ကျည်သင့်သော စစ်သူရဲကောင်းသည် ဆိတ်ငြိမ်အံ့သောငှာ အချိန်ကိုရွေး၏။မှေးမှိန် အားနည်းသော မျက်ဝန်းများဖြင့် ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိနေကြသည့် စစ်ဗိုလ်ချုပ်အားလည်းကောင်း၊ သမားတော် အား လည်းကောင်း သတိပြုမိသည်။
သမားတော်သည် ဤသို့ဆို၏။
“အို စစ်သူရဲ၊ သင့် အမိသည်လည်းကောင်း၊ အဘသည်လည်ကောင်း၊ မိတ်ဆွေသည် လည်းကောင်း၊ ချစ်သူသည်လည်းကောင်း စောင့်ဆိုင်းနေကြသည်၊ သို့သော် သင့်အဖို့ အချိန်ကား တိုတောင်းနီးကပ်လွန်းလှသဖြင့် နောက်ဆုံး တွေ့ဆုံလိုသူ တစ်ဦးအားသာ မြွက်ကြားပါလော့”
စစ်သူရဲသည် မှေးမှိန်သော မျက်နှာကို လှုပ်ရှားလျက် မျက်တောင်နှစ်ကြိမ် ခတ်လိုက်သည်။
သူ့စိတ်တွင်ကား…
သူသည် ချစ်သော အမိအား ရိုသေစွာ ရှိခိုး၏။ ဤတိုတောင်းလှသည့် နောက်ဆုံးအချိန်တွင် အမိအား မတွေ့လို။ ချစ်သော အဘအားလည်း ရိုသေစွာ ရှိခိုးပြန်၏။ ဤတိုတောင်းလှသည့် နောက်ဆုံးအချိန်တွင် အဘအားလည်း မတွေ့လို။
တည်ကြည်သော ချစ်မိတ်ဆွေအား သတိပြုလိုက်သည်။ ဤတိုတောင်းလှသည့် နောက်ဆုံးအချိန်တွင် ချစ်မိတ်ဆွေအားလည်း မတွေ့လို။
သစ္စာရှိသော ချစ်သူအားလည်း စိတ်ကူးလိုက်မိသည်။ ဤသို့တိုတောင်းလှသည့် နောက်ဆုံးအချိန်တွင် ချစ်သူအားလည်း မတွေ့လိုတော့ပေ။
သူသည် ဆိတ်ငြိမ်ညှိုးငယ်နေရာမှ တစ်ခဏတွင်း လှုပ်ရှား၍ မှေးသော မျက်လွှာသည် ပွင့်လာပြီး သေးငယ်သောအကြောခြင်တို့သည် ကြီးထွား၍။
မာကြောသော လေသံဖြင့် အဖြေပြု၏။
သူ့အဖြေသည် စစ်ဗိုလ်ချုပ်အားလည်းကောင်း၊ သမားတော်အားလည်းကောင်း ကြီးစွာ လှုပ်ရှားတွေဝေစေ၍ တစ်ခဏအတွင်း၌ သူသည် ဆိတ်ငြိမ်တော့၏။
ထို့နောက် ဘုရင်သည်လည်းကောင်း၊ တိုင်းပြည်သည်လည်းကောင်း သူ့အားချီးကျူးကြသည်။ အရိုအသေ ပြုကြသည်။ ပူဇော်ကြသည်တကား။ သူ့အဖို့ နောက်ဆုံး တွေ့ဆုံရန် ဆန္ဒပြင်းပြစွာနှင့်တောင့်တခြင်းကား..။
မာသော လေသံဖြင့်…
“ရန်သူ”…
ဟူ၍ပင်တည်း။
ရာဘင်ဒြာနတ်တဂိုး
No comments:
Post a Comment