2 3 4 5 6 7 8 9 10

Wednesday, August 8, 2012

အသည်းဆိုသော ထိုအရာ

ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခု၊
သူ ဘာအလုပ်တွေလုပ်နေလဲ၊
သူ့ ကို ထိခိုက်စေတာက ဘာတွေလဲ၊
မထိခိုက်အောင် ဘယ်လိုနေထိုင်ရမလဲ...
မိမိခန္ဓာကိုယ်မှာ ရှိတဲ့ အဓိက အစိတ်အပိုင်းတစ်ခုကို သိရှိနားလည်စေဖို့ ၊
ကျန်းမာရေးအသိ ဗဟုသုတ ရစေဖို့  မြန်မာလို ရှင်းလင်းလွယ်ကူအောင် အတတ်နိုင်ဆုံး ကြိုးစား ရေးသားထားပါတယ်။



                အသည်းဆိုတာကို လူတော်တော်များများသိကြပါတယ်၊ အချစ်အကြောင်း ပြောကြပြီဆိုရင် အဲဒီ နာမည်ကို ခဏခဏသုံးကြတယ်။ “အသည်းနှလုံး”ဆိုပြီးတော့ နှလုံးကိုပါ ပူးတွဲ ထည့်လိုက်ကြသေးတယ်။ တကယ်တမ်းကျတော့ ချစ်တယ်ဆိုတဲ့ ခံစားမှုကို အသည်းက မပေးတတ်ပါဘူးဗျာ။
                အသည်းက အချစ်အတွက်သာ မခံစားတတ်တာ၊ လူတွေအတွက်တော့ မရှိမဖြစ်မလိုအပ်တဲ့  အစိတ်အပိုင်းတစ်ခုပဲဗျ။ အသည်းမရှိဘဲ ကျွန်တော်တို့ အသက်ရှင်လို့ မရဘူး။ အသည်းက အဲဒီလောက်ထိ ကို အရေးပါတဲ့ အင်္ဂါအစိပ်အပိုင်းတစ်ခုပေါ့ဗျာ။ အသည်းကသာ ကျွန်တော်တို့အတွက် လိုအပ်တာ၊ ကျွန်တော်တို့ကတော့ဖြင့် အသည်းကို အလေးတောင်ထားကြတာမဟုတ်ဘူး။ အသည်းအကြောင်းကို လည်း သိပ်မသိကြဘူး။
                အသည်းက ကျွန်တော်တို့ ရဲ့ ခန္ဓာကိုယ်မှာ အကြီးဆုံးပစ္စည်းတစ်ခုပဲ။ အသည်းထက်ကြီးတာ ဘာမှ မရှိဘူး။ အသည်းအလေးချိန်က သာမန်လူကြီးတစ်ယောက်မှာဆိုရင် ၁.၅ ကီလိုဂရမ်လောက်ထိ လေး တယ်။ တစ်ပိဿာဝန်းကျင်ပေါ့ဗျာ။ အသည်းနေတဲ့နေရာက ကျွန်တော်တတို့ရဲ့ ညာဘက်နံရိုး အောက် ဘက် နားမှာပေါ့။ တခါတလေ ရောဂါကြောင့် ကြီးလာပြီဆိုရင်တော့ နံရိုးအောက်ဘက်မှာ အသည်းကို ဆရာဝန်တွေက စမ်းမိတတ်ကြတယ်။ အဲဒါကလည်း ဆရာဝန်တွေအတွက်ရောဂါကုသဖို့ အထောက်အကူတစ်ရပ်ပဲလေ။
