2 3 4 5 6 7 8 9 10
Sunday, August 5, 2012
ဘယ်သူမပြု မိမိမှု
        အရင်တစ်ပတ်က အမေနှင့် စကားစမြည်ပြောရင်း အကြောင်းရာ တစ်ခုသို့ ဦးတည် သွားဖြစ်ခဲ့သည်။  အိမ်ဖော်မလေးတစ်ဦး ညှင်းဆဲနှိပ်စက်ခံရတဲ့သတင်း ဖတ်ရရင်း အမေနှင့်စကားပြောဆိုနေရာမှ အမေက မနှစ်က သူ့ ၏ ကိုယ်တွေ့ ဖြစ်ရပ်အကြောင်း ပြန်ပြောပြ၏။ ၂၀၁၀ ဖေဖော်ဝါရီလက အမေဗိုက်ခွဲရသည်။ အစာအိမ်ပေါက်သောနေရာမှာ အနာမကျက်သဖြင့် ပြန်လည်ခွဲရခြင်းပြီးပြီး ရင်းနှီးသော မိသားစု ဆရာဝန်ကြီး တစ်ဦးမှ သူ ၏ ကိုယ်ပိုင်ဆေးခန်းသို့ လာရောက်နေထိုင် ကုသရန် ပြောသောကြောင့် အမေ၊ ညီမလေးနှင့် ကျွန်တော်တို့  ထိုဆေးခန်း သို့ ၎ ရက်ခန့် သွားရောက် ကုသဖြစ်ခဲ့၏။ အမေ မကျန်းမမာ ဖြစ်၍ မကြာခဏ ထို ဆေးခန်းသို့ ၀င်ထွက်ဖူးတာကြောင့်ရော ထိုမတိုင်ခင် အရင်ကတည်းက ထိုဆရာဝန် မိသားစုအကြောင်းကို အမေက တစွန်းတစပြောပြဖူးသဖြင့် အနေ မစိမ်းလှပါ။ ကျွန်တော်နှင့် တရင်းတနှီးတော့မရှိခဲ့။ ဆရာဝန်ကြီး၏ ဇနီးမှာ စိတ်သဘောထား အလွန်ဆိုးသည်ဟုပြောသည်။ ထူးခြားချက်မှာ မည်သည့် အိမ်ဖော်မှ မမြဲခြင်းပါ။ ထိုအိမ်သို့ ကျွန်တော် သွားရောက်ဖြစ်သည့်အခါတိုင်း အိမ်ဖော်လေးများ၏ အနေအထားကို အကဲခတ် ကြည့်မိရာ တွေ့ ရ မြင်ရသည်က စိတ်မချမ်းမြေ့လှ။ တွေ့ မိတိုင်း သူတို့ ၏ လည်ပင်း ၊ လက် စသည်တို့ တွင် ဒဏ်ရာအညိုအမည်း အပြတ်အရှတို့ ဖြင့် ညှိုးငယ်သော အသွင်ကိုတွေ့ ရ၏။
      မိဝေးဖဝေး၌ တစိမ်းတရံများအကြား ထမင်းတလုပ် အလုပ်တခုအတွက် စိတ်ပင်ပန်း ကိုယ်ပင်ပန်း လုပ်ပေးကြရသော သူတို့ ဘ၀ကိုယ် ကျွန်တော်တွေးရင်း စိတ်မကောင်းဖြစ်မိသည်။ ထိုသို့ သော အိမ်ရှင် လူတစ်ချို့ ကို မကြာခဏတွေ့ မြင်ကြားသိရသောအခါ မအံ့သြပဲမနေနိုင်။ ငွေကြေး ချမ်းသာသော်လည်း နှမြော တွန့် တိုသောစိတ်၊ ကိုယ်နှင့်ထပ်တူ ဂရုဏာမထားနိုင်ကြသော စိတ်နေသဘောကိုဆောင်ထားကြသည်။ အပေါ်ယံ အလှူပေး ဘုရားတက် ကုသိုလ်ရေးတို့ လုပ်ကြပါသည်။ သို့ သော်လည်း တကယ့်အတွင်းစိတ်အမှန်က မြင်သိရခဲလှ၏။
