2 3 4 5 6 7 8 9 10

Monday, October 17, 2011

မိတ်ဆွေကောင်းဟူသည်



* အကောင်းဆုံးနေ့ ... ဒီနေ့
* အသိဆုံးပုဂ္ဂိုလ် ... ဘုရား
* အကြီးဆုံးအရာ ... မေတ္တာ
* အကြီးကျယ်ဆုံးအချိန် ... သေခြင်း
* အကြီးဆုံးအဟန့်အတား ... အကြောက်တရား
* အလွယ်ဆုံးအလုပ် ... တဘက်သားကို အပြစ်ရှာခြင်း
* အသုံးမကျဆုံး ပိုင်ဆိုင်မှု ... မာန
* အကြီးဆုံးပိတ်ဆို့မှု ... အတ္တ
* အကြီးဆုံးအမှား ... လက်လျော့အရှုံးပေးခြင်း
* စိတ်ချမ်းသာစရာအကောင်းဆုံး ... အလုပ်တစ်ခုကို ကောင်းကောင်းလုပ်ပြီးတဲ့အချိန်
* အငြင်းပွားရဆုံးလူ ... အမြဲတမ်းငြီးတွားနေတဲ့သူ
* အဆိုးဆုံး ဆင်းရဲမှု ... စိတ်မပါလက်မပါဖြစ်ခြင်း
* အလိုအပ်ဆုံး ... အများတွေးသလို မြင်သလို တွေးတတ်မြင်တတ်မှု
* အညံ့ဖျင်းဆုံးစိတ်ထား ... သူတစ်ပါးကောင်းစားတာကို မနာလိုခြင်း
* အကောင်းဆုံးလက်ဆောင် ... ခွင့်လွှတ်ခြင်း
* အကောင်းဆုံးအချိန် ... လက်ရှိအချိန်

မပျင်းနဲ့.မခိုနဲ့. မကပ်နဲ့ စောစောထ ပြီးအောင်လုပ် စိတ်ကောင်းမွေး…မည်သည့် ကိစ္စမဆို ၀ီရိယစိုက်ထုတ် ကြိုးစားရာ၏။အတိတ်ကံညံ့ခဲ့ပေမဲ့ ၀ီရိယအကျိုးကို ပစ္စပ္ပုန်ဘ၀မှာ ခံစားနိုင်သည်။



 ...စိတ်ကြည်နူးချမ်းမြေ့ဖွယ်ရာ ကိစ္စများနှင့် ကြုံတွေ့ရသည့်အခါ......စိတ်ချမ်းမြေ့ဖွယ်ရာနေရာများ သို့ရောက် ရှိနေသောအခါ....အစားအသောက်ကောင်းကောင်း စားရသောအခါများစွာတွေမှာ မိမိတို့၏မိခင်.ဖခင်နှင့်မိမိတို့ ချစ်ခင်သောသူများအား သတိရမိတတ်ကြပေသည်။ ဖတ်စရာ စာကောင်းပေကောင်းများကို ဖတ်ရလျှင်လည်း မိမိခံစားသလို ခံစားနားလည်နိုင်မည့် ၀ါသနာတူ စာပေသူငယ်ချင်းများကို သတိရမိပြန်ပါသည်။ ဤသို့ ကလျာဏ မိတ္တ မိတ်ကောင်းဆွေကောင်း ရှိသည့်အတွက် စာကောင်းပေကောင်းများကို ဖတ်ဖြစ်သည်။ စာကောင်းပေကောင်း များသည် မိမိအား မှန်ကန်သော အတွေးအမြင်များကို သိမြင်စေသည်။ လမ်းမှန် လမ်းကောင်းများကို ညွှန်ပြပေးသည်။အမှားအမှန် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်စေသည်။ မိတ်ကောင်းဆွေကောင်း ရှိသည့်အတွက် အားရ ၀မ်းမြောက်သည့် စိတ်နှင့် မိတ်ကောင်းဆွေကောင်းဖြစ်အောင် မိမိကိုယ်ကို စောင့်ရှောက်ရမည့်စိတ်...ဤစိတ်နှစ်ခုအားလည်း ဒွန်တွဲကာ စဉ်းစားမိပါသည်။