                အသည်းက ခန္ဓာကိုယ်မှာ အကြီးဆုံး အင်္ဂါအစိတ်အပိုင်းဆိုတဲ့အတိုင်း အသည်းကို အာဟာရ ထောက်ပံ့ပေးတဲ့  သွေးပမာဏကလည်း မနည်းပါဘူး။ နှလုံးက ညှစ်ထုတ်ပေးတဲ့ သွေးပမာဏရဲ့ လေးပုံ တစ်ပုံ လောက်ထိကို အသည်းက အသုံးပြုရပါတယ်။ နှလုံးအလုပ်ကောင်းကောင်းမလုပ်တဲ့ တချို့လူနာ တွေမှာဆိုရင် အသည်းဟာ သာမန်အချိန်ထက်ပိုပြီး သွေးတွေကို သိမ်းဆည်းပေးရပါတယ်။ တခါတလေ ရေသန့်ဘူးတစ်ဗူးစာလောက်ရှိတဲ့ သွေးတွေကို သိမ်းထားပေးရပါတယ်။ အကယ်၍များ ခန္ဓာကိုယ်မှာ သွေးပမာဏနည်းနေပြီဆိုရင်လည်း အသည်းထဲမှာ သိမ်းထားတဲ့ သွေးတွေကို ပြန်ထုတ်ပေးပါသေးတယ်။ အသည်းက သာမန်အရွယ်အစားထက် ပိုကြီး၊ ပိုဆန့်နိုင်တဲ့  အင်္ဂါအစိတ်အပိုင်းဖြစ်တာကြောင့် ခုလိုသွေးလှောင်တဲ့ ဂိုဒေါင်ကြီးလို တာဝန်ထမ်းဆောင် နေနိုင် တာပေါ့ဗျာ။
                အသည်းက တာဝန်တွေအများကြီး ထမ်းဆောင်နိုင်ပါတယ်။ ဘယ်တာဝန်အရေးကြီးလဲဆိုရင် အကုန် လုံး အရေးကြီးတယ်လို့  ပြောရမှာပေါ့ဗျာ။ ကျွန်တော်တို့ တွေ အစာစားပြီးတဲ့အခါမှာ သွေးထဲမှာ ဂလူးကို့စ် ပမာဏက မြင့်တက်လာတယ်။ လိုအပ်တာထက်ပိုလျှံနေတဲ့ ပမာဏထိ ရောက်သွားတာပေါ့ဗျာ။ အဲဒီအခါမှာ အသည်းက ပိုနေတဲ့  ဂလူးကို့စ်တွေကို တခြားအသွင်တမျိုးနဲ့ သိမ်းထားပေးပါတယ်။


ခန္ဓာကိုယ်က လိုအပ်တဲ့အချိန်မှာ အဲဒီသိမ်းထားတဲ့ သကြားဓါတ်တွေကို အသည်းက ပြန်ထုတ်ပေးရပါတယ်။ မထုတ်ပေးလို့ မရဘူးလေ။ လုံလောက်တဲ့ သကြားဓါတ်ပမာဏမရရင် ကျွန်တော်တို့ရဲ့ ဦးနှောက် ပျက်စီးပြီး တာဝန်မထမ်းဆောင်နိုင်ဘဲ ဖြစ်သွားမှာပေါ့။ ဂလူးကို့စ်ကနေ စွမ်းအင်ရမှသာ ခန္ဓာကိုယ် အစိတ်အပိုင်း တွေ က ကိုယ်စီကိုယ်စီ သူ့ အလုပ်သူ လုပ်ဆောင်နိုင်ကြမှာလေ။ ဒါကြောင့် တခြားအင်္ဂါတွေအတွက် အသည်း က သကြားဓါတ်အာဟာရကို ထိန်းသိမ်းပေးရတာပေါ့။


             ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းတွေကိုလည်း အသည်းကပဲ ဒိုင်ခံဖွဲ့စည်း ထုတ်လုပ်ပေးရ တာပါ။ အသည်းထုတ်မပေးနိုင်တဲ့  ပရိုတင်းတစ်မျိုးကလွဲလို့ အခြားလိုအပ်တဲ့ ပရိုတင်းမှန်သမျှ အသည်းက စက်ရုံသဖွယ် ထုတ်ပေးပါတယ်။ သွေးထဲမှာရှိတဲ့ သွေးရည်ကြည် ပရိုတင်းဓါတ်ဟာ အင်မတန် အရေးကြီးလှ ပါတယ်။ ပရိုတင်းဟာ ရေကို ဆွဲထားပေးနိုင်တဲ့ သတ္တိရှိပါတယ်။ သွေးကြောထဲမှာ ရှိတဲ့ ပရိုတင်းက ရေဓါတ်ကို ဆွဲထားနိုင်မှသာ သွေးလည်ပတ်မှုက ပုံမှန်ဖြစ်နေမှာပါ။ ဥပမာ အသည်းမကောင်းတဲ့ လူနာတွေမှာ ခြေထောက်တွေ ကိုယ်တွေ ဖောနေတတ်ပါတယ်။ အဲဒါဘာလို့လဲဆိုတော့ အသည်းရဲ့ ပရိုတင်း ထုတ်လုပ်မှု တာဝန်ပျက်စီးနေလို့  ပေါ့။ ပရိုတင်းမရှိတော့ သွေးကြောထဲမှာ ရေကိုဆွဲမထားနိုင်ဘူးလေ၊ ဒီတော့ သွေးထဲက အရည်က တစ်ရှုးတွေထဲကို စိမ့်ဝင်သွားပြီးတော့ လူဟာ ခြေတွေလက်တွေ ဖောလာတဲ့  ဝေဒနာ ကို ခံစားရတော့တာပေါ့။ ကျောက်ကပ်မကောင်းတဲ့ လူနာတွေမှာလည်း အဲဒီလို ခြေလက်တွေ ဖောနေနိုင်ပါ သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်ကပ်က သူ့ တာဝန်တစ်ခုဖြစ်တဲ့ ပရိုတင်းတွေကို ဆီးထဲပါမသွားအောင် ပြန်စစ်ယူမထားနိုင်လို့ ပေါ့။
             အသည်းဟာ ကျွန်တော်တို့စားလိုက်တဲ့  အာဟာရဓါတ်တွေထဲကနေလည်း ကိုလက်စထရောကို ထုတ်လုပ်ပေးပါသေးတယ်။ ခန္ဓာကိုယ်ရဲ့ ကိုလက်စထရော ဖွဲ့စည်းမှု ၈၀ ရာခိုင်နှုန်းလောက်ကို အသည်းကပဲ တာဝန်ယူရတာပါ။ လိုအပ်တာထက် အရမ်းပိုများနေတဲ့  အဆီတွေကိုတော့ အဆီတစ်ရှုးတွေထဲမှာ သိမ်းဆည်းရပါတယ်။ ဒါကြောင့်မို့ အဆီတွေ လိုတာထက်ပိုပြီး အများကြီးစားတဲ့သူတွေမှာ ဗိုက်ခေါက်အဆီတစ်ရှုးတွေ ထူလာတာပေါ့ဗျာ။ အသည်း ဖွဲ့စည်း ထုတ်လိုက်တဲ့  ကိုလက်စထရောကနေ သည်းခြေရည်အဖြစ် အသည်းကပဲ ထပ်ပြီး ပြောင်းလဲ စစ်ထုတ်ပေးပါတယ်။ သည်းခြေရည်ဖြစ်ပေါ်ဖို့အတွက် ကိုလက်စထရောက အဓိကပါ။ သည်းခြေရည်မှာ ဘာတွေပါသလဲဆိုတော့ ရေ၊ ကိုလက်စထရော၊ ပရိုတင်း၊ သည်းခြေရောင်ခြယ်ပစ္စည်း အစရှိတာတွေ ပါပါတယ်။ တစ်နေ့ ကို  ၂၅၀ မီလီလီတာကနေ တစ်လီတာ ၀န်းကျင်ခန့် ထိရှိတဲ့ သည်းခြေရည်ပမာဏကို အသည်းက စစ်ထုတ်ပေးရ ပါတယ်။ အသည်းကထုတ်လုပ်လိုက်တဲ့ သည်းခြည်ရည်ကိုတော့ သည်းခြေအိတ်က သိမ်းဆည်းပေးပါတယ်။
              သည်းခြေအိတ်ဆိုတာ အသည်းရဲ့ ညာဘက်အောက်ခြေနားမှာ ကပ်လျက် တည်ရှိတဲ့  သစ်တော်သီး ပုံ အိတ်ငယ်လေး ဖြစ်ပါတယ်။ အသည်း စစ်ထုတ်ပေးလိုက်တဲ့  သည်းခြေရည်တွေကို သည်းခြေ အိတ်က ပျစ်အောင်ဖန်တီးပြီး သိမ်းထားပေးပါတယ်။ သည်းခြေရည် ပမာဏ ၅၀ မီလီလီတာ လောက်ကို သည်းခြေအိတ်က သိမ်းထားပေးနိုင်စွမ်းရှိပြီးတော့ ကျွန်တော်တို့ အစာစားလိုက်တဲ့အခါမှာ အဲဒီသိမ်းထားတဲ့ သည်းခြေရည်တွေကို အူသိမ်ဦးထဲကို တဖြည်းဖြည်း စီးဆင်းစေပါတယ်။ သည်းခြေရည်ဟာ စားလိုက်တဲ့ အစာထဲက အဆီတွေကို ချေဖျက်သန့်စင်တဲ့ နေရာမှာ ကူညီပေးပါတယ်။ ဒါ့အပြင် အဆီထဲတွင်သာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် အေ၊ ဒီ၊ အီး၊ကေ အစရှိတဲ့ ဗီတာမင်တွေကို ခန္ဓာကိုယ်က စုပ်ယူရာမှာလည်း သည်းခြေရည်က မပါမဖြစ်ပါပဲ။


            
သည်းခြေရည်ထဲမှာ ပါဝင်တဲ့  အဓိက သည်းခြေရောင်ခြယ်ပစ္စည်းကတော့ ဘီလီရူဘင်(bilirubin) လို့ ခေါ်တဲ့  ရောင်ခြယ်ပစ္စည်း(pigment) ပဲဖြစ်ပါတယ်။ ဘီလီရူဘင်ဟာ အစိမ်းနဲ့ အ၀ါရောစပ်ထားတဲ့ အရောင်မျိုးဖြစ်ပြီး သွေးနီဥတွေ ပျက်စီးရာကနေ ထွက်ပေါ်လာတဲ့ စွန့်ပစ်ပစ္စည်း တစ်မျိုးပါ။ သွေးနီဥတွေရဲ့ သက်တမ်းဟာ ရက်ပေါင်း ၁၂၀ခန့်  ဖြစ်ပြီး ၁၂၀ ကျော်လာတဲ့ သွေးနီဥဆဲလ်တွေဟာ ကြေမွပျက်စီးလွယ်နေပါပြီ။ အဲဒီအရွယ်လွန်သွေးနီဥဆဲလ်တွေကို ခန္ဓာကိုယ် ခုခံမှုစနစ်ကနေ ချေဖျက်တိုက်ထုတ်ပေးရပါတယ်။ အဲဒီလိုသွေးနီဥဆဲလ်တွေ ပျက်စီးပြီး ထွက်ပေါ်လာတဲ့ ဘီလီရူဘင်တွေကို သည်းခြေရည်ထဲ တခါထဲ ရောထည့် လိုက်ပြီး အူလမ်းကြောင်းကနေတဆင့် ခန္ဓာကိုယ်ကနေ စွန့်ထုတ်လိုက်ရတာပါ။ ဘီလီရူဘင်ဟာ တခြားပုံစံအသွင်ပြောင်းပြီး ဆီးထဲ မစင်ထဲကနေတဆင့် ခန္ဓာကိုယ်ပြင်ပကို ထွက်သွားပါတယ်။ အကယ်၍ ကင်ဆာကြောင့်ဖြစ်ဖြစ်၊ သည်းခြေကျောက်ကြောင့်ဖြစ်ဖြစ် သည်းခြေပြွန်လမ်းတလျှောက် ပိတ်ဆို့နေမယ် ဆိုရင် ဘီလီရူဘင်တွေကို မစွန့်ထုတ်နိုင်တော့ပါဘူး။ ဒီအခါမှာ အသားဝါတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာလေ့ရှိပါတယ်။ လူတစ်ယောက်ဟာ အသားဝါပြီဆိုတာနဲ့ အသည်း ဒါမှမဟုတ် သည်းခြေအိတ်၊ သည်းခြေပြွန်လမ်းကြောင်း တစ်နေရာရာမှာ ပြဿနာ တစ်ခုခုဖြစ်နေပါပြီ။ ဒါမှမဟုတ်ရင်လည်း သွေးနီဥဆဲလ်တွေ အဆမတန်ပျက်စီးခြင်းကြောင့်လည်း ဘီလီရူဘင်တွေ အရမ်းများပြီး အသားဝါလာနိုင်ပါတယ်။
