2 3 4 5 6 7 8 9 10

Monday, October 17, 2011

ကန်ထဲမှာရေပြည့်နေသည်

ရေဆိုတာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာပါ ။ သောက်သုံးရေအတွက်ကတစ်မျိုး၊ ထမင်းဟင်း ချက်ပြုတ်ဖို့ ၊ တစ်ကိုယ်ရည်သန့် ရှင်းဖို့ စတာတွေ အတွက် နေ့ စဉ်ဆိုသလို သုံးစွဲကြရပါတယ် ။ ရန်ကုန်လို မြို့ ကြီးတွေမှာဆိုရင်ရေကိုစစ်စစ်စီစီ သုံးစွဲကြရပါတယ် ။ ခုလို ရေရှားပါးနေတဲ့ အချိန်မျိုး မှာဆိုရင် ရေရဲ့ အရေးပါ အရာရောက်မှုကို လက်တွေ့ သိမြင်ခံစားနေကြရပါပြီ ..။ 



ကျွန်တော့်ဇာတိ မွေးရပ်မြို့ ငယ်လေးမှာတော့ နယ်မြို့ တွေထုံးစံအတိုင်း ရေတွင်းရေကန်တွေနဲ့ အချို့ ကလည်း အ၀ီစိရေတွင်းတူးပြီးမြေအောက်ရေကို ထုတ်ယူ သုံးစွဲကြပါတယ် ။ ခုလိုပူပြင်းတဲ့ ရာသီမျိုးတွေမှာ အချို့ ရေတွင်းတွေရေခန်းတတ်ပေမယ့် အများစု ကတော့ တော်ယုံနဲ့  မခန်းကြပါဘူး

ကျွန်တော်တို့ နယ်က အိမ်မှာဆိုရင် တွင်းရေရှိပေမယ့် နှစ် ၃၀ ကျော်သက်တမ်းရှိလာတော့ ရေတွင်းနံရံတွေ ကနေ ဘေးရေဖောက်ဝင်တာတို့  ၊ အုတ်စီထားတဲ့ ပတ်ကြားအပ်များက သစ်မြစ် အုန်းမြစ်တွေဖောက်ဝင် တာတို့ ကြောင့် ရေထွက်သိပ်မကောင်းတော့ပါဘူး ။ ကျွန်တော်တို့ ငယ်ငယ်ကဆို ဒီတွင်းရေဟာ ကြည်လင် စိမ်းစိုနေပြီး ဘယ်ရာသီပဲ ရောက်ရောက် ရေမခန်းပါဘူး ။ အနီးပတ်ဝန်းကျင်မှာ ချောင်းရိုး ရှိနေတာကြောင့် လည်း မြေအောက်က ရေကြောတွေနဲ့ ဆက်စပ်နေလို့ ထင်ပါတယ် ။ အရင်ကတည်းက ရေတွင်းစက်သီးနဲ့ ပဲ ဆွဲတင်အသုံးပြုခဲ့ပေမယ့် ၁၉၉၉ ခုနှစ်မှာ တွင်းရေကို မော်တာနဲ့ စုပ်တင်ပြီး မြေပေါ်ကရေကန်ကို ရေလှောင် သုံးစွဲကြပါတယ် ။ ဒါပေမယ့် ၂၀၀၄ ခုနောက်ပိုင်းကစပြီး ရေတွင်းက ခုနက ပြောသလို ရေလိုက် မကောင်းဖြစ်လာတဲ့အခါ ကျွန်တော့်အစ်မက အ၀ီစိရေတွင်းတူးဖို့ တိုင်ပင်ပါတယ် ။ ကျွန်တော်ကတော့ လက်ရှိရေတွင်းကိုပဲ ပြန်လည်ပြုပြင်ပြီးသုံးကြည့်ဖို့ ပြောမိပါသေးတယ် ။ ဒါပေမယ့် အစ်မက သူ့ ရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ တော်တော်များများက အ၀ီစိရေတွင်းတူးပြီး သုံးနေကြတော့ သူလည်း ရေဒုက္ခက မြန်မြန်ကင်းဝေးချင်နေတာကြောင့် သူ့ ဆန္ဒ ကို အကောင်ထည်ဖော်လိုက်ပါတယ် ။


     ကျွန်တော် ရန်ကုန်မှာ ကျောင်းတတ်နေတဲ့အချိန်မှာ အစ်မကရေကန်ကြီးတစ်ကန်လုပ်လိုက်ပါတယ် ။ ကျွန်တော်အိမ်ပြန်ရောက်လို့ ကြည့်လိုက်တဲ့အချိန်မှာ ကန်ကြီးကနည်းတာမဟုတ်ဘူး ။ လူ ၅ ယောက်လောက်ကို ၁၀ ရက်လောက်ချိုးလို့ မကုန်တဲ့ကန်ကြီးပါ ။ဘေးမှာ ရေချိုးကန်အသေးကို မူလကန်ကနေထပ်ဆင့်ပွားပြီး ကပ်လုပ်ထားပါတယ်။ ဒီပုံစံက နယ်ဘက်မှာတော်တော်များများလုပ်ကြတဲ့ပုံစံပေါ့ ။



