2 3 4 5 6 7 8 9 10

Sunday, August 5, 2012

ဘ၀တစ်ကွေ့ ခဏတွေ့ (၁)



…တိပိဋက ယောဆရာတော် အရှင်သိရိန္ဒာဘိဝံသဟောကြားတော်မူသော “ဘ၀တစ်ကွေ့ ခဏတွေ့” ဓမ္မလက်ဆောင်မှ သေခြင်းတရားနှင့် ပတ်သက်၍ သတိသံဝေဂရဖွယ်ရာများအား ကမ္ဘာသစ်ဓမ္မမိတ်ဆွေ သူငယ်ချင်းများအားလုံး နှလုံးသွင်း နိုင်စေရန် မျှဝေပေးပါသည်။
…ဆရာတော်ဘုရားကြီး၏ ခမည်းတော် ဦးရဲနိုင် ကွယ်လွန်ခြင်းနှင့် ဆရာတော် အလွန် အားထား လေးစားသော အဂ္ဂမဟာ ပဏ္ဍိတ စတုတ္ထကန်တောရ ဆရာတော်ဘုရားကြီး ဦးကေလာသ ဘ၀နတ်ထံပျံလွန်တော်မူစဉ်က ဓမ္မဖြင့်ပူဇော် ဟောကြားခဲ့သော တရားတော်မြတ်များ
ဖြစ်ပါသည်။


…မသွားဘဲသာ နီး၍လာ…
…ဆုတ်ကပ်ကာလ လူ့ဘ၀ဟူသည် တကယ်ပင် ခဏကလေးတွေ့ကြုံရသည့် တစ်ကွေ့ကလေး မျှသာဖြစ်ချေသည်။ အသက်တစ်ရာပြည့်အောင်နေရဖို့ပင် မလွယ်တော့ချေ။ နတ်ဗြဟ္မာတို့၏ သက်တမ်းဖြင့် ယှဉ်၍ ရေတွက်လျှင် နာရီပိုင်း၊ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းကလေးမျှသာရှိသဖြင့် အသက်တိုတောင်း နည်းပါးလွန်းလှသည်။ ဆုတ်ကပ်ကာလ လူ့ဘ၀၌ သားအမိ၊ သားအဖ၊ ညီအစ်ကို ၊ မောင်နှမ၊ ဆွေမျိုး မိတ်ဆွေ စသည်ဖြင့် ဘ၀တစ်ကွေ့ကလေးမှာ ခဏကလေးသာ တွေ့ဆုံခွင့် ရကြလေသည်။ သူရောကိုယ်ပါ မြို့ရွာအတွင်း ထိုထိုဤဤအရပ်သို့ ကိစ္စရှိ၍ သွားလာကြသည့်အခါ လမ်းတစ်ကွေ့္ပ၌ မြင်ဖူးသူ၊ မမြင်ဖူးသူ လူအများကို တွေ့ဆုံဖူးကြပေသည်။  တွေ့ဆုံစဉ် စက္ကန့်၊ မိနစ်ပိုင်း အတွင်း စိတ်ထားမတတ်လျှင် လမ်းတစ်ကွေ့ကလေးမှာပင် အကုသိုလ်အပူထုပ် တစ်ပွေ့ကြီး ယူမိတတ် ကြ၏။ စိတ်ထားတတ်သူကား လမ်းတစ်ကွေ့ကလေး၌ တွေ့ဆုံခိုက် ကုသိုလ်စွမ်းအား စွမ်းအား တစ်ပွေ့ ကြီး ရအောင် ယူနိုင်ပေသည်။ ထို့အတူ ဘ၀သံသရာတစ်ကွေ့ဝယ် ခဏတွေ့ခိုက်မှာလည်း စင်ကြယ်မြင့်မြတ်သော စိတ်ထားဖြင့် ကိုယ့်ကြောင့်လည်း သူချမ်းသာအောင်၊ သူ့ကြောင့်လည်း ကိုယ်စွမ်းအား တက်အောင် နေတတ်၊ ထိုင်တတ်၊ အသုံးချ တတ်မှ လူ့ဘ၀ရကျိုးနပ်ပေမည်။
