2 3 4 5 6 7 8 9 10

Monday, August 6, 2012

သင် တကယ်ကို ၀နေပြီလား


အ၀လွန်ခြင်းဟာ ယနေ့ကမ္ဘာပေါ်မှာ လူ့အသက်အန္တရယ်ကို ခြိမ်းခြောက်လာတဲ့ ရောဂါသဖွယ်  အနေအထားတစ်ခုဖြစ်နေပါတယ်။ နည်းပညာများ တိုးတက်လာခြင်းနဲ့ ဇိမ်ခံပစ္စည်းအသုံးအဆောင်များ များပြားလာခြင်း ၊ လူနေမှု ပုံစံများ ပြောင်းလဲလာခြင်းကြောင့် အ၀လွန်ခြင်းဝေဒနာ ခံစားနေရတဲ့သူတွေ တဖြည်းဖြည်း များသထက်များလာပါတယ်။ အထူးသဖြင့်တော့ဗျာ.. ဒီအ၀လွန်ခြင်းက လူချမ်းသာတွေမှာ ဖြစ်တတ်တဲ့ ရောဂါတစ်ခုပါ။ ချမ်းသာတဲ့ နိုင်ငံတွေမှာလည်း လူတော်တော်များများခံစားနေရတဲ့  ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်ပါတယ်။
          ကောင်းပြီ၊ အ၀လွန်ခြင်းဆိုတာ ဘာလဲ .. ကျွန်တော်တို့ စဉ်းစားကြည့်ရအောင်။ အ၀လွန်ခြင်းဆိုတာ အဓိကအားဖြင့်တော့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ သာမန်ထက်ပိုပြီး အဆီတွေ လွန်ကဲနေခြင်းပဲပေါ့။ အ၀လွန်ခြင်း ဘာကြောင့်ဖြစ်တယ်ဆိုတာကို နောက်ထားဦး၊ ခန္ဓာကိုယ်ရဲ့ ပုံမှန်အခြေအနေကို အနည်းငယ် ပြောကြရအောင်…..ကျွန်တော်တို့ ခန္ဓာကိုယ်မှာ စားလိုက်တဲ့ အစာအာဟာရတွေကနေတဆင့် စွမ်းအင် (Energy) ရရှိပါတယ်။ အဲဒီစွမ်းအင်ကို နိစ္စဓူဝ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေ၊ ဦးနှောက်ရဲ့ စဉ်းစားတွေးခေါ်မှုတွေအတွက် ပြန်လည်အသုံးချရပါတယ်။ တနည်းအားဖြင့် Energy output ပေါ့။ အဲဒီလို ကျွန်တော်တို့ စားလိုက်တဲ့  အာဟာရနဲ့ ပြန်လည် အသုံးချလိုက်မှုတွေက အရမ်းမကွာခြားနေဘူးဆိုရင် ဘာပြဿနာမှ ဖြစ်မလာနိုင်ပါဘူး။ အကယ်၍များ ကျွန်တော်တို့စားလိုက်တာက နည်းပြီး ပြန်လည် အသုံးချလိုက်တာက များနေမယ်ဆိုရင် ကျွန်တော်တို့ ဟာ တဖြည်းဖြည်းနဲ့ ပိန်လာမယ်။ စားလိုက်တာက များပြီး ပြန်လည်အသုံးချတာက နည်းနေမယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ၀လာမယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ပုံမှန်အားဖြင့်ဆိုရင် ကျွန်တော်တို့ စားလိုက်တဲ့ အာဟာရဓါတ်တွေထဲက ပိုနေတဲ့  ဂလူးကို့စ်တွေကို အသဲ၊ ကြွက်သားနဲ့ အဆီတစ်ရှုးတွေမှာ သိမ်းဆည်းထားပါတယ်။ ခန္ဓာကိုယ်မှာ ဂလူးကို့စ်ဓါတ် နည်းနေတဲ့ အချိန်ကျရင် အဲဒီသိမ်းထားတဲ့ အရာတွေကို ပြန်လည် ထုတ်ပေးပါတယ်။ တကယ်လို့ ကျွန်တော်တို့ဟာ အစာတွေအများကြီးစားမယ်( အထူးသဖြင့် အဆီတွေပေါ့နော်)၊ နောက်ပြီး ခန္ဓာကိုယ်ကလည်း လှုပ်လှုပ်ရှားရှားမလုပ်၊ စွမ်းအင်တွေကို ပြန်လည်အသုံးမပြုဘူးဆိုရင် တဖြည်းဖြည်းနဲ့ အဆီတစ်ရှုးတွေစုလာမယ်။ ကြာလာတော့ သာမန်ရှိသင့်တာထက် ပိုပြီး ၀လာမှာပေါ့ဗျာ။ ဒါက သာမန် အကြမ်းဖျဉ်း ပြောပြတာပါ။ အများကြီးမစားပေမယ့်လည်း ၀နေတဲ့သူတွေရှိပါတယ်။ ဘာကြောင့်လဲဆိုတာကို နောက်ပိုင်းမှာ ရှင်းပြပါ့မယ်။