ဒီလိုနဲ့ အ၀ီစိတွင်းတူးကြတဲ့အခါ ပေ ၆၀ လောက်အနက်မှာပဲ ရေသန့် ရပါတယ် ။ တွင်းတူးတဲ့အခါ တစ်နေရာ နဲ တစ်နေရာ ၊ တစ်ခြံနဲ့ တစ်ခြံ အနက်ပေခြင်း မတူပါဘူး။ အချို့ ခြံတွေမှာဆို ပေ ၁၀၀ ၊ ပေ ၁၅၀ / ၂၀၀ လောက်ထိတူးမှ ရေသန့် ရပါတယ် ။ ကျွမ်းကျင်တဲ့ တွင်းတူး သမားတွေပြောချက် အရဆိုရင် ရေကြော က မြေအောက်မှာ မျဉ်းဖြောင့်လို တသမတ်တည်း ရှိမနေဘူးတဲ့ ။ လှိုင်းလို နိမ့်မြင့်ကြောနဲ့ ရှိနေတတ်တယ်လို
့ပြောပါတယ် ။ အိမ်မှာတော့ ကံကောင်းစွာနဲ့ ပေ ၆၀ လောက်မှ ရသွားပါတယ် ။ ဒီလိုနဲ့ အားလုံးပြီးတဲ့အခါ
၉၉ ခုနှစ်ကတည်းက သုံးလာတဲ့ မော်တာအဟောင်းကိုပဲတပ်ဆပ်သုံးလိုက်ပါတယ် ။ အ၀ီစိရေတွင်းတူးပြီးရင် နယ်မှာတပ်ဆင်သုံးစွဲပုံနဲ့ မြို့ မှာသုံးစွဲပုံက မတူပါဘူး ။ ရန်ကုန်မှာက လျှပ်စစ်မီးကိုသာ အဓိက အားကိုးရပါတယ် ။ နယ်တွေမှာက အများအားဖြင့် လျှပ်စစ်မီးလာတဲ့အခါ လျှပ်စစ်နဲ့ မောင်းပါတယ် ။ မီးမလာရင်လည်း အခက်ခဲမရှိပါဘူး ။ အရပ်အခေါ်အဝေါ် ဘုံဘိုင်လို့ ခေါ်တဲ့ လက်နှိပ်မောင်းပါ ပူးတွဲတပ်ဆင်ထားတဲ့အတွက် ၂၄ နာရီပတ်လုံး အချိန်မရွေး ရေစုပ်တင်လို့ ရပါတယ် ။ နယ်ဘက်တွေမှာကတစ်အိမ်နဲ့ တစ်အိမ် စည်းရိုး ခြား ထားပေမယ့် ကူးလူးသွားလာဖို့ သွားလမ်းလေးတွေရှိတတ်ကြပါတယ် ။ ရေတွင်းရေကန်တွေမှာ ရေလာခပ်ကြ ၊ ချိုးကြတဲ့အခါ ဆိုရင်လည်း ဒီလိုပဲ ဖြတ်သန်းသွားလာပြီး ဆက်ဆံနေထိုင်ကြပါတယ် ။  ကျွန်တော်တို့ ရေကန် မှာလည်း အိမ်နီးနားက ဒိုဒို၊ ၀တ်မှုန်၊ ကြွေဦး၊နန်းခဲ ဆိုတဲ့ မူလတန်းကျောင်းသားလေးတွေလည်း တပျော် တပါးရေလာချိုးကြ အော်ဟစ် သီချင်းဆိုကြနဲ့ပေါ့ ။
ဒီလိုနဲ့ အားလုံး တပ်ဆင်ပြီးသွားတဲ့ အခါ ရေအတွက် စိတ်ချမ်းသာသွားရတာပေါ့ ။ ဒါပေမယ့် နောက်ပိုင်းမှာ ရေနဲ့ ပတ်သတ်ပြီး ပြဿနာတစ်ခုက နေ့ တိုင်း ညတိုင်း လိုလို ရှိလာပြန်တော့ အိမ်သားတွေအားလုံး အမြဲ မပျော်နိုင်ကြပြန်ဘူး။

အဲဒါကတော့ အခြား ပြဿနာမဟုတ်ပါဘူး ။ ကျွန်တော့်အဖေနဲ့ ရေ ပြဿနာပါ ။ရေကတော့ ဘာမှမဖြစ်ပါဘူး ။ ရေလိုက်ကောင်းတယ် ကြည်တယ် အေးတယ် ။ ခက်တာက အဖေက ရေကိစ္စနဲ့ ပတ်သတ်ပြီး မကြည် မအေးနိုင်ဖြစ်နေပါတယ် ။