…ဖြစ်လာပြီးနောက် မသေနိုင်သူဟူ၍ လုံးဝမရှိချေ။ ဖြစ်လာခြင်းသည် ပျက်ဖို့သာဖြစ်၏။ ဘ၀ခန္ဓာကပင် ဖြစ်-အို-နာ-သေ ဆင်းရဲမျိုးစုံတို့၏ တည်ရာဖြစ်ပေသည်။ အတိတ်ကလည်း ဘ၀များစွာ ရခဲ့ပြီဖြစ်၍ အကြိမ်များစွာ မရေမတွက်နိုင်အောင် သေခဲ့လှပြီ။ ယခုဘ၀၌လည်း ဧကန်သေရမည်သာ တည်း။ နောက်အနာဂတ်၌လည်း ဘ၀တွေရလာသလောက် သေရပေ လိမ့်ဦးမည်။


…မသွားဘဲနီးလာသည်မှာ သုသာန်ဖြစ်၍ သွားပါလျက်ဝေးနေသည်မှာ နိဗ္ဗာန်ဖြစ်သည်။ သုသာန်သို့ မည်သူမျှမသွားချင်။ သွားလည်းမသွားကြ။ သို့သော် အို နာ သေကြိုးက ဆွဲသွားသဖြင့် တစ်ချိန်ထက် တစ်ချိန်အမြဲ နီးကပ်လာနေသည်။ နိဗ္ဗာန်ကို နှုတ်ဖြင့်တောင်းမိသော်လည်း စိတ်ဝင်စားမှု မလေးနက် လှသဖြင့် လက်တွေ့အကျင့်ကို ထိထိရောက်ရောက် မကျင့်မိ၍ တစ်စတစ်စ လမ်းပျောက်ကာ ပို၍ ပို၍ နိဗ္ဗာန်နှင့် ဝေးသွားတတ်သည်။ ဘ၀ခန္ဓာရနေသမျှ မလိုချင်သော သေဆုံးပျက်စီးမှု ဆင်းရဲကို ထပ်တလဲလဲ ရနေဦးမည်သာတည်း။ မရဏဆင်းရဲသည် တစ်ဦးတစ်ယောက်တည်း၏ ဆင်းရဲလည်းမဟုတ်။ တစ်ဘ၀ တည်းသာ တွေ့ရသည့် ဆင်းရဲလည်းမဟုတ်။ ဘ၀တိုင်းကြုံတွေ့ရသည့် သတ္တ၀ါတိုင်း၏ ဘုံဆိုင် ဆင်းရဲသာဖြစ်သည်။
…ယခုရနေသော မိမိခန္ဓာသည် သက်တမ်းအချိန်အားဖြင့် တိုတောင်းနည်းပါးလွန်းသဖြင့် ကဲ့ရဲ့ထိုက်သော်လည်း ဗုဒ္ဓသာသနာနှင့် တွေ့ကြုံခိုက်ဖြစ်၍ လူ့ဘ၀လုပ်ပိုင်ခွင့်ကို အပြည့်အ၀ အတိအကျ သုံးနိုင်သောကြောင့် အချိန်တိုင်း တန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန်လှသည်ကိုမူကား အထူးသတိထား ရမည်ဖြစ်သည်။ ဦးခေါင်းမီးလောင်ခံရသူသည် အခြားကိစ္စများကို ခဏရပ်ထား၍ မီးငြိမ်းဖို့သာ ပဓါနထား ကြိုးစားရသကဲ့သို့ ဆင်းရဲမှုတရားခံ အပူ၊ အခိုး၊ အငွေ့များ ငြိမ်းအောင် ကျင့်ဖို့အရေးသည် မိမိတို့၏ ပဓါန ကိစ္စပေတည်း။ နည်းမှန်လမ်းမှန်ကိုကား ဧကန်တွေ့နေကြပြီဖြစ်သည်။