အထက်က အမေ့အကြောင်းကိုပြန်ဆက်ရရင် ကျွန်တော်တို့ ဆေးခန်းသို့ တက်ရောက်ကုသချိန်တွင် ထိုအိမ်ရှင် ဆရာဝန်ကြီး၏ ဇနီးမှာ လွန်ခဲ့သော ၄ လ ခန့် က ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဆေးခန်း စတက်သည့်ညက အမေနှင့်ကျွန်တော့်ကို ဆရာဝန်ကြီးက သူ့ ၏ အိမ်တွင်း အခန်းတစ်ခုတွင် အိပ်စေသည်။ ညီမလေးက နောက်ရက်မှာလာမည် ဖြစ်သဖြင့် သားအမိ နှစ်ယောက် အခန်းပြင်ဆင်ရင်း အိပ်ရာဝင်ချိန်ရောက်၍ ကျွန်တော်က ခုတင်ပေါ်လှဲရင်း စာဖတ်နေဖြစ်သည်။
 အမေက မအိပ်ခင် ထုံးစံအတိုင်း ဘုရားကန်တော့နေရာမှ မကြာခဏလှည့်လှည့်ကြည့်နေ၏။ ကျွန်တော်လည်း ထိုစဉ်က အမေ့ကို အမှုမဲ့အမှတ်မဲ့ ဘာကြောင့်လဲ မမေးမိ။ ထိုတစ်ညအိပ်စက်ကြပြီး နောက်နေ့ မနက်တွင် အမေ ခွဲစိတ်ခန်း ၀င်ဖြစ်သည်။ ခွဲစိတ်ချိန်နာရီဝက်ကျော်ကျော်ခန့် သာကြာပြီး အမေ့ကို ခွဲခန်းမှ ထုတ်၍ ခုတင်ပေါ်ရွှေ့ တင် ကြသည်။ ခဏအကြာ အစ်ကိုကြီးနှင့် ညီမလေးတို့ ရောက်လာပြီး အမေ့ကို လာတွေ့ မေးမြန်း ကြရင်း ထိုအိမ်မှ မိသားစုများနှင့် စကားစမြည်ပြောကြကာ တစ်နေ့ တာ ပြီးဆုံးသွားခဲ့သည်။ အမေလည်း သက်သက် သာသာအနေအထားဖြစ်၍ စိတ်ချမ်းသာရ၏။ အစ်ကိုကြီးအိမ်ပြန်သွားပြီး ညီမလေးနှင့် ကျွန်တော်တို့ ဒီည အမေ့ကိုစောင့်အိပ်ကြမည်ဖြစ်သည်။
 ထိုညမှာပင် ဇာတ်လမ်းကစလေသည်။
ညီမလေးမှာ အမေနှင့်နီးသည့် ကုတင်ပေးတွင် စောင့်အိပ်ပေးပြီး ကျွန်တော်က ဆေးခန်းရှေ့ ဘက်ရှိ အခန်းလွတ်တွင် တစ်ယောက်တည်းအိပ်ဖြစ်သည်။ ခဏအကြာ ညီမအိပ်ရာနိုးပြီး ကုတင်ဟိုရွှေ့ ဒီရွှေ လုပ်နေ၍ အမေဘာဖြစ်သလဲ လှမ်းကြည့်မိရာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာတွေ့ သဖြင့် ညီမကို တစ်စုံတစ်ရာမမေးမိပဲ ကျွန်တော်ပြန်အိပ်ရာဝင်ဖြစ်ခဲ့သည်။