ဘာလို့ လည်းဆိုတော့ သူက မီးလာတာနဲ့ ရေတင်မယ်…ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ပြုထားသလို ဖြစ်နေတော့တာပါပဲ ။ ကျွန်တော်တို့ နယ်ဘက်မှာက မြို့ တွေလို မီးအားပြည့်ပြည့်မရတတ်ဘူး ။ တခါတရံ ဆိုးဝါးလိုက်ပုံက မီးအားကျနေတဲ့အခါ မီးလာနေတာမှ ဟုတ်ရဲ့ လားဆိုရလောက်အောင်ကိုပဲ မီးသီး အလင်းရောင်ကို ပိုးစုန်းကြူးအလားထင်မှားရပါတယ်။ မီးအားကျရင် အနည်းဆုံး အ၀င်ဗို့ အား ၅၀ / ၆၀ လောက်ထိကိုကျပါတယ် ။ စဉ်းစားသာကြည့်ပါတော့ အရပ်ကတို့ .. ။ အနည်းဆုံး TV ကြည့်ရင်တောင် ၁၅၀ လောက်ဝင်မှ အလုပ်ဖြစ်တာပါ ။ဗို့ အားအပြည့်၂၂၀ ၀င်နေတဲ့အချိန်ဆိုတာ မီးစလာလာခြင်းမှာတော့ ရှားရှားပါးပါးတွေ့ ရတတ်ပါတယ်။ ခဏနေလည်းကြာရော ဗို့ အားပြဒိုင်ခွက်ကလေးက သူ့ နေရာကို မှတ်ထားသလိုပဲ အောက်ကိုနိမ့်ဆင်းသွားပါတော့တယ် ။
        ကျွန်တော်တို့ နယ်မြို့ လေးက အိမ်ထောင်စုဦးရေ တော်တော်များပါတယ် တစ်မြို့ လုံးမှ
ထရန်စဖော်မာ ၁ လုံး ကိုပဲ သုံးနေရတော့ ၀ိုင်းဆွဲလိုက်တဲ့အခါ ဝေးတဲ့အိမ်တွေက အ၀င်မီးအားမရှိတော့ပါဘူး
အိမ်မှာမီးအားမြှင့်စက် ၁၀၀၀ ၀ပ်လေးသုံးပါတယ် ။ သို့ သော်လည်း အ၀င်ဗို့ အား အနည်းဆုံး
မီးအား အ၀င် ၆၀ / ၇၀ လောက်ရှိနေမှ ၂၂၀ ကိုမြှင့်တင်သုံးနိုင်တာပါ ။ ဒါပေမယ့် အဖေက သိပ်နားမလည်ပါဘူး
။ မီးလာရင် မော်တာခလုတ်နားရောက်နေပြီ ။ အ၀င်အထွက် ၀ပ်အားကမညီတော့ မော်တာပလပ်တွေ ခဏခဏအရည်ပျော်လိုက် အသစ်လဲလိုက်နဲ့ လုပ်နေရတာလည်း အလုပ်တစ်ခုပေါ့ ။တစ်မြို့ လုံးသုံးတဲ့ လျှပ်စစ်ဓာတ်အားကို ထရမ်စဖော်မာ တစ်လုံးကပဲ ၀ိုင်းဆွဲနေကြတော့ အ၀င် AC မီးအားကလည်း ၅၀ / ၆၀ ကနေ မတက်တော့ပါဘူး။ ဒီကြားထဲမှာ အစ်မက သူ့ မိတ်ဆွေတစ်ဦးအကြံပေးချက်နဲ့  မီးအားမြှင့်စက် ၃၀၀၀ ၀ပ်အားထပ်ဝယ်ပါတယ်.ကျွန်တော်မသိလိုက်ပါဘူး ..အမှန်က မီးအ၀င် နည်းလို့ သာအိမ်မှာလက်ရှိသုံးနေတဲ့ ၁၀၀၀ ၀ပ် မီးမြှင့်စက်က အလုပ်မလုပ်နိုင်တာပါ ။ အနည်းဆုံးအ၀င်မီးအား ၆၀ ၀န်းကျင်ရှိရင် အလုပ်လုပ်ပါတယ် ။ အဲဒါကို အစ်မကြီးက မီးမြင့်စက်ကမီးမမြှင့်ပေးနိုင်လို့ ဆိုတဲ့ ယူဆချက်နဲ့ ကျွန်တော်ကိုမတိုင်ပင်ပဲ သူ့ အသိက တဆင့် ၃၀၀၀ ၀ပ် တစ်လုံး ၀ယ်လာပါတယ်။ ၃၀၀၀ အားလည်း မကယ်နိုင်ပါဘူး ။ ဒါပေမယ့် ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ အဆင်ပြေအောင်လုပ်ပေးလိုက်ပါတယ်။ AC မီးကြိုးအ၀င်ကို ၃၀၀၀ အားမီးမြှင့်စက်ကို ထည့်လိုက်ပါတယ် ။ အဆုံးထိမြှင့်တင်လိုက်တဲ့အခါမီးအား ၁၀၀ ကျော်ထွက်လာပါတယ် ။ အဲဒီထွက်လာတဲ့ ၁၀၀ အားကိုမှ ၁၀၀၀ ၀ပ် မီးမြှင့်စက်ထဲထည့်ပြီးထပ်တင်လိုက်တဲ့အခါ လိုချင်တဲ့220 V ကိုရပါတော့တယ် ။ လိုလျှင်ကြံဆ နည်းလမ်းရ ဆိုသလိုပေါ့ဗျာ ..။ မီးအားတော့ ထိန်းနိုင်ပါပြီ..။ ဒါပေမယ့် တရုတ်မော်တာလေး က နှစ်ကလည်းကြာလာတော့ သိပ်ပြီးရေစုပ်အားမကောင်းတော့ပါဘူး။ ခုနကပြောတဲ့ ရေကန်အသစ်ကြီးကို အပြည့်ထည့်ဖို့ ဆိုရင် ၈ နာရီလောက်မောင်းမှ ရပါတယ် ။မော်တာသံကတော့မတိုးမကျယ်ပါပဲ ။ ဒါပေမယ့် ရေတင်နေရင် မော်တာမောင်းထားတယ်ဆိုရင်တော့ စက်သံကို တအိမ်လုံး ကြားရပါတယ်။ မော်တာ သံနဲ့ ပတ်သတ်ပြီး အစ်မကြီးနဲ့ ကျွန်တော်ပြောပြီး ရယ်ဖြစ်ကြတာက အိမ်ရှေ့ အိမ်က..  အဒေါ်ကြီး ဒေါ်လေးဝင်း အိမ်က မော်တာပါ ။မော်တာက နှစ်ချို့ နေပါပြီ..ရေလိုက်အားလည်းမကောင်းတော့ဘူး .။ ဒါပေမယ့် အဖွားကြီးက သူ့ ယောက်ျားမဆုံးခင်က ၁နှစ်လောက်ကတည်းက  တပ်ဆင်ပေးသွားတဲ့မော်တာမိုလို့  သုံးလို့ ရနေသေးတော့ ဒီတိုင်းဆက်သုံးနေပါတယ် ။ မော်တာအသံကတော့ ၀က်ဝက်ကွဲ ဂျက်လေယာဉ်နီးနီးပါပဲ ။ လူခြေတိတ်တဲ့ ညသန်းခေါင်လို အချိန်မျိုးများ ဖွင့်လိုက်ပြီဆိုရင် ..နှလုံးရောဂါသည်များအတွက် စိုးရိမ်စရာပါ ..မီးလန့် သတိပေး ဥသြော များဆွဲနေသလားထင်ရပါတယ် ...။
 