လူနေမှု ဘ၀များစွာ တွင်လည်း မိတ်ကောင်းဆွေကောင်းများရှိရန် များစွာလိုအပ်ပါသည်။
မိတ်ကောင်းဆွေကောင်းများသည် မရှိအတူ.၇ှိအတူ. အေးအတူ.ပူအမျှ. မိမိနှင့်တစ်သားတည်း. တစ်စိတ် တစ်ဝမ်းတည်း အမြဲတည်ရှိသည်။ မိတ်ဆွေကောင်းများသည် မိမိကိုနားလည်ခွင့်လွတ်မှုပေးသည်။ အစဉ် ညှာတာ ထောက်ထားသည်။ အရှိကိုအရှိအတိုင်း မိမိအပေါ် စာနာမှုပေးသည်။ မိတ်ဆွေကောင်း ရှိသည့် အဖြစ်ကြောင့် မြတ်သောအကျင့်ကို ကျင့်ရာ၌ အလုံးစုံအကျိုးပြီး၏ဟူ၍ သံယုတ္တနိကာယ်၊ မဟာဝဂ္ဂ သံယုတ် ပါဠိတော်၊ ၁-မဂ္ဂသံယုတ်၊ ၁-အာဝိဇ္ဇာဝဂ်၊ ၂-ဥပုဃုသုတ်တွင်မြတ်စွာဘုရားရှင်မှ ဟောကြားတော်မူ ခဲ့ပါသည်။ အကျယ်အားဖြင့် ပြဆိုရပါမူ....

...မြတ်စွာဘုရားသည် သက္ကတိုင်း၊ သက္ကရအမည်ရှိသော နိဂုံး၌ သီတင်းသုံးနေတော်မူစဉ်
ရှင်အာနန္ဒာက ဤသို့လျှောက်သည်။ ““ မြတ်စွာဘုရား...မိတ်ကောင်းရှိ
သည့်အဖြစ်. အပေါင်းအသင်းကောင်း ရှိသည့်အဖြစ်. အပေါင်းအသင်းကောင်းတို့၌ ကိုင်းရှိုင်းသည့်အဖြစ်သည် မြတ်သောအကျင့်ကို ကျင့်ရာ၌ ထက်ဝက်အကျိုးပြီးပါသည်ဘုရား””...
...ယင်းသို့လျှောက်သောအခါ မြတ်စွာဘုရားက ...
...““  အာနန္ဒာ...သည်လိုမပြောနှင့်၊ အာနန္ဒာ...သည်လိုမပြောနှင့်. အာနန္ဒာ...မိတ်ဆွေကောင်းရှိသည့်အဖြစ်. အပေါင်းအသင်းကောင်းရှိသည့်အဖြစ်. အပေါင်းအသင်းကောင်းတို့၌ ကိုင်းရှိုင်းသည့်အဖြစ်သည် မြတ်သော အကျင့်ကို ကျင့်ရာ၌အလုံးစုံ အကျိုးပြီး၏…
...အာနန္ဒာ...ဤစကားကို ယခုပြောမည့်အကြောင်း ပရိယာယ်ဖြင့်သိအပ်၏။
အာနန္ဒာ...ငါဘုရားတည်းဟူသော မိတ်ဆွေကောင်းကို အကြောင်းပြု၍ ပဋိသန္ဓေနေခြင်းမှ
လွတ်မြောက်ကုန်၏။ အိုခြင်း သဘောရှိသော သတ္တ၀ါတို့သည် အိုခြင်းမှ လွတ်မြောက်ကုန်၏။
သေခြင်းသဘော ရှိသော သတ္တ၀ါတို့သည် သေခြင်းမှ လွတ်မြောက်ကုန်၏။
စိုးရိမ်ခြင်း.ငိုကြွေးခြင်း. ကိုယ်ဆင်းရဲခြင်း. စိတ်ဆင်းရဲခြင်း.ပြင်းစွာပင်ပန်းခြင်း သဘောရှိသော
သတ္တ၀ါတို့သည် စိုးရိမ်ခြင်း. ငိုကြွေးခြင်း.ကိုယ်ဆင်းရဲခြင်း.စိတ်ဆင်းရဲခြင်း. ပြင်းစွာ ပင်ပန်းခြင်းမှ လွတ်မြောက်ကုန်၏။
...အာနန္ဒာ...ယခုပြောသည့်အကြောင်း ပရိယာယ်အားဖြင့် မိတ်ဆွေကောင်းရှိသည့်အဖြစ်.
အပေါင်းအသင်းကောင်း ရှိသည့် အဖြစ်. အပေါင်းအသင်းကောင်းတို့၌ ကိုင်းရှိုင်းသည့် အဖြစ်သည် မြတ်သော အကျင့်ကို ကျင့်ရာ၌ အလုံးစုံအကျိုးပြီး၏။”” ဟူ၍ မိန့်တော်မူ၏.....