ကျွန်တော်လည်း စိတ်ထဲမသိုးမသန့် ရှိသဖြင့် ဂုဏ်တော် ၉ ပါးကို စည်းချရွတ်ဖတ်ပြီး ခဏအကြာ အိပ်ပျော် သွားသောအချိန် အနီးအနားတစ်ယောက်ယောက်ရှိသလို ဘာလိုလို ခံစားမိသဖြင့် မကြာခဏ ကျွန်တော် အိပ်၍ မပျော့်တပျော်ဖြစ်နေမိသည်။ သည်လိုနှင့် စောစောအိပ်ရာထပြီး ဟိုဟိုသည်သည်လမ်းလျှောက်ဖြစ်နေရင်း မိုးလင်းမှ ညီမကပြောပြ၏။ အကြောင်းကတော့.. ထိုအိမ်ရှင် အဒေါ်ကြီးမှာ မကျွတ်မလွတ်ဖြစ်နေခြင်းပင်..ဖြစ်၏။
          ညက ညီမအိပ်သောနေရာမှာ အိမ်နှင့်ကပ်ရပ်ဖြစ်သဖြင့် သံစကာနှင့်မှန်သာခြားထားသော သည်ဘက်ဆေးခန်း အတွင်းမှ အိမ်တွင်းကို အထင်းသားမြင်နေရသည်။ ညီမက အိပ်မပျော်ခင် လမ်းလျှောက် သံ ခြေသံ ကြား၍ လှမ်းကြည့်ရာ မည်သူမျှလည်းမရှိ.. ခဏအကြာ အိပ်ပျော်ခါနီး ညကြီးသန်းခေါင် ဇွန်းသံရေနွေး ထည့်သံကြားသဖြင့် လှမ်ကြည့်မိရာ ကော်ဖီခွက်နှင့် ဇွန်းမှာ လူမရှိပဲ အလိုလိုမွှေနေ သည်ကို တွေ့ ရပြီး တစ်စုံ တစ်ယောက် ရှိသည်အထင်ဖြင့် စောင့်ကြည့်ရာ ခဏအကြာ ထိုအတိုင်း လူမရှိပဲ တဖန် မွှေနေပြန်သောကြောင့် သူလည်းကြောက်လန့် ပြီး အမေ့နား ခုတင်ရွေ့ အိပ်ခြင်း ဖြစ်ကြောင်း ပြောလေသည်။ ကျွန်တော်လည်း ယုံရမလို မယုံရမလို စဉ်းစားရခက်မိသည်။ ဖြစ်ရင်လည်း ဖြစ်နိုင်သည်ပေါ့။
       ထိုအတွေ့ အကြုံကို ပိုခိုင်မာစေသည့် အဖြစ်မှာ ထိုနေ့ ညကျမှ သိရဖြစ်သည်။ အိမ်သားများက ထိုပုဂ္ဂိုလ် မကျွတ် မလွတ်ဖြစ်နေသည်ကိုသိကြပြီး ညတိုင်း ဖယောင်းတိုင်နှင့် စားဖွယ်လေးများ အိမ်ထောင့်တွင် ချချပေးနေ သည်ကို တွေ့ ရလေသည်။ ထိုနေ့ မှ ထိုခြံမှ အလုပ်သမားများပြောပြမှ သူတို့ လည်း မကြာခဏ ခြောက်လှန့်  ခံရကြောင်း ပြောပြသည်။ ကုသိုလ်ပြု အမျှဝေပေးလည်း ထွက်မသွားပဲ တွယ်ကပ်နေသည်လား မပြော တတ်ကြောင်း သူတို့ သိသလောက် ဖွင့်ဟကြ၏။
           နောက် ၂ ရက်လောက်ထပ်နေပြီး ကျွန်တော်တို့ ဆေးခန်းမှ ဆင်းလာခဲ့ကြသည်။ အိမ်ရောက်၍ ရက်အနည်းငယ်အကြာ အမေထူထူထောင်ထောင် ဖြစ်လာသောအခါမှ အမေက ပထမဆုံးညက သူ့ အတွေ့ အကြုံကိုပြောပြသည်။
