2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

မှန်



" ဒေါက်တာ ပါပါရိုစ့်၊ ဘ၀ရဲ့ အဓိပ္ပါယ်က ဘာလဲဗျာ " 
ကျွန်တော် သည်မေးခွန်းမေးတော့ ထုံးစံအတိုင်း ပရိသတ်က ရယ်ကြသည်။ တစ်ချို့ က ပြန်ဖို့ ပြင်ကြသည်။
ပါပါရိုစ့်က အခန်းထဲက လူတွေကို ငြိမ်နေကြဖို့  လက်မြှောက် အချက်ပြလိုက်ပြီး ကျွန်တော့်ကို
အသေအချာ စိုက်ကြည့်နေသည် ။ ခင်ဗျာ တကယ် အလေးအနက် မေးတာလားဟု အဓိပ္ပါယ်ပါသောမျက်လုံး များနှင့် မေးနေခြင်း ဖြစ်သည်။ ကျွန်တော် တကယ်အလေးအနက်မေးခြင်း ဖြစ်ကြောင်း ကျွန်တော့် အကြည့်မှာ သူမြင်သွားသည်။ " ခင်ဗျား မေးခွန်းကို ကျွန်တော်ဖြေမယ် "ဆိုပြီး ဘောင်းဘီးအိတ်ထဲက သူ့ ပိုက်ဆံအိတ်ကို ထုတ်သည်။ ပြီးလျှင် ထိုအိတ်ထဲမှမှန်လေးတစ်ချပ်ကို နှိုက်ယူလိုက်သည်။ မတ်စေ့ အရွယ်လောက်ပဲရှိသည့် မှန်အသေးလေး ၀ိုင်းဝိုင်းလေးပါ ..။ ပြီးတော့မှ သူ ပြောပြသည် ။
" စစ်အတွင်းတုန်းက ကျွန်တော်က ကလေးပေါ့ဗျာ ..တော်တော်ငယ်တဲ့ ကလေးအရွယ်ပါ၊ ကျွန်တော်တို့ မိသားစုက့ အင်မတန်ဆင်းရဲပါတယ်.၊ နေတာကလည်း မြို့ နဲ့ အလွန်ဝေးတဲ့ ရွာငယ်လေး တစ်ရွာပေါ့..၊
တစ်နေ့ လမ်းမှာ မှန်ကွဲစတွေ ကျွန်တော်သွားတွေ့ တယ်၊ ဂျာမန် မော်တော်ဆိုင်ကယ် တစ်စီးအဲဒီနားမှာ မှောက် သွားတာလေ ..။ 

" ကျွန်တော် မှန်ကွဲစတွေအားလုံး ကောက်ပြီးပြန်ဆက်ကြည့်ဖို့ ကြိုးစားတယ်..၊ ဆက်လို့ မရဘူး ၊ ဒါနဲ့  ကျွန်တော် အဲဒီအထဲကအကြီးဆုံးတစ်ခုကို ယူထားလိုက်တယ် ၊ ဒီဟာကို ခုလို အ၀ိုင်းလေးဖြစ်အောင်ကျောက်တုံး တစ်တုံးမှာ ကျွန်တော် သွေးတယ် ၊ ပြီးတော့ ကလေးဆိုတော့ အဲဒါလေးနဲ့ဆော့နေတာပေါ့ ၊ ဆော့ရင်း နဲ့ တဖြည်းဖြည်း ကျွန်တော့် စိတ်ထဲမှာ ငါဟာ ဒီမှန်ကလေးကိုအသုံးပြုပြီး နေရောင်ခြည် မကျရောက်နိုင်တဲ့ တွင်းခေါင်းထဲ ချောင်ကြားထဲအမှောင်ခန်းတွေထဲကို အလင်းရောင် ပို့ လွှတ်နိုင်ပါကလားလို့ တွေးမိပြီး မှန်လေးကို
သဘောကျလာတယ် ၊ အဲဒီနောက်မှာ ဘယ်နေရာဟာ အလင်းရောင် မရောက်နိုင်ဆုံးနေရာလည်းဆိုတာ
လိုက်ရှာပြီး အဲဒီကို အလင်းရောင် ရောက်အောင် အမျိုးမျိုးကြိုးစားပြီး ပို့ကြည့်ရတာဟာ ကျွန်တော့် အတွက် ပျော်စရာ ကစားနည်းတစ်ခု ဖြစ်လာပါတယ် ။