                 အသည်းတို့ အသည်းတွေရဲ့ နောက်ထပ် လုပ်ဆောင်ချက်တစ်ခုကတော့  ခန္ဓာကိုယ်ထဲမှာ ဘက်တီးရီးယားတွေကို ချေဖျက်ပေးတာပါပဲ။ လူတွေစားလိုက်တဲ့  အစားအစာထဲကနေ မျက်စိနဲ့ မမြင်ရတဲ့ အင်မတန်သေးငယ်တဲ့ ဘက်တီးရီးယားတွေဟာ အူလမ်းကြောင်းရှိ သွေးကြောတွေကနေတဆင့် အသည်းထဲကို တိုက်ရိုက်ရောက်ရှိလာပါတယ်။ ဒီအခါမှာ အသည်းထဲမှာရှိတဲ့ ရောဂါပိုးမွှား တိုက်ဖျက်ပေးတဲ့ ဆဲလ်တမျိုးကနေ သွေးတွေကို တာဝန်ယူသန့်စင်ပေးပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့  အခြား အဓိက အစိတ်အပိုင်းတွေဆီ ဘက်တီးရီးယားတွေ တိုက်ရိုက်မရောက်ခင် ဆန်ကာစစ်ပေးသလို လုပ်ဆောင်ပေးပါတယ်။
                 အထက်က ပြောခဲ့တဲ့ တာဝန်တွေအပြင် အသည်းတို့ဟာ ခန္ဓာကိုယ်အတွက် သွေးခဲမှုဖြစ်စဉ်မှာလည်း အဓိက တာဝန်ယူရပါသေးတယ်။ ခန္ဓာကိုယ်မှာ ထိခိုက်ရှနာ ပွန်းပဲ့ပြီဆိုတာနဲ့  သွေးခဲမှု ဖြစ်စဉ် ဖြစ်ပေါ်ပေးရပါတယ်။ ဒါမှသာ ခန္ဓာကိုယ်ကနေ ပြင်ပကို မလိုအပ်ဘဲ သွေးဆုံးရှုံးမှုတွေကို တားဆီးနိုင်မှာဖြစ်ပါတယ်။ ဗီတာမင်ကေရဲ့ အကူအညီကို ရယူပြီးတော့ အသည်း အသည်းကနေပဲ သွေးခဲစေတတ်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်ပေးရပါတယ်။
                     အသည်းဟာ ဒါတင်မကသေးပါဘူး၊ ဗီတာမင်တွေကိုလည်း သိမ်းထားပေးရပါတယ်။ ဗီတာမင် အေ၊ ဗီတာမင် ဒီနဲ့ ဗီတာမင် B12 အစရှိတာတွေကို လပေါင်းများစွာဖူလုံမှုရှိအောင် အသည်း သိမ်းထားပေး နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ သံဓါတ်တွေပိုနေပြီဆိုရင်လည်း အသည်းပဲတတ်နိုင်သလောက် သိမ်းထားပေး ပါတယ်။ သိမ်းထားသမျှတွေကိုတော့ ပြန်လည်လိုအပ်လာတဲ့တစ်နေ့မှာ ပြန်ထုတ်ပေး ရပါတယ်။
                     နောက်ထပ် အသည့်းရဲ့ တာဝန်တစ်ရပ်ကတော့ ခန္ဓာကိုယ်အတွက် မလိုအပ်တော့တဲ့ ပိုလျှံ ဟော်မုန်းတချို့ကို ပြန်လည်ဖယ်ရှားပေးရပါတယ်။ အီစထရိုဂျင်ဟော်မုန်း၊ သိုင်းရွက်ဟော်မုန်း၊ စတီးရွိုက် ဟော်မုန်း အစရှိတာတွေကို ပြုပြင်ပြောင်းလဲ ဖယ်ထုတ်ပေးရပါတယ်။ အသည်း မကျန်းမာတော့ဘူး ဆိုရင်တော့ ဒီလုပ်ငန်းတွေ မလုပ်ဆောင်နိုင်တော့ဘူးပေါ့ဗျာ။ အရက်သောက်ပြီး အသည်းမကောင်းတဲ့ သူတွေမှာ ရင်သားစူလာပြီး ဝှေးစေ့သေးသွားတာဟာ အသည့်းရဲ့ ဒီဟော်မုန်းဖြစ်စဉ်တွေ ကမောက်ကမ ဖြစ်သွားလို့ပါ။