ထိုညက အမေဘုရားရှိခိုးသောအခါ အခန်းတွင်မှ ကြမ်းတမ်းသော မိန်းမအသံဖြင့် သူ့ အား ဆဲဆိုသံကြီး ကြားရသည် ဟူ၏။ ထိုအသံမှာ သူဘုရားရှိခိုးနေစဉ် လေးငါးခါလောက် ထွက်ထွက်လာသဖြင့် လှည့်လှည့် ကြည့်ဖြစ်ခြင်း ဖြစ်ကြောင်း ကျွန်တော်တို့ အား ပြောပြ၏။ ထိုစဉ်က ကျွန်တော်ကတော့ မည်သည့်အသံမှ မကြားရပါ။ အမေကတော့ အတွေ့ အကြုံရှိသဖြင့် အခြေအနေကိုသဘောပေါက်ပြီး ဘုရား ရှိခိုးရင်း မေတ္တာ ပို့ အမျှဝေ လုပ်ပေးနေလိုက်၍ ခဏအကြာမှ ထိုအသံပေါ်မလာတော့ခြင်း ဖြစ်ကြောင်း အမေက ပြောပြသည်။
 စင်စစ် ထိုပုဂ္ဂိုလ်မှာ သူ၏အိမ်တွင်ပင် မကျွတ်မလွတ် ပြိတ္တာပြန်ဖြစ်နေခြင်းပင် ဖြစ်၏
           ကျွန်တော့်အမြင်တွင် သူသည် လူ့ ဘ၀တွင် ပစ္စည်းဥစ္စာ ချမ်းချမ်းသာသာနေထိုင်ရသော်လည်း သူ၏ အသွင်မှာ စိတ်ချမ်းသာခြင်းလည်း မတွေ့ မြင်မိခဲ့ပါ။ သူ ၏ သမီးနှင့်ညီမတော်စပ်သူတို့ မှာလည်း ပညာတက် တစ်ယောက်ဖြစ်သော်လည်း စိတ်နေစရိုက်ကြမ်းတမ်းလှသည်ကို သတိထားဖြစ်ခဲ့သည်။ လူတန်းစား ခွဲခြား ဆက်ဆံ၍ ဥစ္စာခြောက်နေသူများဟု ခြံမှ ခြံစောင့်ကြီးက ပြောပြပြန်သည်။ တွေ့ ရမြင်ရကြားရသည်မှာ စိတ် မချမ်းသာလှပါ။ ဆရာဝန်ကြီးမှာ သဘောကောင်းလှသော်လည်း အသွင်မတူသော အိမ်သူတို့ ကြား ဖြစ်သလိုနေရပုံပေါ်သည်။
ထိုအတွေ့ အကြုံ ထိုဖြစ်ရပ်တို့ နှင့် စကားစပ်မိသောကြောင့် လူ့ လောက၌ ပြုလုပ်သမျှ ကံကံ၏ အကျိုးတို့ သည် ယခုဘ၀ရော နောက်သံသရာဘ၀အတွက်ပါ မျက်မြင်အကျိုးပေးနေသည်ကို ကိုယ်တွေ့ တွေ့ ကြုံခဲ့ရသည်ကို မျှဝေပြောပြလိုခြင်းပါ။ လူ့ ဘ၀ရနေခိုက် မိမိရောသူတစ်ပါးပါ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်အောင် အတတ်နိုင် ဆုံး ရပ်တည်နေထိုင်သွားကြလျှင် ဘယ်လောက်ကောင်းမည်နည်း။ ဒါန သီလ တတ်နိုင်သလောက်လုပ်၊ ကုသိုလ် လည်းပြု ဓမ္မလည်းရှာ .. မေတ္တာ၊ ဂရုဏာတရားတို့ ဖြင့် သမာအာဇီဝဖြင့် မျှမျှတတာ ရှင်သန်နေထိုင်သွားကြရင် ကိုယ်ရော သူတစ်ပါးပါ ကိုယ်စိတ်ချမ်းသာကြရမည်။