ဦးသုခ၏ သုခမှတ်စုများမှာလည်း အဆွေခင်ပွန်းကောင်းတို့တွင် ရှိအပ်သောကျင့်ဝတ်.
ထားရှိရမည့် စိတ်နေသဘောထားများကို ရှင်းလင်းဖွင့်ဆိုထားသည်မှာ လေးစားတန်ဖိုးထားဖွယ်ရာပင်ဖြစ်ပါသည်။

 မိတ်ဆွေစစ် (၄) ယောက်ဆိုသည်မှာ...
(၁) သူ၏လျို့ဝှက်စကားကို ပြောကြားလာခြင်း ၊ မိမိ၏ လျို့ဝှက်စကားကို သူကလျို့ဝှက်ထားခြင်း။
(၂) ဘေးနှင့် ရင်ဆိုင်တွေ့သော်လည်း မစွန့်ပစ်ခြင်း ၊
(၃) ဥစ္စာပစ္စည်း၌ မတွန့်တိုခြင်း ၊
(၄) သူ့ကို ညှာ၍ မိမိအသက်စွန့်ခြင်း ၊

 ထိန်းသိမ်းအပ်သော မိတ်ဆွေကျင့်ဝတ် (၅)ပါးဆိုသည်မှာ...
(၁) အလိုရှိသောအခါတိုင်း မိတ်ဆွေအား ပေးကမ်းချီးမြှင့်ခြင်း ၊
(၂) မိမိနှင့် တစ်တန်းတည်းထား၍ ပေါင်းသင်းဆက်ဆံခြင်း ၊
(၃) သူ၏စီးပွားကို လိုလားဆောင်ရွက်ပေးခြင်း ၊
(၄) ပီယ၀ါစ စကားနှင့်ပြောဆို၍ ဆန့်ကျင်ဖက်မဖြစ်အောင် ကြိုးစားခြင်း ၊
(၅) တော်မှန်သော စိတ်ထားအမြဲရှိခြင်း ၊

...အဆွေခင်ပွန်းကောင်း (၇)ယောက်၏ အမူအကျင့်များမှာ...
(၁) ပေးခဲသော ၀တ္တူကိုပေး၏။
(၂) ပြုခဲစွာသောအမှုကို ပြု၏။
(၃) သည်းခံနိုင်ခဲသောအမှုကို သည်းခံ၏။
(၄) မိမိ၏လျို့ဝှက်အပ်သောအမှုကို ထိုသူအား ထင်ရှားစေ၏။
(၅) သူ၏လျို့ဝှက်အပ်သောအမှုကို အလွန်လျို့ဝှက်၏။
(၆) ဘေးရန်၇ှိသောအခါ မစွန့်ပယ်ခြင်း ၊
(၇) ဥစ္စာကုန်သဖြင့် မထီမဲ့မြင်မပြု။

...အဆွေခင်ပွန်းမြတ်လက္ခဏာ(၇)ပါးဆိုသည်မှာ...
(၁) ပျင်းရိခြင်းလည်း မရှိ။
(၂) ကြမ်းကြုတ်ခြင်းလည်း မရှိ။
(၃) စဉ်းလဲခြင်းလည်း မရှိ။
(၄) စင်ကြယ်ကောင်းမွန်သော ကိုယ်နှုတ်အမူအရာရှိ၏။
(၅) မှန်သောစကားကိုသာ ဆိုတတ်၏။
(၆) မက်မောခြင်း လောဘနည်း၏။
(၇) အစီးအပွားလည်း အလိုရှိ၏။

...ဤကဲ့သို့သော မိတ်ဆွေကျင့်ဝတ်.ခင်ပွန်းမြတ်လက္ခဏာများအတိုင်း မိမိတို့ကိုယ်တိုင်လည်း
မိတ်ဆွေကောင်းဖြစ်ရန် ကြိုးစားအားထုတ်ရမည်ဖြစ်သကဲ့သို့ တည်ရှိပြီးသော
မိတ်ဆွေကောင်းများ အားလည်း တန်ဖိုးထားမြတ်နိုးတတ်ရမည် ဖြစ်ကြောင်းကို သတိမူမိပါသည်။

  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>