                    အသည်းဟာ ကိုယ်ခန္ဓာအတွက် လိုအပ်တာတွေသိမ်းဆည်းထားပြီး မလိုတဲ့အရာတွေ၊ ဥပါဒ် ဖြစ်စေမယ့် အရာတွေကို ဖယ်ရှားပေးရတဲ့ အင်္ဂါတစ်ခုပါ။ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေမယ့် အရာတွေ၊ ပိုလျှံနေတဲ့ ဆေးဝါးတွေ အစရှိတာတွေကို ဖယ်ရှား ပေးရတာဟာလည်း အသည်းရဲ့ အဓိက ကျတဲ့ တာဝန်တစ်ခုပါ။ အသည်းကို အဓိက ဒုက္ခပေးမယ့် ဟာတွေကတော့ အရက်တွေ၊ မှိုတက်နေ တဲ့ အစားအစာတွေပါပဲ။
                 မပြောပလောက်တဲ့ အရက်ပမာဏအနည်းငယ်ဟာ ခန္ဓာကိုယ်အတွက် ကျန်းမာရေး အထောက် အကူပြုကောင်းပြုနိုင်ပါတယ်။ ဒါပေမယ့် ချင့်ချိန်အောင် မသောက်သုံးနိုင်တဲ့အတွက် ၀င်လာသမျှ အရက် တွေကို အသည်းက ဖယ်ရှားပေးရပါတယ်။ အရက်ဟာ အသည်းထဲမှာရှိတဲ့ ဆဲလ်တွေကို ပျက်စီးစေနိုင်တဲ့  အဆိပ်အပြင်းဆုံး အရည်တစ်မျိုးပါ။ နည်းနည်းသောက်တော့ နည်းနည်းပျက်စီးသလို များများသောက်တော့ များများပျက်စီးရပါတယ်။ ပျက်စီးသွားတဲ့ အသည်းရဲ့ အသည်းဆဲလ် နေရာတွေမှာ တွယ်ဆက်တစ်ရှုးတွေ၊ collagen လို့ ခေါ်တဲ့ အမျှင်တွေဟာ စုဝေးအခြေချလာပါတယ်။ တကယ်ဆိုရင် အသည်းမှာရှိတဲ့ ဆဲလ်တွေ ဟာပျက်စီးသွားရင် အသစ်ပြန်ဖြစ်ပေါ်နိုင်တဲ့ အံ့သြဖွယ်ရာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုပါ။ အသည်းအစိတ်အပိုင်း နေရာအချို့ကို ဖြတ်ထုတ်လိုက်ရင် ဆဲလ်အသစ်တွေ အစားထိုး ဖြစ်ပေါ်ပေးပါတယ်။ ဒါပေမယ့် အရက်ကို နှစ်ရှည်လများ စွဲစွဲလမ်းလမ်း သောက်သုံးလာတဲ့အခါမှာတော့ ပြန်လည် အစားထိုး ပေး ဖို့ဆိုတာ အရမ်းခက်ခဲသွားပါပြီ။ လူကိုအရက်ကနိုင်သွားသလို အသည်းကိုလည်း အရက်က နိုင်သွားပါပြီ။ တစ်ရှုးတွေ အစားထိုးပြီးတဲ့နောက်ပိုင်း အသည်းဟာ တဖြည်းဖြည်း ကျုံ့လာ သေးလာပါတယ်။ ဒါကို အသည်းခြောက်နေပြီလို့လည်း တချို့က သမုတ်ကြပါတယ်။ အရက်ကြောင့် အသဲခြောက်ရုံတင်မကပါဘူး၊ အသည်း ယောင်မယ်၊ အသည်းအဆီဖုံးမယ်၊ နောက်ဆုံးအဆင့် အသည်းကင်ဆာအထိတောင် ဦးတည်နိုင်ပါတယ်။ အသည်း မကျန်းမာပြီဆိုတာနဲ့  အထက်ကပြောခဲ့တဲ့ တာဝန်တွေကို အသည်းက အပြည့်အ၀ မထမ်းဆောင်နိုင်တော့ပါဘူး။ အသည်းမရှိရင် လူဟာ အသက်ရှင်လို့ မဖြစ်နိုင်တော့ဘူးလေ။ ဒါကြောင့် အရက်ကိုမစွန့်နိုင်တဲ့သူအတွက် အသက်ကိုစွန့်ရပြီပေါ့။