…ရောဂါမျိုးစုံနှင့် သက်မဲ့သက်ရှိ အနှောက်အယှက်မျိုးစုံတို့က တိုတောင်းလှသည့်အသက်ကလေးကို ဖျက်ဆီးပစ်ရန် ၀ိုင်းဝန်းခြိမ်းခြောက်နေကြသည်။ သက်တမ်းစေ့အောင်နေရမည်ဟု မည်သူကမျှ အာမ မခံ၊ တာဝန်မယူနိုင်ချေ။ အနှေးနှင့် အမြန်သာကွာမည်။ သေရမည်ကတော့ ဧကန်ဖြစ်၏။ သေပြီးနောက်လည်း အ၀ိဇ္ဇာနှင့် တဏှာဟူသော ဘ၀နှောင်ကြိုး မပြတ်သေးလျှင် ဘ၀ခန္ဓာအသစ်ကို ထပ်မံရရှိဦးမည်။ ဘ၀ခရီးဆက်ရဦးမည်။ ဘ၀ခရီးဆက်လျှင်လည်း ကိုယ်သွားချင်သလို မသွားရဘဲ ကိုယ့်မှာရှိသလိုသာ သွားရမည်ဖြစ်၍ ကိုယ်သွားလိုသောပုံစံဖြင့် သွားနိုင်အောင် ကိုယ်ပိုင်ကောင်းမှုကို အချိန်မီ ကြိုးစားပြုလုပ်ရမည်ဖြစ်ပေသည်။

…မမျှော်လင့်ဘဲ သေရမြဲ…
…မိမိတို့အတွက် ကြိုတင်မသိနိုင်သော အရာ ၅မျိုးရှိသည်။ မည်သည့်အသက်အရွယ်၌ သေရမည်။ မည်သည့်အနာဖြင့် သေရမည်။ မည်သည့်နေ့ရက်၊ အချိန်၊ နာရီ၌ သေရမည်။ မည်သည့်နေရာ၌ သေရမည်။ သေပြီးနောက် မည်သည့်ဘ၀သို့ ရောက်မည်ကို မြတ်စွာဘုရားနှင့် အဘိညာဉ်ရပုဂ္ဂိုလ်ထူးကြီးများမှတစ်ပါး ကြိုတင်မသိနိုင်ကြပေ။
…အများသူငါအားလုံး မည်သူမျှသေမင်းဟုခေါ်ရသော သေခြင်းတရားနှင့် ရက်ချိန်းထားခြင်း မရှိချေ။ သေမင်းဟူသည် ပုဂ္ဂိုလ် သတ္တ၀ါမဟုတ်ပေ။ ပစ္စည်းရှိသူ၊ ပညာရှိသူ၊ တန်ခိုးကြီးသူ၊ အာဏာရှိသူ၊ ရာထူးရှိသူ အားလုံး မည်သူ့ကိုမျှ မျက်နှာမလိုက်ဘဲ သူကချည်းသာ လွှမ်းမိုးအနိုင်ယူ တတ်သောကြောင့် သေခြင်းတရားကိုပင် သေမင်းဟု တင်စားခေါ်ခြင်းဖြစ်သည်။ ဆိုင်ရုံသာဆိုင်၍ မပိုင် သဖြင့် သေရမည့်နေ့ကို ကိုယ့်ဟာကိုယ် ကန့်သတ်ချိန်းချက်နိုင်စွမ်း မရှိချေ။  နေရာဒေသမရွေး၊ အခါကာလ မရွေး မနှေးလျင်စွာ မကြာချက်ချင်း သေနိုင်ကြသည်။ မမျှော်လင့်ဘဲ ဖြုန်းကနဲပင် သေပွဲဝင်နိုင်ကြသည်။ နေ့မြင်ညပျောက်၊ ညမြင်နေ့ပျောက်၊ ခုမြင်ခုပျောက်ဟု ဆိုရလောက်အောင် အပျက်အစီး မြန်တတ်သည်။ သေခြင်းတရားကား ဘ၀တစ်ခု၏ ကန့်သတ်ချိန်ရောက်လာလျှင် တန်စိုးလက်ဆောင်ပေး၍ လာဘ်ထိုးသော်လည်း ကင်းလွတ်ခွင့်မပေး၊ အချိန်နေ့ရက်ရွေ့ရန်လည်း မပေးချေ။ ကိုယ့်နောက်ကို သူ့ကိုဆွဲ၍ မရဘဲ သူ့နောက်ကိုသာ ကိုယ်က လိုက်ရမည်ဖြစ်သည်။ အကြမ်းနည်းကိုသုံး၍ လက်နက်မျိုးစုံဖြင့် စစ်ခင်းတိုက်ခိုက်၍လည်း မရချေ။ အရဲစွန့်၍ တိုက်ခိုက်လျှင်လည်း ကိုယ်ကသာ ဧကန်မချွတ်ရှုံးရမည်ဖြစ်သည်။ သူငါအားလုံးနောက်ဆုံးရောက်က မုချဧကန် ချုပ်ပျောက်သုဉ်း၍ သေဆုံးရမည်ချည်းသာတည်း။ သူငါတိုင်း ပင် နောက်ဆုံးတွင် သေမင်းထံ လက်မြောက်ကာ ဒူးထောက်၍ အရှုံးပေးကြရမည် ချည်းသာတည်း။


…မတတ်စွမ်းနိုင်သော သေခြင်းတရားကို မတွေ့ရအောင် တားဆီးမည့်အစား ကိုယ်တတ်စွမ်းနိုင်သော ကောင်းမှု တရားကို အချိန်မီ ကြိုးစားထားဖို့သာ လိုပေသည်။ ကိုယ်အနိုင်ယူ ရမည့်အရာကား ကိုယ့်စိတ်သာတည်း။ ကိုယ့်စိတ်ကို နိုင်သလောက် ကောင်းမှုတိုးမည်။ ကောင်းမှု တိုးသလောက် စွမ်းအားသတ္တိပြည့်ဝ၍ အသေတတ်မည်။ အသေရဲမည်။ ဘ၀ခရီးကို လမ်းရှင်းတတ်မည်။ တကယ့်ထောက်ထား အားကိုးရာအစစ်မှာ ကိုယ်ပြုထားသည့် ကောင်းမှုတရားသာ ဖြစ်သည်။ ကိုယ့်ကိုကိုယ် ကယ်တင်စရာစွမ်းအားမှာလည်း ကောင်းမှုတရားမှတစ်ပါး အခြားဘာမျှမရှိချေ။ လောက အတွင်းရှိ ကယ်ဆယ်ရေးတာဝန်ခံ၊ ကယ်ဆယ်ရေးကိရိယာအားလုံးသည် ဘောင်ခတ်ထားသည့် ကန့်သတ်ချက် နယ်မြေကို ကျော်လွန်နိုင်စွမ်းမရှိချေ။ အကန့်အသတ်ဖြင့်သာ ကယ်ဆယ်နိုင်စွမ်း ရှိကြလေသည်။
…တစ်ချိန်တုန်းက ဘုရားရှင် အာဠ၀ီမြို့၊ အဂ္ဂါဠ၀ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် ဆွမ်းလှူကြသော ဆွမ်းအလှူရှင် လူများအား အနုမောဒနာတရား ဟောတော်မူရာ…
*** အသက်မမြဲ၊ သေခြင်းမြဲ၊ ငါလဲ ဧကန်သေရမည်။
*** ငါ့အသက်မှာ သေခြင်းသာ၊ မှန်စွာ နောက်ဆုံးရှိချေသည်။
*** ဇီဝိန်မကင်း၊ သက်ရှည်ခြင်း၊ သေတွင်း၌သာ ဆုံးလိမ့်မည်ဟု သေခြင်းတရားကို အဖန်ဖန်ပွားများရန် ကိုလည်းကောင်း၊ သေခြင်းတရားကို ဆင်ခြင် စဉ်းစားပွားများခြင်း မပြုသူသည် လက်၌ တုတ်မပါ သူ မြွေဆိုးတွေ့လျှင် ကြောက်ရသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်ကာ အော်ဟစ်မြည်တမ်း ပင်ပန်းစွာ သေရတတ်သည်ကိုလည်းကောင်း သေခြင်းတရားကို