 အိမ်က..အဖေ့မှာလည်း ရေအတွက် နေ့နေ့ ညည မီးအလာကိုစောင့်ပြီး ရေတင်ရတာက အလုပ် တစ်ခုဖြစ်နေပါတယ် ။
           မီးလာပြန်တော့လည်း မီးအားမပြည့် ၊ မီးမြှင့်စက် ၂ လုံးကို မီးအ၀င်အထွက် ညှိပြီးလုပ်ဖို့ကလည်း တာဝန်တခု၊ မော်တာကလည်း ရေလိုက်အားမကောင်းဆိုတော့ တော်တော်လေးစိတ်ရှည်ရှည်ထားပြီး ရေတင်ရပါတယ်
။ ကျွန်တော် ရန်ကုန်ကနေ နယ်ပြန်တဲ့အခါတိုင်း အိမ်မှာရေတင်ပေးရတာလည်း အလုပ်တစ်ခုပေါ့ ။ အိမ်ခြံထဲက သီးပင်စားပင်တွေအတွက် ရေလောင်းဖို့ ရယ် ..သုံးရေချိုးရေအတွက်ရယ် .. နောက်တစ်ခုက အဖေကြောင့် လျှပ်စစ်ပစ္စည်းတွေ မပျက်စီးစေချင်တာရယ် အဖေ့ကိုလည်း လျှပ်စစ်အန္တရာယ်ဖြစ်မှာစိုးရိမ်တာရယ်ကြောင့် ညဘက်မီးအားတတ်တဲ့ အချိန်စောင့်ပြီး ရေတင်ရပါတယ် ။ ဒါပေမယ့် အဖေက အမြဲတမ်း ကျွန်တော့်ထက် ခြေလှမ်း သွက်ပါတယ်။ ဘာလို့ လည်းဆိုတော့ ဖျက်ကနဲ မီးလာတာမြင်တာနဲ့ သူက ရေကန်နားက မီးခလုတ်ကို အရင် ရောက်နေပြီလေ။ အဖေဟာ အမြဲ ၀ိရီယရှိပါတယ် ။ ကျွန်တော်တခါတလေမှာ ညဘက်မီးအလာစောင့်ရင်း အိပ်နေတတ်တဲ့အခါအမြဲကြုံရတတ်တဲ့ အနေအထားကတော့ မီးလာရင် အဖေ့ရဲ့ အိပ်ယာထက်က လူးလွန့် လာတဲ့ အသံ၊ ပြီးရင်ဆေးပေါ့လိပ်မီးညှိတဲ့ အသံ၊ လက်ဘက်ရည်ကြမ်းကို ခွက်ထည့်ငှဲ့ ပြီး ထည့်သောက်တဲ့ အသံ ပါပဲ။ နောက်ဆုံးကြားရမှာက ထောက် ခနဲ့ မော်တာ ခလုပ်ကို ဖွင့်လိုက်တဲ့အသံပေါ့ ။ ဒီအသံ ဒီအနေအထားတွေက မကြာခဏဆိုသလို ကြားနေရတော့ နေ့ စဉ်နေ့ တိုင်း နားယဉ်နေပါပြီ ။
ထပ်ပြီးနားယဉ်နေတာကတော့ အစ်မကြီးနဲ့ အဖေတို့ အပြန်အလှန်ပြောနေကြတဲ့ စကားတွေပါပဲ ။


‘ ..အဖေရယ် .. နားနားနေနေ နေပါလား.. တစ်ချိန်လုံး ..ဒီရေ ပဲ..မီးလာတာနဲ့ ရေကန်ကြီးနားရောက်လာပြီ..
အင်း.. ဇောတွေ ဇောတွေ ..အဖေသေရင်တော့ အိမ်မှာမနေရဲ ဘူးဟေ့.. ဒီရေကန်ကြီးနား သရဲကြီး ဖြစ်နေရင်ဖြစ်နေမှာ .. ‘’
’ ဖြစ်ဖြစ် ဟေ့..ဘာဖြစ်လဲ..မီးလာရင် ရေတင်တာ မဟုတ်ဘူး.. အလကားနေပဲနေနိုင်လွန်းတယ် .ရေတွင်းရေ ကန်ဆိုတာ ရေပြည့်နေမှ ကျက်သရေရှိတာဟ ..တစ်လက်မလျော့ တစ်လက်မတင် နှစ်လက်မလျော့ နှစ်လက်မတင်..''
..''အဖေရယ် ..ကန်ထဲကရေ ..အိမ်ကလူတွေ တစ်ပတ်လုံးသုံးရင်တောင် မကုန်ပါဘူး ..အလကားနေရင်း
အဖေကဲ လောဘဇောတိုက်နေတာ.. ညညဆိုလည်း အိပ်ရေးဝအောင် အိပ်တာမဟုတ်ဘူး ..ဒီ.ရေပဲ ..
လူက ကမ္မဌာန်းရုပ်ပေါက်နေပြီ ..''
ဒီလိုအခြေအတင်ပြောလည်း ပြောတုန်းခဏပါပဲ ..အဖေကတော့ အရင်အတိုင်း သူ့ အကျင့်ကတော့ မပြောင်း လဲပါဘူး ။ကန်ရေပြည့်နေပြီဆိုရင် ပီတိဝေတဲ့မျက်နှာနဲ့ ပြုံးနေတတ်ပါတယ်။ အဲဒါကိုတွေ့ ရင် အစ်မက ကျွန်တော်ကို..အဖေ့ကိုမေးငေါ့ပြီး..
'' ကြည့်ကြည့်..ဟိုမှာ ပီတိတွေဖြာနေပြီ..မောင်လေးရန်ကုန်မှာရှိနေတဲ့အချိန်ဆို သူ့ ကို တစ်နေ့ တစ်နေ့ ဒါပဲပြောနေရတာလေ..ပြောရတာ ငရဲလည်းကြီးပါတယ်..'' တဲ့ ။


ဒီလိုနဲ့ မိုးတွေရွာနေတဲ့ တစ်နေ့ မှာ အိမ်မှာဘယ်သူမှ မရှိတဲ့အချိန် မီးအားမနိုင်ပဲ အဖေရေတင်နေတာ အချိန် ကြာသွားတဲ့အတွက် တရုတ်မော်တာလေး လောင်သွားပါတယ် ။ အစ်မကြီးကျောင်းအလုပ်က ပြန်လာတဲ့ အခါ အဖေနဲ စကားများကြပါတယ် ။ မိုးသံလေသံတွေနဲ့ အတူအစ်မကြီးစကားသံတွေကြားနေမိတယ် ။