" ဒီမှန်ကလေးကို ကျွန်တော် ဆက်ပြီးသိမ်းထားခဲ့တယ်၊ နောက်ပိုင်း ကြီးပြင်းလာတဲ့ ကာလမှာလည်းပဲ အားလပ်တဲ့အခါတွေမှာ ဒီမှန်လေး ထုတ်ပြီး အလင်းရောက်ပို့ တမ်း ကစားနေမိတတ်တယ် ..၊
လူကြီး တစ်ယောက် ဖြစ်လာတဲ့ အချိန်ကျတော့ ကလေးတစ်ယောက်အနေနဲ့ ကျွန်တော်ဆော့ခဲ့တဲ့
နည်းဟာ သာမာန် ကလေး ကစားနည်းတစ်ခုမဟုတ်ဘူး၊ ဒီဘ၀မှာ ကျွန်တော် ဘာလုပ်သင့်တယ်ဆိုတာ
ညွှန်ပြနေတဲ့ သင်္ကေတ တစ်ခုလိုပဲလို့ ကျွန်တော် နားလည် သဘောပေါက်လာမိတယ်။


 

ကျွန်တော်ကိုယ်တိုင်သည် အလင်းရောင် မဟုတ်ဘူး..၊ ကျွန်တော်သည် အလင်းရောင်စထွက်ပေါ်ရာ ဌာနလည်း မဟုတ်ဘူး..၊အဲဒါ ကျွန်တော်သိတယ်..၊ ဒါပေမယ့် သစ္စာတရား၊နွေးထွေးမှု မေတ္တာတရား ၊ စာနာနားလည်မှု၊ အသိဥာဏ်ပညာ စတဲ့ အလင်းရောင်တွေသည် အမှန်တကယ် ရှိနေတယ်..၊ 
အဲဒီ ရှိနေတဲ့ အလင်းရောင်တွေကို မှောင်မိုက်နေတဲ့ နေရာများစွာဆီကို ငါကရောင်ပြန် မှန်ကလေး အဖြစ် တစ်ဆင့်ပိုလွှတ်ပေးလို့ ရနိုင်တယ် ဆိုတာ ..ကျွန်တော်မြင်လာခဲ့တယ် ..။




   ဒီကနေ့  ကျွန်တော်ဟာ မှန်တစ်ချပ်ရဲ့  အကွဲစလေး တစ်စပါ၊ နဂိုမူလမှန်ဟာ ဘယ်ပုံသဏ္ဍာန် ဘယ် ဒီဇိုင်း လည်း ဆိုတာ ကျွန်တော်မသိပါဘူး..၊ သို့ သော်အခုလက်ရှိအချိန်မှာ ကျွန်တော့်မှာရှိသမျှ စွမ်းအား နဲ့ ကျွန်တော် ဟာပတ်ဝန်းကျင်လောကထဲက မှောင်မိုက်နေတဲ့နေရာတွေ၊ လူ့ နှလုံးသားများထဲက အမှောင်ဖုံးတဲ့ အစိတ် အပိုင်းတွေ ဆီ အလင်းရောင် ပို့ လွှတ်ပေးရင်း အချို့ သောသူများအတွက်အပြောင်းအလဲသစ်တွေ ဖြစ်ပေါ်အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ် ..၊အခြားသော သူများလည်းဒီအတိုင်း ရှုမြင်ပြီး အလားတူ ဆာင်ရွက်ကောင်း .. ဆောင်ရွက်ကြပါလိမ့်မယ်..၊လောလောဆယ် လက်ရှိအချိန်မှာ ကျွန်တော် လုပ်နေတာကတော့ အဲဒါပဲ ဖြစ်ပါတယ်..

ဒါသည်ပင်လျှင်လည်း ကျွန်တော့်ဘ၀ အဓိပ္ပါယ်ဖြစ်ပါတယ် .. ။


[ Ref: Robert Fulgham _ The Mirror ] ဖေမြင့် - နှလုံးသားအာဟာရစာစုများ
---------------------------------------



No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>