2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

ယုံကြည်ခြင်းတံခါးဝမှာ

ယုံကြည်ခြင်းတံခါးဝမှာ ....


( ၁ )
လှုပ်နှိုးလိုက်တာကတော့
ခပ်ဖွဖွလေးပါ ....
ဒါပေမဲ့
ကမ္ဘာတစ်ခုပျက်သွားဖို့ လုံလောက်တယ် ... ။
( ကင်မ် )

( ၂ )
သူစိတ်စောစွာနဲ့နာရီကိုငုံ့ကြည့်လိုက်သည် ။
နောက်မိနစ်ပိုင်းအတွင်းဆို သူပြင်းပြစွာ တွေ့ချင်တဲ့လူတစ်ယောက်နဲ့
တကယ်ပဲတွေ့ရတော့မည် ။ တွေးကြည့်လိုက်ရုံနဲ့ကို သူ့နှလုံးသားက
ချက်ချင်းပူနွေးလို့လာသည် ။ အော် .. လွမ်းလိုက်ရတာ ကင်မ် ရယ် ... ငါတို့နှစ်ယောက်ခွဲခဲ့ရတာတောင်ကြာပေါ့ ... ။
သူလေယာဉ်ပေါ်ကဆင်းဆင်းချင်းမှာပဲ
အပူငွေ့တို့ကသူ့တစ်ကိုယ်လုံးကိုလာဟပ်သည် ။ မန္တလေးသားဖြစ်တဲ့ သူတောင်
ဒူဘိုင်းရဲ့အပူဒဏ်ကို အတော်ဖျားသွားသည် ။ သို့သော်
သူဒီကိုရောက်လာဖို့ဘာကိုမှမမှုအားပါ ။ သူတကယ်တမ်းသွားချင်တာက စင်္ကာပူ
ဖြစ်သော်လည်း သူ့နှလုံးသားက ဒူဘိုင်းမှာသာရှိလေသည်
။သူ့ပစ္စည်းတွေကိုနေရာချထားပြီးတာနဲ့ ကင့်မ်အမေ ထည့်ပေးလိုက်သော
စားစရာများကို သယ်ပြီး ကင်မ့်ဆီသို့ချက်ချင်းထွက်လာခဲ့လိုက်သည် ။
သူ့အတွေးထဲမှာတော့ ဝမ်းသာပျော်ရွှင်သွားမည့် ကင့်မ် မျက်နှာလေးကို
မြင်ယောင်ရင်း ကြည်နူးနေမိသည် ။
( ၃ )
တသက်တာ ဖက်တွယ်ထားကြဖို့