          သင့်ကိုယ်သင် ဘယ်လိအခြေအနေမှာ အ၀လွန်တယ်လို့  ယူဆမလဲ…။ ကိုယ်အလေးချိန်များနေတာ တစ်ခုထဲနဲ့ မိမိကိုယ်ကို ၀လွန်းနေပါတယ်လို့ လှေနံဓါးထစ်ပြောလို့ မရသေးပါဘူး။ ကိုယ်ခန္ဓာ အလေးချိန်ရယ် အရပ်အမောင်းရယ် အကုန်စုပေါင်းတွက်ချက်ရပါသေးတယ်။ အ၀လွန်ခြင်းကို တိုင်းတာမယ့်နည်းလမ်းတွေ ရှိနေပေမယ့် စံထားရမယ့် နည်းလမ်းတစ်ခုကတော့ BMI ပါ။ BMI ဆိုတာ Body Mass Index ရဲ့ အတိုကောက်ခေါ်ဝေါ်တဲ့စာလုံးဖြစ်ပါတယ်။ ယနေ့တိုင် လက်ခံသုံးစွဲနေတဲ့  နည်းလမ်းဖြစ်ပါတယ်။

BMI= weight/ height2
ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာအလေးချိန်( ကီလိုဂရမ်)ကို မူတည်ပြီး အလေးချိန်( မီတာ) ၂ထပ်နဲ့ စားမယ်ဆိုရင် BMI အဖြေထွက်ပါတယ်။မီတာ ၂ထပ်ဆိုတာကတော့  ဥပမာ သင့်ရဲ့ အရပ်က ၂မီတာ ရှိရင် ၂ရဲ့ ၂ထပ်ဆိုတော့ ၄ ပေါ့ဗျာ။ ဒါကတော့ မသိတဲ့သူများအတွက်သာ မှားမှာစိုးလို့ တမင်ရှင်းပြပေးတာပါ။ မြန်မာတွေအနေနဲ့တော့ ကီလိုဂရမ်အစား အလေးချိန်ပေါင်ကိုပဲ အသုံးပြုကြပါတယ်။ အရပ်ကိုလည်း ပေ လက်မနဲ့ ပြောကြပါတယ်။ ဒါကြောင့်မို့ ယူနစ်ပြောင်းပြီး တွက်ချက်ချင်တယ်ဆိုရင်တော့ အောက်က နည်းအတိုင်းပြောင်းလဲနိုင်ပါတယ်။
တစ်ကီလိုဂရမ်= ၂.၂ပေါင်
တစ်မီတာ= ၃၉.၃၇ လက်မ
ထွက်ပေါ်လာတဲ့ အဖြေကို ကြည့်ပြီး မိမိကိုယ်ကို ပုံမှန် အလေးချိန်အတွင်းဝင်ရဲ့လား၊ ပိုမှန်အောက်လား ၊ ပုံမှန်အထက်လားဆိုတာကို သိနိုင်ပါတယ်။
၁၈.၅ အောက်= သာမန်အောက် ပိန်နေသည်။
၁၈.၅မှ ၂၄.၉အတွင်း= ရှိသင့်သော အလေးချိန်အတွင်းရှိသည်။
၂၅ မှ ၂၉.၉= အနည်းငယ် ၀နေသည်။
၃၀မှ ၄၀ အတွင်း= အ၀လွန်သောအဆင့်တွင်ရှိသည်။
၄၀အထက်= ဆိုးဆိုးဝါးဝါးကို ၀လွန်းနေပါသည်။


အထက်ပါအခြေအနေအရ ကျွန်တော်တို့ဟာ ဘယ်အတိုင်းအတာအတွင်း ရောက်နေတယ်ဆိုတာ တွက်ချက်လို့ရပါတယ်။ BMI ၃၀ အထက်ဆိုရင်တော့ သင်ဟာ အ၀လွန်ဝေဒနာ ခံစားနေရပြီဖြစ်ပါတယ်။
သာမန်အားဖြင့် အမျိုးသားတွေမှာ ခန္ဓာကိုယ်ရှိ အဆီပမာဏဟာ ပုံမှန်အားဖြင့် ၁၅ ကနေ ၂၀ ရာခိုင်နှုန်းကြားပြီး အမျိုးသမီးတွေမှာ ၂၅ ကနေ ၃၀ ရာခိုင်နှုန်းကြားရှိတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဆီ ဘယ်လောက်ရှိသလဲ ပျှမ်းမျှတွက်ချက်ကြည့်ရအောင်…..