အဖန်ဖန် အထပ်ထပ် ဆင်ခြင်စဉ်းစား ပွားများသူသည် လက်၌တုတ်ကိုင်ထားသူ မြွေမကြောက်သကဲ့သို့ စိတ်ဓါတ်ကြံ့ခိုင်၍ မတုန်မလှုပ် မထိတ် မလန့် ရဲရင့်တည်ငြိမ်စွာ ဘ၀ကူးရသည်ကိုလည်းကောင်း ဟောပြတော်မူသည်။
…တရားနာပရိသတ်အတွင်း၌ ၁၆-နှစ်အရွယ်ရှိ ရက်ကန်းသည်အမျိုးသမီးငယ်တစ်ဦးသာ လေးလေးစားစား တန်ဖိုးထားကာ စိတ်ပါလက်ပါ နာကြားမှတ်သား၍ နေ့ညဥ့်မပြတ် ပွားများလေသည်။ ၃-နှစ်ပတ်လုံး စွဲစွဲမြဲမြဲ သဲသဲမဲမဲ ပွားများအားထုတ်သည်။ ကျန်လူအများကား ပြီးပြီးပျောက်ပျောက် ဖြစ်သွားကြသည်။
… ဘုရားရှင်သည် တရားဟောပြီးနောက် ဇေတ၀န်ကျောင်းသို့ ကြွတော်မူသည်။ တစ်နေ့သောအခါ မိုးသောက်ယံ၌ လောကကို ဥာဏ်ဖြင့် ဖြန့်၍ကြည့်တော်မူရာ ဥာဏ်တော်ထဲ၌ ထိုအမျိုးသမီးငယ် ၏ သောတပန်ဖြစ်မည့် အခြင်းအရာကို မြင်တော်မူရသဖြင့် အာဠ၀ီမြို့၊ အဂ္ဂဠ၀ကျောင်းတော်သို့ ရဟန်းငါးရာနှင့်အတူ ကြွတော်မူသည်။
…လူအများသည် ဘုရားအမှူးရှိသော သံဃာတော်အား ဆွမ်းလှူပြီးနောက် ဘုရားထံမှ တရားနာရန် နေရာ ယူနေကြသည်။ ရက်ကန်းသည် အမျိုးသမီးငယ် ပရိသတ်ထဲ၌ ရောက်မလာသေးသဖြင့် ဘုရားရှင်က တရား မဟောဘဲ ဆိတ်ဆိတ်ပင် ထိုင်နေတော်မူ၏။ ထိုအမျိုးသမီးငယ်သည် သူ့ဖခင်စေခိုင်းအပ်သော ရက်ဖောက်ကိုလုံး၍ သူ့ဖခင်ထံသွားပို့ပြီးခါမှ တစ်ဖန်ပြန်လာ၍ ဘုရားထံ တရားနာမည်ဟု စိတ်ကူးထား သည်။ စိတ်ကူးထားသည့်အတိုင်း ရက်ဖောက်လုံးပြီး တောင်း၌ ထည့်ကာ သူ့ဖခင်ရှိရာ ရက်ကန်း အလုပ်ရုံ သို့ သွားစဉ် ဘုရားရှိရာ အနီးသို့ ရောက်သွားရာ ပရိသတ်အစွန်၌ ရပ်လျက် ဘုရားကို ကြည့်ရှုနေလေ သည်။



…ထိုအမျိုးသမီးငယ် ရက်ကန်းအလုပ်ရုံသို့ရောက်လျှင် ထိုနေ့၌ပင် သေလွန်ရမည်ကို ဘုရားရှင်သိတော်မူ၍ ပုထုဇဉ်ဘ၀ဖြင့် သေရလျှင် လားရာဂတိမမြဲနိုင်၊ သောတပန်ဘ၀ဖြင့် သေရမှ လားရာဂတိမြဲနိုင်မည်ဖြစ်ရကား ထိုအမျိုးသမီးငယ်ကို ပရိသတ်အတွင်းဝင်လာစေလိုသဖြင့် ဘုရားရှင်က ကြည့်တော်မူလိုက်၏။ အမျိုးသမီးငယ်လည်း အလိုက်သိစွာ ပရိသတ်အတွင်း ၀င်လာ၍ ဘုရားရှင်ကိုဦးချပြီး သင့်တော်ရာအရပ်၌ နေလိုက်သည်။