"...အဖေ့ကို ရေမတင်ပါနဲ့ လို့ ပြောထားရက်နဲ့ ..ဘာလို့ ဒီလောက်တောင် လောဘကြီးနေလဲမသိဘူး. ခုတော့ မော်တာပျက်ပြီ..အဖေနောက်ခါ မီးခလုတ်နားမလာနဲ့ သမီးတို့ အလုပ် သမီးတို့ လုပ်မယ် ..မောင်လေးလည်း ကူလုပ်ပေးနေတာပဲ..အဖေဟာလေ ပြောလို့ လည်းမရဘူး.. အဖေ့အရွယ်နဲ့ ဆို ဥပုပ်ကျောင်းသွား ၊ ပုတီးစိတ်တရားထိုင်လုပ်ရမယ့်အရွယ်..ခုတော့ မဟုတ်ပါဘူး..သားဇော သမီးဇော..ရေဇော ..ဇောတွေနဲ့  အဖေနဲ့ တော့ ခက်ပါတယ် ..
အစ်မကြီးကတော့ ပြောစရာရှိတာပြောပြီး မော်တာကိစ္စစဉ်းစားနေပါတယ် ။
အဖေကတော့ သူ့ အပြစ်နဲ့ သူမို့ လို့ ငြိမ်နေပါတယ် ။
ကျွန်တော်က.. ''..အစ်မရယ် မော်တာကလည်း ဟောင်းနေပါပြီ ..အသစ်ဝယ်တပ်လိုက်တော့..ခုထုတ်တဲ့ နောက်ပိုင်းမော်တာတွေ တော်တော်ကောင်းတယ် ဈေးလည်းသိပ်မရှိပါဘူး.''. ..ဆိုတော့


'' ..အစ်မက ..အေးလေ ဒါဆိုလည်း ခုသွားဝယ် ညနေ စက်ဆရာကိုခေါ်ပြီး တပ်လိုက်တာပေါ့ ..''
ဒီလိုနဲ့ ကျွန်တော် မိုးထဲလေထဲ တောင်ငူမြို့ ပေါ် ဆိုင်ကယ်နဲ့ ပြေးရပါတယ် ။ တောင်ငူ ကန်လမ်း ထဲက မော်တာပစ္စည်းတွေရောင်းတဲ့ဆိုင်တစ်ဆိုင်မှာ ကြည့်ဖြစ်တယ်။ ၂ မျိုးပြပါတယ် ။ ကျွန်တော်သဘောကျတဲ့ တံဆိပ်က windy တံဆိပ်မော်တာပါ။ စက်သံညက်တယ် ၊ရေစုပ်အားကောင်းတယ် ။ ဒီလိုနဲ့ ဝယ်ဖြစ်လိုက်ပါတယ်
။ အိမ်ပြန်ရောက်တော့ စက်ဆရာကအသင့်။အဖေကတော့ စက်ဆရာထပ်ပိုပြီး ရှေ့ ရောက်နေပြန်ပါတယ်
။ ဘာလုပ်လုပ်ရှေ့ က ဟိုတပ်ဒီဆင်နဲ့ တတ်ကြွနေပါတော့တယ် ။ ဒီလိုနဲ့ တပ်ဆင်ပြီးသွားတဲ့အခါ
မီးက ပျက်နေတာနဲ့  ညဘက်မီးလာတဲ့အခါမှ စမ်းကြည့်ဖို့ စောင့်နေလိုက်ပါတယ် ။ ဒါကိုအဖေက
မစောင့်ပဲ စက်ဆရာကို အင်ဗာတာနဲ့ စမ်းဖို့  အကြံပေးနေပြန်ပါသေးတယ် ။ အစ်မက မျက်လုံးပြူးပြမှ
အဖေတိတ်သွားပါတယ် ။



အစ်မကပြောပါတယ်.. 
'' ကဲ အဖေ ဒီနေ့ ကစပြီး ရေကိစ္စ သမီးတို့ လုပ်မယ်နော်..အဖေ၀င်မပါနဲ့ .. ကိုယ့်ဘာသာ အေးအေးဆေးဆေးနေ..အဖေ့အတွက် အားလုံးဘာမဆို ပြည့်စုံအောင်လုပ်ပေးထားတယ်.. အိမ်ကိစ္စဘာမှမလုပ်နဲ့ .ကိုယ့်အတွက် ကိုယ်လုပ်..ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်.''
အဖေက…အေးပါ ရေမီးကိစ္စ အဖေ မလုပ်တော့ပါဘူး.. လို့ ပြောရင် မျက်လုံးက မော်တာအိမ်ဆီကြည့်နေပါတယ် 


ဒီလိုနဲ့ ညဘက် ၁ နာရီလောက်မီးလာတဲ့အခါ ကျွန်တော် အိပ်ရာကနိုးလာပါတယ် ။ ထုံးစံအတိုင်း အဖေအိပ်ရာထက်က လူးလွန့် သံကြားရပါတယ် ။နောက် ရေနွေးကြမ်းငှဲ့ ထည့်သံကြားရပါတယ် ။