body fat percentage = 1.2(BMI) + 0.23(age) - 10.8(sex) - 5.4
အဆီပမာဏကို တွက်မယ်ဆိုရင် အထက်ပါ Deurenberg equation အတိုင်း တွက်နိုင်ပါတယ်။ BMI နေရာမှာ သင့်ရဲ့ BMI ကို ထည့်ရပါမယ်၊ အသက်(age)နေရာမှာတော့ သင့်ရဲ့ယခုလက်ရှိရောက်နေတဲ့အသက်ပေါ့၊ sex နေရာမှာတော့ သင်ဟာ အမျိုးသားဖြစ်ရင် ၁ ကို အစားထိုးရမှာဖြစ်ပြီး အမျိုးသမီးဖြစ်ရင်တော့ ၀ (သုည)ကို အစားထိုးရမှာဖြစ်ပါတယ်။ ဒီညီမျှခြင်းက အပြည့်အ၀ မှန်တယ်လို့ တော့ ပြောမရပါဘူးတဲ့။ ဘာလို့ လဲဆိုတော့ ခန္ဓာကိုယ်ရဲ့ ကြွက်သားအလေးချိန်ပမာဏက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်တဲ့ အချက်တွေကြောင့် အနည်းငယ်တော့ လွဲကောင်းလွဲနိုင်တယ်လို့ဆိုပါတယ်။
ထွက်လာတဲ့အဖြေပေါ်မူတည်ပြီး သင်ဟာ အ၀လွန်နေခြင်း ရှိမရှိ ပြောလို့ ရနိုင်ပါတယ်။ အဖြေရလဒ်က အမျိုးသားများအတွက် ၂၅ ရာခိုင်နှုန်း အထက်ဆိုရင် အ၀လွန်နေပြီး အမျိုးသမီးများအတွက်ဆိုရင်တော့ ၃၃ရာခိုင်နှုန်းအထက်ဆိုရင် အ၀လွန်နေပါတယ်။

ဒီတခါ  ဘယ်လိုလူတွေမှာ အ၀လွန်ခြင်းဖြစ်မလဲ၊ ဘာတွေကြောင့် အ၀လွန်ခြင်း ဖြစ်မလဲ .. အဖြေထုတ်ကြည့်ရအောင်........
(၁) အသက်
            ပထမ တစ်ချက်ကတော့ အသက်ပါပဲ။ အသက်ကြီးလာလေလေ ၀လာဖို့ အတွက် အခွင့်အလမ်း များလေပါပဲ.၊အသက်ကြီးလာတော့ ခန္ဓာကိုယ်ရဲ့  ဇီဝဖြစ်ပျက်မှုတွေက နှေးကွေးလာမယ်။ ခန္ဓာကိုယ်က ကယ်လိုရီ လိုအပ်တဲ့  ပမာဏကလည်း လျော့နည်းလာပါတယ်။ ဒါကြောင့်မို့ အစားအသောက် ပိုမစားပေမယ့်လည်း အသက်ကြီးလာရင် ၀လာနိုင်ပါတယ်။ နောက်တစ်ခုက အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီး ၀လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုသားတွေမှာ ကယ်လိုရီလောင်ကျွမ်းမှုဟာ အမျိုးသမီးတွေထက်ပိုနေလို့ပါ။ ဒ့ါအပြင် အမျိုးသမီးတွေ သွေးဆုံးပြီးတဲ့ နောက်ပိုင်းမှာ ခန္ဓာကိုယ် ဇီဝဖြစ်ပျက်မှု နှုန်းဟာ ကျဆင်းလာပါတယ်။ ဒိအတွက်လည်း သွေးဆုံးပြီးနောက်ပိုင်းအရွယ် အမျိုးသမီးများဟာ ပိုမိုဝလာနိုင်ပါတယ်။

(၂) မျိုးရိုးဗီဇ
          ဒုတိယတချက်ကတော့ မျိုးရိုးလိုက်တာပါပဲ။ မိဘဟာ အရမ်းဝနေတယ်ဆိုရင် သားသမီးတွေ မှာလည်း ၀လာနိုင်ပါတယ်။သင့်ရဲ့ မျိုးရိုးဗီဇ(genes) ဟာ သင့်ခန္ဓာကိုယ်မှာ အဆီဘယ်လောက် သိမ်းဆည်းထားနိုင်တယ်၊ ဘယ်လောက်သယ်ဆောင်ထားနိုင်တယ်ဆိုတာ သက်ရောက်မှု ရှိနေပါတယ်။ ဒါ့အပြင် မိဘရဲ့ စရိုက်လက္ခဏာတွေဟာလည်း သားသမီးအပေါ် ကူးစက်လေ့ရှိပါတယ်။ ပုံမှန်ထက်များများပိုစားပြီး လေ့ကျင့်ခန်းလှုပ်ရှားမှု မရှိတဲ့ အ၀လွန်မိဘတွေရဲ့ သားသမီးတွေဟာ ၎င်းတို့ကိုယ်တိုင်မှာလည်း အဲဒီစရိုက်တွေကြောင့် အ၀လွန်ခြင်း ဖြစ်ပေါ်ဖို့  အခွင့်အလမ်း ပိုများနေပါတယ်။ အဲဒီလိုပဲ  ကျန်းမာမျှတအောင်စားသုံးပြီး လေ့ကျင့်ခန်း လိုက်စားမှုရှိတဲ့ မိဘတွေရဲ့ သားသမီးတွေမှာတော့ အ၀လွန်ခြင်း ဖြစ်ပေါ်ဖို့ ခဲယဉ်းနေနိုင်ပါတယ်။

(၃) ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း
          ခေတ်ရေစီးကြောင်းအရ တီဗွီ၊ ဗွီဒီယို၊ ကွန်ပျူတာ တွေက အပန်းပြေ ဖျော်ဖြေမှု တစ်ခုလိုပဲ နေရာယူလာပါတယ်။ လှုပ်လှုပ်ရှားရှား သွားလာခြင်းမရှိဘဲ တီဗီ ကွန်ပျူတာ ၊ ဂိမ်းစက်တွေ ရှေ့မှာ အချိန်များများထိုင်နေမယ် ဆိုရင်လည်း တဖြည်းဖြည်းနဲ့  ၀လာနိုင်ပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေမှာဆိုရင် လှုပ်လှုပ်ရှားရှား နေထိုင်ခြင်းမရှိလို့ အ၀လွန်ခြင်း ဝေဒနာ ခံစားလာရတာက ပြဿနာတစ်ရပ်လိုဖြစ်နေပါတယ်။ အနီးအနား သွားလာနိုင်ဖို့ အတွက် မော်တော်ကားများ  အသုံးပြုခြင်း၊  အ၀တ်လျှော်စက်၊ ပန်းကန်ဆေးစက် စတဲ့ ပစ္စည်းတွေတီထွင်လာနိုင်ခြင်းနဲ့  online shopping စနစ်ပေါ်ပေါက်လာခြင်းတို့ ကလည်း အ၀လွန်ခြင်းကို စိန်ခေါ်နေဦးမယ့် အရာတွေ ဖြစ်ပါတယ်။

(၄)အိပ်ရေးပျက်ခံခြင်း
    ကလေးများနဲ့ လူကြီးတွေကို သုသေတန လေ့လာကြည့်လိုက်တဲ့အခါမှာ ပုံမှန် အိပ်စက်ချိန်မရှိခြင်းဟာ အ၀လွန်ခြင်းနဲ့ ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။ ပုံမှန်လူသားတွေအနေနဲ့ ညဘက်အိပ်စက်နေချိန်မှာ Ghrelin နဲ့ Leptin ဆိုတဲ့ ဟော်မုန်း ၂မျိုးထွက်လေ့ရှိပါတယ်။  ခန္ဓာကိုယ်မှာ Ghrelin ကို အဓိကအားဖြင့်  အစာအိမ်နဲ့ မုန့်ချိုအိတ်(pancreas)မှ ထုတ်လုပ်ပြီး ဒီဟော်မုန်းဟာ ဗိုက်ဆာစေတတ်တဲ့ ဟော်မုန်းဖြစ်ပါတယ်။ Leptin ဟော်မုန်းကိုတော့ အဆီတစ်ရှုးတွေကနေ ထုတ်လုပ်ပြီး သူကတော့ Ghrelin နဲ့ ဆန်ကျင့်ဘက် ဆာလောင်မွတ်သိပ်မှုကို ဖိနှိပ်တဲ့ ၊ ဗိုက်မဆာစေတဲ့ ဟော်မုန်း ဖြစ်ပါတယ်။ ဒီဟော်မုန်း ၂မျိုးရဲ့ အချိုးကျမှုဟာ ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ထိန်းထားနိုင်မှုပေါ် သက်ရောက်နေပါတယ်။ နေ့စဉ် အနည်းဆုံး ၆နာရီမှ ၈နာရီထိ အိပ်စက်မယ်ဆိုရင် ဒီဟော်မုန်း ၂ခုရဲ့ ပမာဏဟာ မျှတနေပါတယ်။ အကယ်၍ သင်ဟာအမြဲလိုလို  အချိန်မှန် မအိပ်စက်ဘူးဆိုရင်တော့ ဒီဟော်မုန်း ၂ခုဟာ ပုံမှန် မလုပ်ဆောင်နိုင်တော့ပါဘူး၊