…ပရိသတ်အလည်၌ ထိုင်နေသော ထိုအမျိုးသမီးငယ်ကို ဘုရားရှင်က မေးခွန်း ၄မျိုး မေးတော်မူရာ အမျိုးသမီးငယ်ကလည်း ဖြေကြား၏။ မေးပုံဖြေပုံမှာ…
(၁) “ ချစ်သမီး ဘယ်ကလာခဲ့သလဲ”  ဟုမေးသော်
“ မသိပါအရှင်ဘုရား” ဟုလျှောက်၏။
(၂) “ ဘယ်အရပ်ကို သွားမလို့လဲ” ဟု မေးပြန်သော် “ မသိပါအရှင်ဘုရား” ဟုလျှောက်၏။
(၃) “ သင်မသိဘူးလား” ဟု မေးပြန်ရာ “ သိပါတယ်ဘုရား” ဟုလျှောက်၏။
(၄) “ သင်သိရဲ့လား” ဟု မေးပြန်သောအခါ “ မသိပါဘုရား” ဟုလျှောက်ထားဖြေဆို၏။
…ထိုအမျိုးသမီးငယ်၏ ဖြေဆိုသံကို လူအများကကြားရလျှင် အကြောင်းမသိသဖြင့် ဤကလေးမသည် ဘုရားရှင်ကို “ဘု” ပြောသည်၊ ကန့်လန့်ပြောသည်၊ မရိုမသေ မခန့်မညားပြောသည်ဟု ထင်ကြသောကြောင့် ၀ိုင်း၍ ကဲ့ရဲ့ရှုပ်ချပြစ်တင် ပြောဆိုကြလေသည်။ ဘုရားရှင်က ထိုပရိသတ်ကို အသံတိတ်အောင်ပြု၍ ထိုအမျိုးသမီးငယ်ကို အဖြေစကား (၄) မျိုး၏ ဆိုလိုရင်းကို အရှင်းခိုင်းတော်မူသည်။ ထိုအမျိုးသမီးငယ်က ဤသို့ ရှင်းလင်းလျှောက်ထားသည်။
(၁)  “အတိတ်ကာလက ဘယ်ဘ၀က လာခဲ့၍ ဤရက်ကန်းသည် သမီးငယ်ဘ၀သို့ ရောက်လာရသည်ကို မသိ၍              
“ ဘယ်ကလာခဲ့သလဲ”  ဟုမေးတော့“ မသိပါဘုရား” ဟုလျှောက်ခဲ့တာပါဘုရား…”
(၂)  “ဤဘ၀က သေလွန်ပြီးနောက် အဘယ်ဘ၀သို့် လားရောက်ရမည်ကို မသိ၍  “ ဘယ်ကို သွားမလို့လဲ” ဟု မေးတော့
“ မသိပါဘုရား” ဟုလျှောက်ထားခဲ့ခြင်းဖြစ်ပါတယ်ဘုရား…”
(၃) “တပည့်တော်မ ဤဘ၀၌ ဧကန်မုချသေရမည်ကိုသိ၍  “သင်မသိဘူးလား” ဟု မေးတော့
“ သိပါတယ်ဘုရား” ဟုဖြေဆိုခဲ့တာပါဘုရား…”
(၄) “ဧကန်မုချ သေရမည်ကို သိသော်လည်း သေရမည့်နေ့ရက် အချိန်အခါကို အတိအကျ မသိရပါ၍
“ သင်သိရဲ့လား” ဟု မေးတော့ “ မသိပါဘုရား” ဟုလျှောက်ခဲ့တာပါဘုရား…”