ဆေးပေါ့လိပ် မီးညှိတဲ့ မီးခြစ်သံကြားလိုက်ပါတယ် ။ ဒါပေမယ့် နောက်တဆင့် မော်တာဖွင့်ဖို့ ကို သူ မလုပ်ရဲ ဘူးဖြစ်နေပါတယ် ။ အစ်မက ပြောထားတာကိုး..။ ကျွန်တော်အိပ်ရာထသွားပြီး မော်တာခလုတ်ကိုဖွင့်လိုက်ပါတယ်.ရေကန်က ညနေထဲက ရေအကုန်ထုတ် ကျင်းထားတဲ့အတွက် ကန်အပြည့်မောင်းရမှာပါ ။ မော်တာမောင်းလိုက်တဲ့အခါ စက်သံက မကြားရပါဘူး ..မီးကြိုးဆင်တာများ လွတ်နေသလား ထင်လိုက်မိပါတယ်..ခဏအကြာ ရေပိုက်ကရေတွေ တလဟောကျလာမှ စိတ်အေးသွားရပါတယ် ။ အဖေက အိမ်ပေါ်မှာ လျှောက်ပြန်သံပေးလုပ်နေပါတယ်။ လာကြည့်နေချင်ပုံရတယ် ။ ဒီလိုနဲ့ ၁ နာရီထိုးကစတင်လိုက်တဲ့ရေက ၂ နာရီခွဲလောက်မှာ ၅ပေ ပတ်လည် အမြင့်ရှိတဲ့ ရေကန်ကြီးပြည့်သွား ပါတယ် ။ အရင်မော်တာနဲ့ တင်တုန်းက ၈ နာရီလောက်မနားတမ်းတင်မှပြည့်ပါတယ် ။ ကျွန်တော်လည်း ကန်ရေပြည့်လို့ စက်ပိတ်ပြီး အိမ်ပေါ်တတ်လာတော့ အဖေက..


''..ဘယ်လိုလည်းကွ..စက်က ကောင်းရဲ့ လား..''
''..ကောင်းပါတယ် အဖေ..ခုရေတင်ကြည့်ပြီပြီလေ..''


''..အင်း တော်သေးတာပေါ့ကွာ.ဒါဆိုဆက်တင်ထားလိုက်လေ..ဘာလို့ မီးပိတ်လိုက်တာလဲ ..''

''..ကန်ရေပြည့်သွားပြီလေ အဖေရဲ့ ..ဘယ်ကိုဆက်တင်ရမှာလည်း..''
'.ဟေ..ဟုတ်လား…'' ..အဖေ ပြောရင်းဆိုရင်း ကန်နားပြေးသွားပါတယ် ..ရေမပြည့်မပြည့်ကြည့်လိုက်ပြီ.. ကောင်းလိုက်တဲ့စက်ကွာ..ခဏပဲတင်ရတယ် ..အရင်မော်တာနဲ့ ဆို မနက်မိုးလင်းတောင် ပြည့်မှာမဟုတ်သေးဘူး…
အဖေဟာ ပြောရင်းဆိုရင်း ပီတိအပြုံးတွေဝေနေပါတယ်..။
ဒီလိုနဲ့ ရက်တွေသိပ်မကြာပါဘူး..အဖေက သူ့ အကျင့်အတိုင်း ရေကိစ္စမှာ ပါပါလာပြန်တယ်။
မီးအားမနိုင်တဲ့အချိန် ရေတင်တာတို့ ..ညဘက် မအိပ်ပဲမီးအလာစောင့်ပြီး ရေတင်တာတို့ လုပ်လာပြန်ပါတယ်
တခါတလေ အစ်မကြီးနဲ့ တခါတလေ အစ်မလတ်နဲ့ စကားများကြတယ် ။ ကျွန်တော်ကတော့ အဖေနဲ့ အချေအတင်မပြောလိုပါဘူး
..မီးပလပ်ကို မိန်းချထားလိုက်တယ် ။ အဖေကတော့ သူ့ ကို ဘာပြောပြောဘာလုပ်လုပ် ပြောလိုက်ဆိုလိုက်ရင်

တဟားဟားနဲ့ ပါပဲ ။ တခါတလေတော့လည်း မိသားစုတွင်းမှာ ကတောက်ကဆ အဖြစ်လေးတွေဟာလည်း နွေးထွေးတဲ့မိသားစုဘ၀အသွင်သဏ္ဍာန်အနေနဲ့ ပုံဆောင်နေတတ်ကြတယ်လေ ။ ရန်ကုန်မှာ ကျွန်တော်အနေများပေမယ့် ၁ လ၁ ခါကတော့ အမြဲအိမ်ကိုပြန်ဖြစ်ပါတယ်



       တောင်ငူမြို့ ဆိုတာ ရန်ကုန်နဲ့ မနီးမဝေးပေါ့။ ၁၇၅ မိုင်ခရီးက ကျွန်တော့်အတွက် အိမ်ဦးနဲ
့ကြမ်းပြင် လို ပါပဲ ။ မနက် ရန်ကုန်ဘူတာကြီးက ၆နာရီ ရထားစီးရင် နေ့ လည် ၁၂ နာရီ ခွဲလောက် ဆိုတောင်ငူရောက်ပါပြီ ။ အိမ်ကိုတော့ ကားတဆင့်ထပ်စီးရပါတယ် ။ အိမ်ရောက်ရင် ကျွန်တော့်အလုပ်က အစ်မတို့ အဖေမေတို့ နဲ့ စကားပြော၊ TV အတူကြည့်ရင်း လက်ဘက်သုပ်စား၊ သီးပင် စားပင်တွေ ရေ ကူလောင်းပေး၊ စိုက်သင့်တဲ့အပင်တွေ စိုက်၊ သူငယ်ချင်းတွေနဲ့ တွေ့ ဆုံစကားပြော.. ၊ စာအုပ်ဗီဒိုလှန်လှောပြီး ၀က်ဘ်ဆိုက်က သူငယ်ချင်းတွေအတွက် ကောင်းနိုးရာရာတွေလည်း ကုန်ကြမ်းရှာပေါ့ ..ဒီလိုနဲ့ အိမ်မှာ
၃ ရက် ၄ ရက်လောက်နေပြီးမှ ရန်ကုန်ပြန်ပါတယ် ။