Ghrelin ပမာဏဟာ များလာပြီး  Leptin ပမာဏဟာ များလာတဲ့အတွက် သင်ဟာ သာမန်ထက်ပိုစားပြီး အ၀လွန်ခြင်း ဝေဒနာ ခံစားလာနိုင်ပါတယ်။ တနေ့လျှင် ငါးနာရီပဲ အိပ်တဲ့သူဟာ တနေ့လျှင် ၇ နာရီမှ ၈နာရီအတွင်း အိပ်စက်တဲ့သူထက် ပိုမို ၀လာနိုင်ဖို့  အလားအလာရှိနိုင်တယ်လို့လည်း ဆိုပါတယ်။
(၅)ရောဂါနှင့်ဆေးဝါးများ
            သိုင်းရွက်ဟော်မုန်း လျော့နည်းသည့်ရောဂါ(hypothyodrism)၊ စိတ်ကျရောဂါ၊ အင်ဆူလင် အလုံးဖြစ်ပေါ်ခြင်း(insulinoma)၊
စတီးရွိုက်ဟော်မုန်း များနေသည့် ကူးရှင်းရောဂါစု(Cushing syndrome) ၊ မမျိုးဥအိမ်တွင် အိတ်များဖြစ်ပေါ်နေတဲ့ ရောဂါစု(Polycystic ovary syndrome) အစရှိတဲ့ ရောဂါတွေ ကြောင့်လည်း အ၀လွန်ဝေဒနာ ခံစားရတတ်ပါတယ်။ ဆေးဝါးတွေအနေနဲ့ စတီးရွိုက်ပါသော ဆေးဝါးများ၊ စိတ်ကျရောဂါ ပျောက်ဆေးများနဲ့ သန္ဓေတားဆေးများဟာ အ၀လွန်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
        အခြားသော အချက်တွေအနေနဲ့ကတော့ အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်ပြီးတဲ့ နောက်  ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ ကိုယ်ဝန်တစ်ခါဆောင်ပြီးတိုင်း အလေးချိန် ၄ပေါင်မှ ၆ ပေါင်ခန့်  တက်လာနိုင်တယ်လို့ ဆိုထားပါတယ်။ ဆေးလိပ်သောက်သူတွေမှာလည်း ဆေးလိပ်ဖြတ်လိုက်တဲ့အခါ ခန္ဓာကိုယ် အလေးချိန် အနည်းငယ်တက်လာတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ စားလိုက်တဲ့ အစာအာဟာရတွေက ပိုမို အရသာရှိစေတတ်လို့ ဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကတော့ ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်း ဟာ ခန္ဓာကိုယ်မှာ ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးပါတယ်။ ဆေးလိပ်ဖြတ်လိုက်တဲ့အတွက် ကယ်လိုရီလောင်ကျွမ်းမှု ပမာဏ လျော့နည်းပြီးအလေးချိန် တက်လာစေခြင်း ဖြစ်ပါတယ်။  ဒါပေမယ်လို့လည်း  ဆေးလိပ်ဖြတ်လို့ ကိုယ်အလေးချိန်အနည်းငယ် တက်လာခြင်းထက် ဆေးလိပ်သောက်လို့  ဖြစ်ပေါ်လာတဲ့ ရောဂါတွေက ပိုမို ဆိုးဝါးစေနိုင်တဲ့အတွက် ဆေးလိပ်ကိုတော့ ဖြတ်သင့်လှပါတယ်။
အ၀လွန်ခြင်း ဖြစ်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိသလို အ၀လွန်ခြင်းကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်း တပုံတပင်ကြီးပါ။ အ၀လွန်ခြင်းက ရောဂါတစ်ခုမဟုတ်ပေမယ့် သူကိုယ်တိုင်ကတော့ ရောဂါပေါင်းမြောက်များစွာကို ဖိတ်ခေါ်လျှက်ရှိပါတယ်။ သူ့ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတွေက လူ့အသက်ကိုတောင် ရန်ရှာစေနိုင်တဲ့ ရောဂါတွေပါ။