…ဤသို့ အမျိုးသမီးငယ်က ရှင်းလင်းလျှောက်ထားလိုက်သောအခါ ဘုရားရှင်က ကောင်းချီးပေးတော်မူသည်။ မရဏာဿတိ ကမ္မဋ္ဌာန်းကို (၃)နှစ်စီးဖြန်းပွားများခဲ့သူ ဖြစ်ရကား ဘုရားရှင်အာဘော်ကျ ဖြေပြနိုင်ခြင်းဖြစ်သည်။ ဘုရားရှင်က သစ္စာလေးပါး အမှန်တရားကိုပြ၍ ၀ိပဿနာတရားကို ဟောပြလိုက်ရာ အသက်(၁၉)နှစ်အရွယ် ထိုအမျိုးသမီးငယ်သည် ခန္ဓာမှာ ဥာဏ်ကိုချ၍ လက်တွေ့ပွားများရင်း တရားကို နာကြားစဉ် သောတပန်ဖြစ်သွားလေသည်။
…သောတပန်ဖြစ်ပြီးနောက် ရက်ဖောက်တောင်းကိုယူ၍ ဖခင်ရှိရာ ရက်ကန်းအလုပ်ရုံသို့သွားရာ ဖခင်ရက်ကန်းသည် ထိုင်ရင်း အိပ်ငိုက်နေစဉ် အသံကြား၍ လန့်နိုးပြီး သမီးအနားသို့ေ၇ာက်နေသည်ကို သတိမထားမိဘဲ လက်ခတ်(လက်လိပ်)ကို ငင်လိုက်ရာ သမီး၏ရင်ဝကို ထိခိုက်မိ၍ သမီးလဲကျသွားသည်။ ထိုအမျိုးသမီးငယ်သေဆုံးကာ တုသိသာနတ်ပြည်သို့ ရောက်သွားလေသည်။
…မိမိအမှားကြောင့် သမီးသေဆုံးသွားသည်ကို သိရသော ဖခင်ရက်ကန်းသည်သည် ဆောက်တည်ရာမရအောင် ပူလောင်လွန်းလှ၍ ငိုကြွေးမြည်တမ်းလျက် ဘုရားထံပြေးသွားပြီး...
“တပည့်တော်ရဲ့ သမီးလိမ္မာကလေး သေသွား ပါပြီဘုရား၊ တပည့်တော်ရဲ့ နှလုံးသားတွေ ပူလောင်လွန်းလှပါတယ်ဘုရား၊ တပည့်တော်ရဲ့ သောကမီးကို ငြိမ်းပေးတော်မူပါဘုရား” ဟု လျှောက်သည်။ ဘုရားရှင်က
“အသင်ဒကာသည် အတိတ်ဘ၀များစွာက သမီးသေ၍ ငိုခဲ့ရ သောကြောင့် ယိုစည်းထွက်ကျခဲ့သော မျက်ရည်များ ပင်လယ်ရေထက်ပင် များခဲ့လှပြီ” ဟု တရားစကားမိန့်ကြားတော်မူ၏။
...ထိုရက်ကန်းသည်ဒကာသည် စိတ်သက်သာရာရ၍ နောက်ထပ်ပူလောင်ရှုပ်ထွေးလှသော သံသရာ ခရီးကြမ်းကြီးကို ဆက်သွားရန် ကြောက်ရွံ့လှသဖြင့် ဘုရားရှင်ထံ ရဟန်းအဖြစ်ကိုတောင်း၍ ရဟန်းပြု လိုက်သည်။ ရဟန်းဘ၀၌ ကြိုးကြိုးစားစား တရားအလုပ်ကို အားထုတ်လိုက်ရာ မကြာမီပင် ၀ိပဿနာ ဥာဏ်ရင့်၍ ရဟန္တာဖြစ်သွားသည်။ သမီးသေ၍ ရဟန္တာဖြစ်သည်ဟုပင်ဆိုရမလိုဖြစ်နေသည်။ သားအဖနှစ်ယောက် စလုံး ဘ၀တစ်ကွေ့၌ ခဏတွေ့ရကျိုးနပ်သွားကြလေပြီတကား…..။
…သူငယ်ချင်းများအားလုံး ကျင့်ကြံအားထုတ်နိုင်ကြပါစေ…

 Posted by ayeayemoemeeku on January 27, 2011 at 5:00am


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>