတင်းထားရတာ။ လှေကို ရွေ့သွား အောင်  ထိုးဝါးနဲ့ တွန်းပေးရတာ အားလုံးကို ထိုးဝါးထိုးတယ်လို့ ခေါ်တာပေါ့။
…ငခွေးအနေနဲ့  လူရည်မလည်ခင်ကတော့ လောကကြီးမှာ စလေမြို့တစ်မြို့တည်းရှိတယ်။ သူခိုကိုးစရာက လည်း သူဌေးအိမ်ပဲလို့ ထင်တယ်။ အဲ…သူဌေးရဲ့ လှေနဲ့ နှစ်အတန်ကြာအောင်လိုက်တဲ့အခါ မြန်မာပြည် ထက်အောက်နံလျား ရောက်ဖူး၏။ လူပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့လည်း ဆက်ဆံဖူးတဲ့အခါမှာ လောကကြီးဟာ စလေတစ်မြို့တည်း မဟုတ်ကြောင်း သိလာတယ်။
…သိလာတာနဲ့အမျှ ခေါင်းမော့လာတယ်။ သူဌေးရဲ့ လူယုံကဆဲရင် ပြန်ဆဲလာပြီ။ သူဌေးက ငေါက်တာ တောင် ပြန်ပြောလာတယ်။ နောက်တော့ သူဌေးရဲ့ ခွင့်ပြုချက်မရပဲ အိမ်ကထွက်လာတယ်။ သူ့ကို လက်ယပ်ခေါ်နေတဲ့ လှေတွေက ကမ်းနားမှာ တအားပေါတာကလား။
…လှေတွေမှာ ငခွေး လွတ်လပ်စွာ လိုက်ပါအလုပ်လုပ်တဲ့အခါမှာ တစ်နေရာတည်းက လူတွေ မဟုတ်ဘူး။ ငမြာက ထွန်းသာ၊ မြင်းခြံက ငပွ၊ ဟင်္သာတက ရွဲကြီး စသည်ဖြင့် ပါတယ်။  အဲဒါကြောင့် ငခွေးကိုလည်း သူ့ဇာတိနဲ့တွဲပြီး စလေငခွေး ခေါ်ကြလေရဲ့။
…တစ်ညမှာ စလေငခွေးတို့ရဲ့ လှေဟာ တက်သစ်အရပ်မှာ ညအိပ်တယ်။ ငခွေးလည်း မောမောပန်းပန်းနဲ့ အိပ်လိုက်တာ အိပ်မက်ကြီးမက်တော့မှ လန့်နိုးပြီး ထထိုင်မိတယ်။
…အိပ်မက်ထဲမှာ ဘုရားဂူကျောင်းတွေ ပြည့်လျှံနေတဲ့ ပေါက္ကာရာမပြည်ကြီး၊ ဆည်းလည်းသံ တဝေေ၀၊ ခေါင်းလောင်းသံ တညံညံနဲ့ ရွှေရောင်တ၀င်းဝင်းနဲ့ပေါ့။
…စလေငခွေးအနေနဲ့ လောကနန္ဒာဆိပ်က လှမ်းမျှော်ပြီး စေတီဂူကျောင်းတွေကို ဖူးမျှော်နေတုန်းမှာ သူ့ဗိုက် ထဲက အူတွေ ထွက်လာတယ်။ သူအံ့သြနေခိုက်မှာ အူတွေဟာ လွင့်ပျံတက်ပြီး ပေါက္ကာရာမတစ်ခုလုံးကို ရစ်ခြုံတော့တယ်။
…အဆိုးလား၊ အကောင်းလား၊ စလေငခွေး မခွဲခြားတတ်ဘူး၊ စိတ်လေးလေးနဲ့ ပြန်အိပ်တယ်။
…နောက်တစ်နေ့ နံနက်မှာ သူတို့လှေဟာ ပေါက္ကံကို ခရီးဆက်တယ်။ တစ်နေရာအရောက်မှာ ငခွေးတို့ လှေအနေနဲ့ စည်းထိပ်တစ်ခုကို ကျော်ရတာကိုး၊ သခွေးလည်း လှေနံမှာဝင်ပြီး ပခုံးအခွက်ထဲကို ၀ါးစွန်းထည့်ပြီးထိုးတယ်။ ၀မ်းလျားထိုး အနေအထားက မတ်တပ်ဖြစ်သွားပြီး ဆက်ထိုးဖို့ မဖြစ်တော့တဲ့အတွက် ထိုးဝါးကို ဆွဲယူလိုက်တယ်။