အ၀လွန်လာရင် သွေးကြောထဲမှာ အဆီတွေစုလာမယ်၊ တဖြည်းဖြည်းနဲ့ ကြာလာတော့ မကောင်းတဲ့ အဆီတွေက လူကိုဥပါဒ်ပေးတော့တာပါပဲ။ နှလုံးသွေးကြောထဲမှာ အဆီတွေစုနေတော့ နှလုံးကို အောက်ဆီဂျင် အာဟာရ ထောက်ပံ့တာတွေနည်းသွားမယ်၊ ရင်ဘတ်အောင့်ပြီး နှလုံးသွေးကြောကျဉ်းတဲ့  ရောဂါတွေ ခံစားလာရမယ်။ အလိုလိုနေရင်းမောလာမယ်။ နေ့စဉ်လုပ်ဆောင်နေကြအလုပ်တွေလည်း မလုပ်နိုင်ဖြစ်လာမယ်။ အခန့်မသင့်ရင် အသက်အန္တရယ်ကိုတောင် ထိခိုက်လာစေနိုင်ပါတယ်။
သွေးကြောမှာ အဆီတွေပိတ်နေတော့လည်း သွေးပေါင်တက်လာမယ်၊ သွေးတိုးရောဂါ ခံစားရတတ်တယ်။ စမ်းချောင်းတစ်ခုလိုပါပဲ၊ ပုံမှန် ရေပမာဏနှုန်းထားနဲ့  စီးနေတဲ့ ချောင်းတစ်ခုမှာ အမှိုက်သရိုက်တွေ ပိတ်စို့သွားရင် ရေစီးမြန်လာသလိုပဲ သွေးကြောထဲမှာလည်း အဆီတွေပိတ်စို့လာတော့ သွေးဖိအားက အလိုလိုအလျောက်တက်လာတော့တာပေါ့။ သွေးတိုးရောဂါ ဖြစ်လာရင် နှလုံးရောဂါတင်မကပါဘူး၊ ကျောက်ကပ် ဦးနှောက် စတဲ့  အစိတ်အပိုင်းတွေကို မီးခိုးကြွက်လျှောက် ဒုက္ခပေးနိုင်ပါတယ်။
အ၀လွန်တဲ့သူတွေဟာ လေဖြတ်ဖို့ လည်း အလားအလာများပါတယ်။ ဦးနှောက်ကို ထောက်ပံ့တဲ့  သွေးလွှတ်ကြောတွေထဲမှာ အဆီတွေပိတ်သွားရင် အဲဒီသွေးကြောထောက်ပံ့နေတဲ့ သက်ဆိုင်ရာ ဦးနှောက် အစိတ်အပိုင်းက အလုပ်မလုပ်နိုင်တော့ပါဘူး။ အဲဒီအခါမှာ ခန္ဓာကိုယ် အောက်ပိုင်းသေခြင်း၊ ကိုယ်တပိုင်းသေခြင်း အစရှိတဲ့ ရောဂါဝေဒနာတွေ ၀င်လာနိုင်ပါတယ်။
ဝမ်းဗိုက်အဆီအရမ်းများလွန်းနေတဲ့ သူတွေဟာ အမျိုးအစား(၂) ဆီးချိုရောဂါ ခံစားရဖို့ လည်း အလားအလာရှိပါတယ်။ အမျိုးအစား(၂)ဆီးချို ဆိုတာကတော့ ကိုယ်ခန္ဓာမှာ အင်ဆူလင်တုံ့ပြန်မှုမရှိတဲ့ ရောဂါတစ်ခုပါ။ ဒီဆီးချိုဝေဒနာရှင်စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်က အ၀လွန်ခြင်း ခံစားနေရတဲ့ သူတွေပဲ ဖြစ်ပါတယ်။
အရမ်းဝနေတဲ့ လူတွေမှာ အဆုတ်နဲ့ဆိုင်တဲ့ပြဿနာတွေလည်း ခံစားတတ်ရပါတယ်။ သာမန်လူ တွေထက် ခန္ဓာကိုယ်မျက်နှာပြင် ဧရိယာ ပိုများတဲ့ အတွက် ၎င်းတို့မှာ အသက်ရှုရတာ ပိုမို ခက်ခဲပါတယ်။ ညအိပ်ပျော်နေချိန်မှာလည်း အိပ်ပျော်နေစဉ် အသက်ရှုရပ်ခြင်းဝေဒနာ (sleep apnea) ကိုလည်း ခံစားရလေ့ရှိပါတယ်။