တစ်နေ့ မှာ ကျွန်တော် အိမ်ကိုပြန်ရောက်နေတဲ့ အချိန် ထုံးစံအတိုင်း အဖေနဲ့ ရေကိစ္စ ဖြစ်ပြန်ပါတယ် ။
အဖေရေတင်နေတုန်း မော်တာရပ်သွားပါတယ် ။ မော်တာပလပ်ခေါင်းမှာလည်း အရည်ပျော်နေပြီး ညှော်နံ့ တွေ ထွက်နေပါတယ်၊ မီးအားနည်းလို့ လား ..အသုံးပြုတာ တခုခုချို့ ယွင်းလို့ လားမသိဘူး..မော်တာအသစ်ကြီး
မလည်တော့ပါဘူး ။ စက်ပြင်ဆရာခေါ်ပြီးပြင်ဆင်ရပါတယ် ။ အစ်မလည်း ဂရုဏာဒေါသ နဲ့ ပြောတာပေါ့.. 
'' ..အဖေကတော့လေ ..ဒီရေတင်တာကို မလုပ်နဲ့ မလုပ်နဲ့ ဆိုတာကို ဘယ်လိုမှ ပြောလို့ မရဘူး အဖေ လုပ်နေတာတွေက ကူညီရာမရောက်ပဲ ဖျက်ဆီးနေသလိုဖြစ်နေတယ် ..ဒုက္ခပါပဲ အဖေနဲ့ တော့ ..'' အစ်မလတ်ကလည်း.. ၀ိုင်းပြီး အစ်မကြီးဘက်ကပြောပြန်တယ် ." ဟုတ်သားပဲ အဖေရယ်..ကိုယ့်နေရာနဲ့ ကိုယ်နေပေါ့.သားသမီးတွေရှိနေတာပဲ ..အဖေ ကနေရာတကာဝင်ဝင်ပါမနေနဲ့ ." ကျွန်တော်ကလည်းဝင်ပြောဖြစ်ပါသေးတယ် .. "..အဖေ.. မီးလာတိုင်း ရေတင်လို ရတာမဟုတ်ဘူး .. စက်တွေမှာ မီးအားအနည်းအများပေါ်မူတည်ပြီး ထမ်းနိုင်တဲ့ဝန်ရှိသလို မထမ်းနိုင်တဲ့ ၀န်ရှိတယ် .. မတတ်နိုင်တဲ့ ၀န်ကို ထမ်းခိုင်းတော့ မီးကြိုးတွေ ပလပ်ပေါက်တွေ ပူပြီး ရှော့ဖြစ်ပြီး မီးလောင်တတ်တယ် ..အဲဒါတွေ စိုးရိမ်လို့ အဖေ့ကို မလုပ်နဲ့ မလုပ်နဲ့လို့ ပြောနေတာပေါ့ .အဖေကလည်း .. အစ်မတို့ ပြောလည်း ပြောစရာပဲ .. အေးအေးဆေးဆေးနေပါအဖေရာ ..."
အဖေ အရင်လို မရယ်တော့ပါဘူး ..တိတ်ဆိတ်နေပါတယ် ။မျက်နှာမကောင်းပါဘူး ..ပြီးမှစကားသံထွက်လာပါတယ်
"...အဖေ ရေတင်ချင်တိုင်းတင်နေတာမဟုတ်ပါဘူးကွာ၊ ကန်ထဲမှာရေမရှိရင် အဖေ့စိတ်ကမနေတတ်လို့ ပါ .မင်းတို့ ကရေရှားပါးတဲ့အရပ်တွေမှာမနေဖူးတော့ နားမလည်တတ်တာပါ .အဖေက မင်းတို့ မမွေးခင်က အညာမှာ ရေကို အတောင် ၆၀ / ၇၀ တွင်းတွေက ငှင်ခပ်ခဲ့ရတာ
။ အဖေက အညာသား ၊ ရေကှိုရှားရှားပါးပါးသုံးခဲ့ရတာ ၊ ကန်ထဲမှာရေပြည့်နေမှ စိတ်ချမ်းသာတယ်..

..စိတ်ထဲနေသာထိုင်သာရှိတယ် .. ဒါကြောင့် မင်းတို့ လည်း အချိန်မရွေးသုံးလို့ စွဲလို့ အဆင်ပြေအောင်
..ငါ အားတဲ့အခါမှာ ရေတင်ပေးတာပါ...."
အဖေပြောပြီး အိမ်ပေါ်တတ်သွားပါတယ် ။


ကျွန်တော်နားလည်သွားပါပြီ ..။


လူတွေ၊ လူမျိုးစုတွေ ၊ လူ့ အဖွဲ့ အစည်းတွေ ၊ ရိုးရာအစဉ်အလာ၊ ဘာသာအယူအဆ ၊ လူမှုဆိုင်ရာအပြုအမူတွေ ကွဲပြားခြားနားနေတဲ့ လူ့ ယဉ်ကျေးမှုတိုင်းမှာ ရှိကြတဲ့ အတွေးအမြင်၊ယုံကြည်ချက်၊ ၊ ခံယူချက်သဘောထားတွေ ကိတက္ကသိုလ်မှာဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားလေ့လာခဲ့တဲ့ ကျွန်တော် .. ကိုယ့်အဖေရဲ့ စိတ်နေ သဘောထားနဲ့အတွေးအမြင်ကို ကြည့်တတ်နားလည်တတ်ဖို့ မကြိုးစားမိခဲ့ဘူး ။
နောက်ရက်မှာ ကျွန်တော် ဖတ်မှတ်ခဲ့ဖူးတဲ့ အကြောင်းအရာလေးတစ်ခု အမှတ်ရမိလိုက်ပါတယ် ။


