2 3 4 5 6 7 8 9 10

Monday, August 6, 2012

ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ စာစုများ ( ၆ )



၁။ကောင်းတယ်ထင်တာတွေ ရမ်းပြီး မလုပ်ပါနဲ့။ ကောင်းတာ သေချာသိမှ လုပ်ပါ။ ကောင်းမှန်းသိဖို့ အရင်ကြိုးစားပါဦး။
၂။ငါကသာ စဉ်းစားနေတာ သူကတော့ သိမှာ မဟုတ်ပါဘူး။
၃။“အရိပ်လို နေပူကစောင့်”တဲ့၊ သွားလိုက်စမ်းပါ- မြန်မြန်! အရိပ်ကိုလဲ ရောက်မယ်၊ နေပူလဲ မမိတော့ဘူး၊ စောင့်မနေနဲ့။
၎။ကိုယ့်ကို ကိုယ်ပြန်ကြည့် ကြည့်မိရင် သတိ၊ ကြည့်နိုင်ရင် သမာဓိ၊ ကြည့်တတ်ရင် ပညာ၊ ကြည့်နေရင် ၀ီရိယ၊ ခု,ကြည့်, ခုသေချာသိတယ်လို့ ယုံတာက သဒ္ဓါပေါ့။ ချမ်းသာတယ်။
၅။ကိုယ့်ကြောင့် ပတ်ဝန်းကျင် ကောင်းတာလဲရှိတယ်၊ ပတ်ဝန်းကျင်ကြောင့် ကိုယ်ကောင်းတာလဲရှိတယ်။ ကိုယ်နဲ့ ပတ်ဝန်းကျင် အကောင်းတွေ တစ်ထပ်တည်းကျရင် ပိုကောင်းမှာပေါ့။



၆။ပြောသမျှ စကား တရား ဖြစ်ပါစေ။ ကိုယ်ကပဲ ပြောပြော သူများ ပြောတာပဲကြားကြား တရားဖြစ်ဖို့ စကားတိုင်းက ကူညီနေပါတယ်။
၇။ကြိုက်တာကို ကြည့်ရင်းနဲ့ မကြိုက်တာတွေကို မြင်တတ်တယ်။ မကြိုက်တာကို ကြည့်ရင်းနဲ့ ကြိုက်တာတွေကို ဖုံးကွယ် ပစ်တတ်တယ်။
၈။ဘာလုပ်ရမှန်း မသိတဲ့ အချိန်မှာ ဘာမှ မလုပ်ပဲ နေလိုက်တာ အကောင်းဆုံးပေါ့၊ သိမှ ဆက်လုပ်။
၉။မျက်စိစွေနေသူကို “ကြည့်ရတာ တော်တော်ခက်မှာပဲ”လို့ အထင်နဲ့ တည့်အောင်လုပ်ပေးချင်လို့ မရပါဘူး၊ သူ့ဟာနဲ့သူတော့ “အဆင်ပြေနေတယ်” ဆိုတာ သိလိုက်စမ်းပါ။

၁၀။ဝါသနာချင်း ညှိလို့ကတော့ ငြိကုန်မှာပဲ။ မညှိပဲ ညီတာက ပိုကောင်းတာပေါ့။
၁၁။အိပ်မက်ကို အဟုတ်ထင်တတ်တယ်၊ အဟုတ်ကိုလဲ အိပ်မက်လို့ ဇဝေဇ၀ါ ဖြစ်တတ်တယ်။ မသိတာချင်း အတူတူပါပဲ။
၁၂။ငယ်စဉ်က ပြုပြင်ပေးရင် ကောင်းလာတတ်တယ်။ ကြီးလာရင် မလွယ်ဘူး၊ ကိုယ်က ပြင်ပေးချင်လွန်းတော့ အားလုံးကို “ငယ်တယ်”ပဲ ထင်တော့တာပေါ့။
၁၃။“ရယူထားနိုင်ရင် အရသာရှိတယ်”တဲ့၊ ပေးစွန့်လိုက်ရရင်လည်း အရသာရှိတာပါပဲ။ အရသာချင်းတော့ မတူပါဘူး။
၁၄။“ငါ” မရှိမှ သိကြလိမ့်မယ်တဲ့။ အဲဒီ “ငါ”ကရော ရေရေရာရာ ဘာတွေကို သိထားပြီးပြီလဲ?
၁၅။“ခံ” ရတဲ့အခါ မတုန်မလှုပ် တည်နိုင်တာကို “ခံတည်”တဲ့၊ “စံ” ရတဲ့ အခါမှာလည်း မတုန်မလှုပ် တည်နိုင်တဲ့ “စံတည်”လည်း ရှိဖို့လိုတယ်။ နှစ်မျိုးလုံးစုံမှ “ခန္တီ” အစစ်။

၁၆။စိတ်မကောင်းရက်နဲ့ စားရင် စားမကောင်းဘူး။ မပျော်ဘဲ အိပ်ရင် အိပ်မပျော်ဘူး။
၁၇။လွှမ်းမိုးနိုင်သူတွေမှာ- တစ်ခုခုကို လွှမ်းမိုချင်သူဟာ ကျန်တာတွေကို မလွှမ်းမိုးနိုင်လို့။ ဘယ်ဟာမှ မလွှမ်းမိုးချင်ရင် အားလုံးကို လွှမ်းမိုးနိုင်တဲ့ အား ရှိနေပြီမှတ်။
၁၈။လွှတ်မကျစေနဲ့ လွတ်သွားရင် လိုက်ဖမ်းလို့ မမှီတော့ဘူး။ လိုက်ဖမ်းနေရင် ဘယ်ဆင်းရဲမှ မမှီအောင် ခံစားနေရမယ်။
၁၉။မကောင်းမှန်းသိရင်- တရက်ကို ဘယ်နှစ်လိပ် သောက်သလဲ? ဆိုရာကနေ တစ်လိပ်ကို ဘယ်နှစ်ရက်သောက်မလဲ? နောက်ဆုံး မသောက်ရင် အကောင်းဆုံး။
၂၀။သူ့အတွက်ပါ ဆိုပြီး ငါ့ဖို့ ပါတတ်တယ်။ င့ါအတွက်ပါ ဆိုပြီး သူ့ဖို့ ပါတတ်တယ်။ ငါနဲ့သူ မျှရဲ့လား။

Posted by khineyinwin on March 15, 2011 at 10:00am

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>