အ၀လွန်တဲ့ သူတွေဟာ သည်းခြေကျောက်တည်တဲ့ ရောဂါခံစားရဖို့လည်း အခွင့်အလမ်းများပါတယ်။ အ၀လွန်တဲ့သူတွေမှာဆိုရင် သည်းခြေရည်ထဲကို ကိုလက်စထရောစစ်ထုတ်လိုက်တဲ့ ပမာဏဟာ သာမန်လူတွေမှာထက်ပိုများနေပါတယ်။ ဒါကြောင့်မို့ သည်းခြေရည်ဟာ ပျစ်လာပြီး အချိန်ကြာလာတာနဲ့ အမျှ သည်းခြေကျောက်တည်လာနိုင်ပါတယ်။ သည်းခြေကျောက်အမျိုးအစား အမျိုးမျိုးရှိပေမယ့်  အ၀လွန်တဲ့သူ တွေမှာတော့ ကိုလက်စထရောကြောင့်ဖြစ်တဲ့ ကျောက်က အဖြစ်အများဆုံးဖြစ်ပါတယ်။
အ၀လွန်ခြင်းဟာ  ကင်ဆာဝေဒနာတွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။ အမျိုးသားတွေမှာ အစာရေမျိုပြွန်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အသည်းကင်ဆာနှင့် ဆီးကျိတ်ကင်ဆာများ ခံစားရနိုင်ပြီး အမျိုးသမီးတွေမှာဆိုရင်တော့ ရင်သားကင်ဆာ၊ သည်းခြေအိတ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ မမျိုးဥကင်ဆာ အစာရှိတာတွေ ဖြစ်ပေါ်ခံစားလာရနိုင်ပါတယ်။
အထက်ပါရောဂါတွေအပြင် တခြားဖြစ်ပေါ်လာနိုင်တဲ့  ရောဂါတွေလည်း ရှိပါသေးတယ်။ အ၀လွန်လူတွေဟာ မျိုးပွါးခြင်းဆိုင်ရာ ချို့ယွင်းမှုများလည်း ရှိနေနိုင်ပါတယ်။ အမျိုးသားတွေမှာဆိုရင် ကျားဟော်မုန်းဖြစ်တဲ့ တက်ထြိုစထရုန်း ပမာဏနည်းသွားနိုင်ပြီး သားသမီးရဖို့ အခွင့်အရေးနည်းသွားပါမယ်။ အမျိုးသမီးတွေမှာဆိုရင်လည်း မမျိုးဥ မကြွေခြင်း၊ ရာသီသွေးမမှန်ခြင်း အစရှိတဲ့ မျိုးပွါးခြင်းဆိုင်ရာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အ၀လွန်သူတွေဟာ ခန္ဓာကိုယ်အလေးချိန်ပိုမို ထမ်းဆောင်နေရတဲ့အတွက် အဆစ်အမြစ်တွေမှာလည်း ထိခိုက်ရောဂါရနိုင်ပါတယ်။ အဓိကအားဖြင့်တော့ အဆစ်အမြစ်ရောင်တဲ့ရောဂါ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
လူတစ်ယောက်ဟာ တဖြည်းဖြည်းနဲ့ ဝသထက်ဝလာပြီဆိုရင် အလေးချိန်ပြန်ချဖို့ ခက်ခဲလှပါတယ်။ ဒီ့အတွက် မ၀မှီကတည်းက အလေးချိန်ကို သေချာထိန်းထားဖို့လိုပါတယ်။ မိမိမျိုးရိုးထဲမှာ အ၀လွန်တဲ့ မျိုးရိုးရာဇ၀င်ရှိမယ်ဆိုရင် ပိုမိုဂရုစိုက်သင့်ပါတယ်။ အ၀လွန်ဝေဒနာခံစားနေရပြီဆိုရင် သာမန်ထက်ပိုပြီး လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်းလုပ်ပေးပါ။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း အစရှိတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေကို မိမိတတ်နိုင်သလောက်ကစပြီး တဖြည်းဖြည်းချင်းတိုးလုပ်ပေးပါ။ မိမိတို့စားတဲ့အစာထဲမှာ အဆီပမာဏလျှော့ချစားသုံးပါ။ ထမင်းဟင်းအဆီအသားထက် ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို ဖြည့်စွက်စားပေးပါ။ အဆီများတဲ့ အစားအစာတွေ ဖြစ်တဲ့ အမဲသား၊ ၀က်သား၊ မြေပဲ၊ ကွေကာ၊ ထောပတ်၊ ချောကလက်၊ သစ်ကြားသီး၊ သီဟိုဠ်စေ့၊ ဟမ်ဘာဂါ၊ ဥအမျိုးမျိုး အစရှိတာတွေကို တတ်နိုင်သမျှ ရှောင်ပါ။ အစိမ်းရောင်ရှိ လတ်လတ်ဆတ်ဆတ် အသီးအရွက်များကို ပိုမိုစားပေးပါ။  ပန်းသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ အစရှိတဲ့ သစ်သီးတွေကလည်း ကယ်လိုရီပါဝင်မှု နည်းပါးတဲ့  အစားအစာတွေဖြစ်ပါတယ်။
အဓိကအချက်ကတော့ ခန္ဓာကိုယ်က နေ့စဉ်လှုပ်ရှား အသုံးပြုလိုက်တဲ့ စွမ်းအင်(energy)ဟာ နေ့စဉ်စားလိုက်တဲ့ အာဟာရကယ်လိုရီထက် ပိုများနေဖို့ပဲ ဖြစ်ပါတယ်။ ၀င်တဲ့ပမာဏထက် ထွက်တဲ့ ပမာဏ ပိုများနေဖို့လိုပါတယ်။ အ၀လွန်ခြင်းအတွက် ဆေးဝါးတွေရှိပေမယ့် ဘေးထွက်ဆိုးကျိုးတွေအရ ရေရှည်သောက်သုံးဖို့ မဖြစ်နိုင်ပါဘူး။ Amphetamines ၊ Sibutramine အစရှိတဲ့ဆေးဝါးတွေဟာ အစာစားချင်စိတ်ကို ဖိနှိပ်ပေးထားနိုင်ပါတယ်။ ဒါပေမယ့် ဦးနှောက်အာရုံကြောအဖွဲ့အစည်းကို ပိုမိုလှုံ့ဆော်တဲ့ အတွက် ဂဏာမငြိမ်ဖြစ်ခြင်း၊ သွေးဖိအားတက်ခြင်း အစရှိတဲ့ ဆိုးကျိုးတွေပါ ခံစားရ တတ်ပါတယ်။ Orlistat ဆိုတဲ့ ဆေးကတော့ အစာလမ်းကြောင်းမှာ အဆီဖြိုခွဲစုပ်ယူခြင်းကို တားမြစ်တဲ့ ဆေးဖြစ်ပါတယ်။ သူ့ရဲ့ ဆိုးကျိုးကတော့ အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင် အေ၊ဒီ၊အီး၊ကေ စတဲ့ ဗီတာမင်ပမာဏ သွေးထဲမှာ ကျဆင်းစေနိုင်ပါတယ်။ ဆေးတွေကို သူ့ အချိန်အဆနှင့်သူ မသောက်သုံးဘူးဆိုရင် လူကို အန္တရာယ်ဖြစ်စေတဲ့အတွက် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီးမှ သောက်သုံးသင့်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ အ၀မလွန်ခင်မှာ နေ့စဉ်အာဟာရ မျှတမှုရှိအောင် ချင့်ချိန်စားသုံးပါ။ ၀လာပြီဆိုရင်လည်း သာမန်အချိန်ထက် အားကစားလေ့ကျင့်ခန်းများ ပို၍ လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက အ၀လွန်ခြင်းအတွက် အရေးအကြီးဆုံး ကုသမှု တစ်ရပ်ဖြစ်တယ်ဆိုတာကို အဓိကထား ပြောကြားလိုပါတယ်။ အားလုံးပဲ ကျန်းမာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။
အောင်အောင် ( 20th Jan, 2011)

Posted by ပုထုစဉ် on February 22, 2011 at 10:30am

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>