                  အရက်လိုပဲ မှိုတက်နေတဲ့ အစားအစာတွေ၊ ရေစိုပြီး မှိုစွဲနေတဲ့ ငရုတ်သီးခြောက်တွေ ဟာလည်း အသည်းကို ဒုက္ခပေးသေးတာပေါ့ဗျာ။ မှိုထဲမှာပါတဲ့ aflatoxin ဆိုတာ ကင်ဆာဖြစ်စေတတ်တဲ့ အာနိသင် ရှိပါတယ်။ မီးနဲ့ အပူပေးရင်တောင် သူ့ရဲ့ ဆိုးကျိုးက ပျောက်ပျက်မသွားပါဘူး။  ဒီ aflatoxin ဟာလည်း အသည်းကင်ဆာကို ဖြစ်စေတတ်တဲ့ အကြောင်းရင်းတစ်ခုပါ။ ဒါကြောင့်မို့ မှိုတက်နေတဲ့ အစားအစာတွေကိုလည်း သတိထား ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

                  အသည်းကျန်းမာရေးကောင်းချင်တယ်ဆိုရင်တော့ အရက်တွေ၊ မှိုတက်နေတဲ့ အစားအစာတွေသာ မကပါဘူး၊ တခြားလိုက်နာရမယ့် နည်းလမ်းတွေလည်း အများကြီးရှိပါတယ်။ အသည်းအဆီဖုံးရောဂါ မဖြစ်စေဖို့ အတွက် အဆီပါတဲ့ အစားအစာတွေ အများကြီး မစားရပါဘူး။ အ၀မလွန်အောင်လည်း ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပြီး နေထိုင်ရပါမယ်။ အသည်းရောင် အသားဝါ အေ ဟာ မသန့်ရှင်းတဲ့ အစားအစာတွေ၊ ရေတွေကနေ ကူးစက်တာဖြစ်တဲ့အတွက် ဒီရောဂါမဖြစ်ဖို့  အစာစားခါနီးတိုင်းနဲ့ အိမ်သာ တက်ပြီးတိုင်း လက်ကို စင်ကြယ်အောင်ဆေးရပါမယ်။ အသည်းရောင် အသားဝါ ဘီနဲ့ စီကို ကာကွယ်ဖို့အတွက် ဆေးထိုးအပ်တွေ မျှဝေသုံးစွဲတာတွေ၊ အကာအကွယ်မဲ့ အပျော်အပါးလိုက်စားတာတွေ စတာတွေကို ရှောင်ကြည်ရပါမယ်။ မလိုအပ်ဘဲ မိမိသဘောနဲ့ မိမိ ဆေးဝါး အလွန်အကျွံ မသောက်သုံးသင့် ပါဘူး။ ဟင်းသီးဟင်းရွက် အသားငါး မျှတအောင်စားသုံးပေးရပါမယ်။ အထက်ပါအတိုင်း လိုက်နာ နေထိုင် မယ် ဆိုရင်တော့ ကျန်းမာတဲ့ အသည်းကို ပိုင်ဆိုင်မှာပါ။ အသည်းဟာ ခန္ဓာကိုယ် အသက်ရှင် ရပ်တည်မှု အတွက် မရှိမဖြစ်လိုအပ်လှတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်နေတဲ့အတွက် ရောဂါမဖြစ်အောင် ကြိုတင် အထူးဂရုစိုက်သင့်လှပါကြောင်း ရေးသားအပ်ပါတယ်။
အောင်အောင်(30th April, 2011)


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>