 နှမြောတွန့်တို့ စိတ်၊ မနာလိုစိတ် တို့ က ကိုယ့်ဘ၀ကို အောက်တန်းသို့ သာ ဆွဲချနေခြင်းဖြစ်ကြောင့် သတိပြု ဆင်ခြင်သင့်လှသည်။ လူတစ်ဦးသည် ကွယ်လွန်ခါနီး၌ ဂရုကံ၊ အာသန္နကံ၊ အာစိဏ္ဏကံ၊ ကဋတ္တာကံဟူသော ကံလေးမျိုးတို့ မှ တစ်မျိုးမျိုးက ထင်မြင်လာ၍ နောက်ဘ၀အတွက် အကျိုးပေးသည်ဟူ၏။ ဂရုကံဟူသည်မှာ ကြီးလေးသော အားကြီးသောကံကို ဆိုလိုသည်။ အာသန္နကံမှာ သေခါနီးပြုလုပ်သောကံ ဖြစ်ပြီး အာစိဏ္ဏကံ ဟူသည်မှာ ဗုဒ္ဓဘာသာဝင်တို့ အမြဲမပြတ်ပြုလုပ်ကြသည့် ဘုရားရှိခိုး ပန်းကပ် သီလဘာဝနာပွား စသည့် အပြုအမူ များကို ဆိုလိုသည်။
     အထက်ပါအကြောင်းရာတို့ နှင့် ဆက်စပ်မိ၍ ဘုရားရှင်လက်ထက်က အဖြစ်မှန် ဇာတ်တစ်ပုဒ်ကို အပိုင်း - ၂ အဖြစ် တစ်ပါတည်း ဖော်ပြပေးလိုက်ပါ၏။ ကံကံ၏ အကျိုး၊ ဘယ်သူမပြု မိမိမှု ဟူသော ဆိုရိုးစကားအတိုင်း စိတ်စေတနာနည်းသည် ဖြစ်စေ များသည်ဖြစ်စေ အနည်းငယ်သော စိတ်ယုတ်စိတ်ညံ့သည်ပင်လျှင် ဆိုးဝါးသော ဘ၀ကံကိုပေးနိုင်ကြောင်း ဖော်ပြလိုရင်းပါ။ လူတို့ သည် အကုသိုလ် ဒုစရိုက်တို့ ကို ပြုမိမှားကြရာ မိမိတို့  ပြုလုပ် လိုက်သော အကုသိုလ်ကံကြောင့် သေလွန်ပြီးနောက်၌ ပြိတ္တာဖြစ်ကြရ၏။
         ထိုဘ၀သို့  ပို့ ဆောင်  နှစ်မြုပ်သော အကုသိုလ်ကံတို့ ၏ ခါးသီးသော အဖြစ်တို့ ကိုလည်း သိကြရ၏။ ထိုသို့ သိခွင့်ရကြသဖြင့် ပညာသတိရှိသူတို့ လည်း သံဝေဂဥာဏ် ဖြစ်ပေါ်လာကြရသည်။ မကောင်းမှု၏ အဖြစ်ကို နားလည် သဘောပေါက်လျက် လူ့ ဘ၀တွင် လူမှု ဒုစရိုက် အကုသိုလ်စိတ်တို့ ကို ရှောင်ကျဉ်လာနိုင်ကြသည်။ ထိုရည်ရွယ်ချက်ဖြင့် ပေတ၀တ္ထုဟူသော ဇာတ်ဖြစ်ရပ်တို့ ကို ရှေးပညာရှိ ဆရာမြတ်တို့ က ရေးသား ညွှန်ပြခဲ့ကြခြင်းဖြင့် ဗုဒ္ဓဘာသာဝင်တို့ မှတ်သားစရာ အကြောင်းအရာများအနေနှင့် ဖတ်ရှုကြရခြင်းဖြစ်ပါသည်။
No comments:
Recent Posts
လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ
Popular Posts
မြန်မာ့မြေ
erer-outer'>