…ကိုယ်တွယ်နေကျ ၀ါးရဲ့ အလေးချိန်ဟာ ထူးခြားနေတယ်။ ဘာတွေများ ငြိနေပါလိမ့်။ သိချင်တဲ့အတွက် ရေပေါ်ကို ထိုးဝါးအဖျားပေါ်လာအောင် ဆွဲတင်ရင်း လှုပ်ကြည့်တယ်။
…လင်ပန်းကြီးပါလား။
…လင်ပန်းကို ထိုးဝါးအချွန်နဲ့ ထိုးမိလို့ စွပ်လျက်သား ပါလာတာလေ။ ၇ှပ်ပြီးရေနဲ့ဆေးသလို လုပ်လိုက်တော့ ရွှေရောင်တွေ ထွက်လာတယ်။ ဘာလင်ပန်းဆိုတာလည်း ပီသလာတယ်။
“ဘုရင်မင်းမြတ်တွေ စားတော်ခေါ်ရာမှာ အသုံးပြုတဲ့ ရွှေမနော လင်ပန်းကြီးပဲ”
…စလေငခွေးဆွဲတင်မယ်လုပ်ပြီးတော့မှ “ငါ့အိပ်မက် အဖိုးတန်ကို ရွှေလင်ပန်းတစ်ချပ်နဲ့ မလဲနိုင်ဘူးဟေ့” အံကြိတ်ပြီး ပြောတယ်။ လင်ပန်းကို ရေထဲနှစ်ပြီး ထိုးဝါးကို လှုပ်ခါပစ်လိုက်တယ်။ ထိုးဝါးအဖျားကို နောက်တစ်ကြိမ် ဖော်အကြည့်မှာတော့ မနောလင်ပန်းကြီး မရှိတော့ဘူး။




…စလေငခွေးတို့ လှေအနေနဲ့ ပေါက္ကာရာမကို ရောက်လာပါပြီ။ ဆိပ်ကမ်းမှာ ကြိုးချည်ပြီးလျှင် ပြီးချင်း အလုပ်ရှိသေးတာ မဟုတ်တဲ့အတွက် ငခွေးအနေနဲ့ မြို့ထဲကို အပြေးလာခဲ့တယ်။ ဟိုမေးဒီမေးနဲ့ မင်းဆရာပုရောဟိတ်အိမ်ကို ရောက်လာတယ်။
…ငခွေးက ငွေတစ်မတ်ကို တဘက်ပေါ်တင်ပြီး ကြုံကြုံရုံရုံ ကလေးထိုင်ရင်းက ပုရောဟိတ်ကြီး ထွက်အလာ ကို စောင့်နေတယ်။ မကြာခင် ပုဏ္ဏားမ ထွက်လာတယ်။
“ဆရာမရှိဘူး၊ ကိစ္စရှိသလား”
“အိပ်မက် နိမိတ် ဖတ်ခိုင်းချင်လို့ပါခင်ဗျာ့”
“ဘာတွေ မက်သလဲ၊ ငါက ဆရာ့မယားပါ၊ ငါလဲ တတ်တယ်”
…ဒါကြောင့် ငခွေးက သူ့အိပ်မက်ကို ပြန်ပြောပြတယ်။
“အေး….အေး….အိပ်မက်ကောင်းပဲ၊ အသက်ရှည်မယ်၊ ဘုန်းကြီးမယ် အမောင်”
…ငွေတမတ်ကို ဆတ်ကနဲ ကောက်ယူတယ်။ အိမ်ထဲကို ၀င်သွားတယ်။
…ငခွေးဆက်နေဖို့ အကြောင်း မရှိတော့ဘူး။ ဒါကြောင့် ပြန်ထွက်လာရတော့တာပေါ့။
…ပုရောဟိတ်အိမ်က ငခွေးဆင်းလာဆဲမှာပဲ ပုရောဟိတ်ကြီး ပြန်ရောက်လာတယ်။
…ငခွေးမှာလည်း ပေးစရာ နောက်ထပ်မရှိတော့လို့ အိမ်ပေါ်ကို ပြန်မတက်ဘူး။
…ပုရောဟိတ်အနေနဲ့ ငခွေး သူ့အိမ်ပေါ်က ဆင်းလာတာမြင်တယ်လေ။ အိမ်ပေါ်ကို ရောက်လျှင်ရောက်ချင်းပဲ အော်မေးတယ်။
“ခုနကလူ ဘာလာလုပ်တာလဲဟေ့…”
…ပုဏ္ဏားမက သွက်သွက်လှမ်းထွက်လာရင်း ဖြေတယ်။