အဆိုတော် စာရေးဆရာ သုမောင်က သူ့ အဖေကို စိတ်ချမ်းသာအောင်ထားပြီး ပြုလုပ်ပေးခဲ့တဲ့ အကြောင်း အရာတစ်ခုပါ သူ့ ရဲ့ အဖေက နေမကောင်းလို့ အိပ်ရာထဲလဲနေတဲ့အချိန် ရာသီဥတုက ပူတော့ မိုးလေး ရွာရင်ကောင်းမှာပဲလို့  ပြောရှာသတဲ့ ။ အဲဒီတော့ ဆရာသုမောင်က ဘာလုပ်ပေးလည်း ဆိုတော့ မော်တာတစ်လုံးဆင်ပြီး အိမ်ခေါင်မိုးသွပ်ပြားပေါ်ကို မိုးရွာနေသလို ရေဖျန်းစေပြီး သူ့အဖေ စိတ်ချမ်းသာအောင် အပြင်မှာ မိုးတွေရွာနေပြီ ဖြစ်ကြောင်း ပြောပါသတဲ့ ။နိုင်ငံကျော်စာရေးဆရာရုပ်ရှင်မင်းသား တစ်ဦးရဲ့  မိဘအပေါ် စိတ်ချမ်းသာစေချင်လို့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့တဲ့အကြောင်းလေး အမှတ်ရလိုက်တဲ့အခါ ကျွန်တော့် အဖေ့ကို သတိရမိလိုက်ပါတယ် ..။


ဒီလိုနဲ့ နယ်ကနေ ရန်ကုန်ပြန်မလာခင်မှာ အစ်မတို့ ကိုခေါ်ပြီး…


"..အစ်မ.. အဖေရေတင်ချင်တာတင်ပါစေဗျာ ..ဆိုးဆိုးဝါးဝါး အန္တရာယ်မဖြစ်အောင်သာ ဂရုစိုက်လိုက်ပါ ..


ခုလည်း ထရန်စဖော်မာ နောက်တစ်လုံး အသစ်ဆင်တော့မယ်ကြားတယ်..နောက်ပိုင်းမီးသုံးလို့ အဆင်ပြေမှာပါ ..အဖေ့ကို သိပ်ပြီးပြောမနေပါနဲ့ ..စိတ်ချမ်းသာအောင်နေပါစေ .. ပစ္စည်းဆိုတာ ပျက်သွားလည်း အသစ်ပြန်ဝယ်အစားထိုးလို့ ရပါတယ် .. အဖေ စိတ်ချမ်းသာဖို့ အရေးကြီးတယ် .. အစ်မတစ်ခါပြောသလို လူဆိုတာ တစ်နေ့ ရှင်ကွဲမကွဲရင်လည်း
သေကွဲ ကွဲကြရမှာပဲ မဟုတ်လား .. အဖေလည်း အသက်ကြီးပြီ .. သိပ်ပြီးပြောမနေပါနဲ့ တော့
.. စိတ်ချမ်းသာအောင်ထားလိုက်ပါ .."


အစ်မလည်း ကျွန်တော်ဆိုလိုတာကို နားလည်ပါတယ် ..
"..အေးပါ..ငါတို့ ပြောတယ်ဆိုတာကလည်း သူ အန္တရာယ်ဖြစ်မှာစိုးလို့ ..နားနားနေနေ နေစေချင်လို့ ပါ..


ဒါပေမယ့် အတင်းလွှတ်ထားလို့ တော့မဖြစ်ဘူး.. သူ့ သဘောအတိုင်း လွှတ်ထားလိုက်ရင် ပိုပြီး အန္တရာယ်များတယ် .. စောင့်တော့ကြည့်နေရမှာပေါ့ ...''


ဒီလိုနဲ့ နောက်ပိုင်းနေ့ ရက်တွေမှာ .. အဖေတစ်ယောက် ရေတင်နေတာကို အိမ်နီးနားဝန်းကျင်တွေ မကြာခဏတွေ့ မြင်နေကြပါတော့တယ်။


တစ်နေ့  ကျွန်တော် ရန်ကုန်ပြန်မယ့်နေ့ မှာ မနက်စောစော နိုးနေပါတယ် ..။ မနက်အာရုံဦးက ကျေးငှက်တွေ နိုးထသံနဲ့ အတူ တဖြည်းဖြည်း အသက်ဝင်လှုပ်ရှားလို့ လာပါတယ် ..အိမ်အကြောင်း မိသားစုအကြောင်း ဟိုဟိုသည်သည် တွေးတောရင်း ဖျက်ကနဲ မီးလာပါတယ် ။


ကြားနေကြ အသံကိုနားစွင့်နေမိတယ် ..


အဖေ အိပ်ရာထက်က လူးလွန့် ထလာသံကြားရပါတယ်..ပြီးတော့ ရေနွေးကြမ်းငှဲ့ ထည့်ပြီး သောက်နေသံ ကြားပါတယ် ။ နောက်တော့ ဆေးပေါ့လိပ်မီးညှိတဲ့ မီးခြစ်သံကြားရပြီး အဖေ မော်တာအိမ်နားသွားပါတယ် ။



...ညင်သာ တိုးညှင်းသော မော်တာသံ ..ရေပိုက်မှရေကျသံများနှင့် အတူ အိမ်နားက မူလတန်းကျောင်းသားလေး.... ဒိုဒိုရဲ့ မနက်စောစော စာအော်ဖတ်နေတဲ့အသံလေးက ထွက်ပေါ်လို့ လာပါတယ် …


''..ကန်ထဲမှာရေပြည့်နေသည်…
သာသာယာယာ ရှိပါသည် ..
ပျော်ပျော်ပါးပါး လှေလှော်သွားကြသည်..
ကြာပန်းများလည်း ခူးကြသည် ...''
....................................................


သူငယ်ချင်းများအားလုံး ရေလိုအေး၍ ပန်းလိုလန်းကြပါစေ..
ရေ ဟူသည် အေးမြ၏..လူတို့ အတွက် ခွန်အားကို ဖြစ်စေ၏ .အသက်ကိုလည်း စောင့်ရှောက်တတ်ပါ၏ .. မြန်မာပြည်သူ ပြည်သားများအားလုံး
ရေဆာလောင်မွတ်သိပ်မှု ဒုက္ခ၊သောကအပေါင်းမှ ကင်းဝေးကြပါစေ .. ဆန္ဒရည်လျက်..

နန္ဒ( ကမ္ဘာသစ် ) 

Posted by Nanda on May 19, 2010 at 7:00am 

   

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>