“အိပ်မက်နိမိတ် ကောက်ခိုင်းတာပါ…အရှင်”
…ခြေဆေးရေတွေ စင်အောင်သုတ်အပြီးမှာ ပုရောဟိတ်ကြီးအနေနဲ့ ကွပ်ပျစ်ဘက်ကို လှမ်းသွားရင်း မေးပြန်တယ်။
“ဘယ်လို မက်တာတုန်းဟေ…”
“သူ့ ဗိုက်ထဲက အူတွေ ထွက်ပြီး ပေါက္ကံရာမ တစ်ပြည်လုံးကို ပတ်သတဲ့ရှင်”
…ပုရောဟိတ်ရဲ့ ခြေလှမ်းတန့်သွားတယ်။ တောက်ပြောင်တဲ့မျက်လုံးတွေက ပုဏ္ဏားမကို စိုက်ကြည့်တယ်။
“အဲ့ဒါ…အဲ့ဒါ မယ်မင်း ဘယ်လို နိမိတ်ဖတ်လိုက်သလဲ”
“အိပ်မက်ကောင်းပဲ၊ ဘုန်းကြီးမယ်၊ အသက်ရှည်မယ်လို့ နိမိတ်ဖတ်လိုက်ပါတယ်”
“ဟယ်” ခနဲ အော်ပြီး ပုရောဟိတ်ကြီးဟာ မျက်လုံးပြူးသွားတယ်။ အဲဒီ ဟယ်က ပုဏ္ဏားမကိုလည်း ကူးစက်သွားတယ်။
…ပုရောဟိတ်ဟာ ချက်ချင်းဓား ပြေးယူပြီး ပုဏ္ဏားမရဲ့ ဆံတုံးကို ဆွဲတယ်။
“မင်္ဂလာအိပ်မက်ကို မရိုမသေ စော်ကားတဲ့ဒဏ် ခံပေတော့”
…တစ်ခါတည်း ပုဏ္ဏားမရဲ့ ဆံထုံးကို လှီးဖြတ်တယ်။ အထွေးအအုံလိုက်ကြီး အိမ်ရှေ့ကို ပစ်ချလိုက်တာ နေပူကျဲကျဲကြီးမှာ  ချက်ချင်း မိုးကြိုးပစ်တယ်။ ပုဏ္ဏားမရဲ့ ဆံထုံးမီးလောင်ပြာကျသွားတယ်။
…အဲဒီလို အမတ်ကြီး ဦးပေါ်ဦးက စီကာပတ်ကုံး တင်လျှောက်နေတာကို ဘိုးတော်မင်းတရားကြီးက စိတ်ပါဝင်စားစွာ နားဆင်နေတော်မူလျက်ရှိတယ်။ ဦးပေါ်ဦးက ဆက်ပြီး တင်ပြန်တယ်။
“ပုရောဟိတ်ကြီး ဒီလိုမလုပ်ရင် ပုဏ္ဏားမဟာ မကြာခင်မှာပဲ မိုးကြိုးပစ်ခံရမှာ သေချာပါတယ်ဘုရား”
“ဒါကြောင့် အိပ်မက်နိမိတ်ဖတ်ရာမှာ မဖတ်တတ်ရင် ဒဏ်သင့်ပါတယ်ဘုရား”
“ဒါနဲ့…စလေငခွေး ဘယ်ရောက်သွားတုန်းမောင်မင်း”
…မင်းတရားကြီးမေးတော်မူတဲ့အတွက် အမတ်ကြီးက ဆက်လက် တင်လျှောက်ရတယ်။
“အဲဒီနောက်မှာ ပုရောဟိတ်ဟာ စလေငခွေးရဲ့ ပုံပန်းသဏ္ဍာန်ကို ပုဏ္ဏားမထံမှာ စုံစမ်းပြီးတော့ ပေါက္ကံရာမမြို့ထဲမှာ လိုက်လံ ရှာဖွေပါတယ်ဘုရား”
“တွေ့တဲ့အခါ အိမ်ခေါ်လာပြီး ကျကျနန အိမ်ဦးခန်းမှာ အထိုင်ခိုင်းပါတယ်ဘုရား”
…ဒီနေရာ အရောက်မှာ ဦးပေါ်ဦး ချောင်းဆိုးနေတဲ့အတွက်…
“ခွေးမသား အကျင့်က အရေးဆို ဒီလိုချည်းပဲ” လို့ မင်းတရားကြီးက ငေါက်ငန်းတဲ့အတွက် အမတ်တွေ ရယ်မောကြရတယ်။
“မှန်လှပါ…သွေး သည်းခြေ လေ သလိပ်နဲ့ တည်နေတဲ့ ကိုယ်…..”
“ကဲပါဟယ်…စလေငခွေးကို ဆက်မှာ ဆက်စမ်းပါ”
“မှန်ပါဘုရား၊ ပုရောဟိတ်ကြီးက စလေငခွေးအား အမောင်သည် ဤပြည်၌ မကြာမြင့်မီ မင်းဖြစ်လတ္တံ၊ ရတနာသုံးပါးကို အထူးတလည် ဆည်းကပ်ပါလေ” လို့ နိမိတ်ဖတ်လိုက်တယ် ဘုရား။
…ငခွေးဟာလည်း မကြာမီ ပေါက္ကံရာမ ရွှေထီးရွှေနန်းမှာ မင်းဖြစ်သွားပါတယ်ဘုရား…
…မင်းတရားကြီး ကျေနပ်စွာ ခေါင်းဆတ်နေပေမယ့် ဦးပေါ်ဦးရဲ့တာဝန်က မပြတ်သေးတဲ့အတွက် ဒါကြောင့်လို့ ဆက်ပါတယ်။
“ဒါကြောင့် အိပ်မက်များရဲ့ နိမိတ်များကို ကောက်ယူရာမှာ ကောင်းတာကို ကောက်မှ ကောင်းကျိုးပေးပြီး မကောင်းတာကို ကောက်မိပါက မကောင်းကျိုးရောက်တတ်ပါသောကြောင့် အယူတော်မင်္ဂလာရဲ့ နိမိတ်ကောက်စကားဟာဖြင့် ကောင်းရာကောင်းကြောင်းကို ဖြောင့်ဖြောင့်တန်းတန်း ဟောနိုင်တဲ့အတွက် အရှင်မင်းတရားကြီးမှာ အကျိုးတော် လွန်စွာများခဲ့ကြောင်းပါဘုရား”
“ဒီစကား အမှန်ပဲ မောင်မင်း”
“သို့ဖြစ်ပါသဖြင့် အယူတော်မင်္ဂလာအား ဆုတော် လာဘ်တော်များ ထပ်မံတိုးဆင့် ပေးသင့်ကြောင်း ရှိခိုးသံတော်ဦး တင်ရကြောင်းပါဘုရား”
…ဒီတော့မင်းကြီးက အပြုံးနဲ့ မေးတော်မူတယ်။
“ပေါ်ဦးရယ်…ပွဲခလိုချင်လို့ ပွဲစားလုပ်နေပြီလားဟဲ့…”
“မဟုတ်ပါဘူးဘုရား၊ ချီးမြှောက်သင့်သူကို ထိုက်တန်တဲ့အချီးအမြှောက်ခံစေချင်လို့ ဖြစ်ကြောင်းပါဘုရား”

…အဲ့ဒီလို သူတစ်ပါးကောင်းစားတာ မနာလို ၀န်တို မဖြစ်သည့်အပြင် ပိုပြီး ကောင်းစားအောင် ဦးပေါ်ဦးတင်လျှောက်တဲ့အတွက် အယူတော်မင်္ဂလာအနေနဲ့ ဆင်ပေါက်တစ်စီး ထပ်မံ အသနားတော်မြတ် ခံရပြန်ပါလေရော…..။      ။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

 Posted by ayeayemoemeeku on May 11, 2011

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>