အကြောင်းတရားတွေ မညီညွတ်ကြပေမဲ့
လွဲသွားတဲ့ ညနေခင်းလေးကိုမှ
ငါက စွဲလမ်းခဲ့မိတာ ... ။
( ကင်မ် )
( ၄ )
တကယ်တမ်း သူမျှော်လင့်ထားသလို ကင့်မ်မျက်နှာမှာ
ထူးထူးခြားခြားဘာတစ်ခုမှမတွေ့ရ ။ တည်ငြိမ်သွားတာလား ၊ အေးစက်သွားတာလား ။
ဇဝေဇဝါအတွေးပေါင်းစုံနှင့် သူသာဂယောက်ဂယက်ဖြစ်လာလေသည် ။ တကယ်ဆို
တစ်နှစ်ကျော်ဝေးကွာခဲ့ရတဲ့ ချစ်သူနှစ်ဦးရဲ့ဆုံတွေ့မှုဟာ ဒီထက်ပိုပြီး
နွေးထွေးသင့်လေသည် ။ သည်လိုအေးစက်မှုမျိုးကို သူမလာခင် ၆ လ လောက်အလိုကတည်းက
သတိထားမိခဲ့တာ ။ အွန်လိုင်းမှာအတွေ့ကျဲလာတာ ၊ သူနဲ့အရင်ကလို
စကားသိပ်မပြောတော့တာတွေကို စဉ်းစားရင်း သူတကယ်ကိုဝမ်းနည်းနာကျင်လာသည် ။
သူတစ်စုံတစ်ခုကိုကောက်ချက်ချဖို့အထိ ဖြစ်မလာပါစေနဲ့လို့သာ
ကြိတ်ပြီးဆုတောင်းလိုက်သည် ။ ကင်မ် .. ငါ နင့်ကို ယုံတယ် ... ။
( ၅ )
သူသည် ကင့်မ်နဲ့ အပတ်တိုင်းတွေ့ဆုံနိုင်ဖို့ သူ့ off day ကိုညှိထားလိုက်သည်
။ သူနေရသည့်မြို့က ကင်မ်တို့မြို့နှင့် သိပ်မဝေးလှပေမယ့်
အလုပ်ချိန်ကွာခြားချက်ကြောင့် တစ်ပတ်တစ်ခါသာတွေ့နိုင်လေသည် ။ သည်မှာတော့
ကိုယ့်အလုပ်ကိုလုပ်၊ ကိုယ့်ပြဿနာကိုယ်ရှင်း၊ ကိုယ့်ကိုယ်ကို
ဂရုစိုက်ရင်းနဲ့သာ အထီးကျန်စွာ ဖြတ်သန်းကြရသည် ။ ကင့်မ်ကို သူနားလည်ပါသည် ။
တစ်ယောက်တည်း အထီးကျန်ခဲ့ရတဲ့ ကင့်မ်အတွက် ပြန်လည်နွေးထွေးလာဖို့
သူအချိန်နည်းနည်းတော့ပေးရမည် ။ သူသည် ကင်မ်စားဖို့အတွက်
တစ်ပတ်စာဟင်းများကို အမြဲတမ်း စီစဉ်ပေးထားဖြစ်သည် ။ ဟင်းချက်ပြီး
မောမောပန်းပန်း နှင့်ထိုင်နေသော သူ့ကို ကင်မ်က စိတ်မကောင်းသလို
အမြဲငေးကြည့်နေတတ်သည် ။ပြီးတော့ " ငါ့ကိုအရမ်းချစ်တာပဲလား "
လို့မေးတတ်သေးသည် ။ သူ ခေါင်းကိုလေးလေးနက်နက် ညိမ့်ပြလိုက်တော့
" နင်အရမ်းကံကောင်းတယ် ငါ့ကိုကြိုက်တဲ့လူတွေအများကြီးထဲကမှ နင့်ကိုရွေးခဲ့တာ "
" ဒါဆို နင်ကပိုကံကောင်းတယ် ကင်မ် ဘာလို့လဲသိလား "
ကင်မ် ခေါင်းခါသည် ။
" ငါ့လောက် နင့်အပေါ်ဘယ်သူမှမချစ်နိုင်ဘူးလေ "
ကင်မ်ကခပ်နွေးနွေးလေးပြုံးလိုက်ပြီး သူ့ဆံပင်တွေကို ထိုးဖွရင်း "
ကျေးဇူးတင်ပါတယ် " တဲ့ ။ သူရွေးခဲ့တဲ့ နည်လမ်းကမှန်ကန်ခဲ့သည်ဟု ထင်ပါသည် ။
( ၆ )
တသက်လုံးအလင်းမပေးနိုင်ဘဲနဲ့

အမှောင်ထုကို စိုးမိုးချင်သတဲ့လား
နေပါစေ ...
အလင်းပျောက်သွားတာထက်စာရင်
မှောင်နေတဲ့ ငါ့အခန်းလေးက
နေပျော်တယ် .... ။
( ကင်မ် )

( ၇ )

သူ နဲ့ ကင်မ်ရဲ့ဆက်ဆံရေးက အရင်ကထက်နွေးထွေးလာသော်လည်း သူမသိစေချင်သော
အကြောင်းအရာတော်တော်များများ ကင့်မ်ဆီမှာရှိနေတာကို သူသတိထားမိသည်။
ကင့်မ်ဖုန်းကို အမှတ်တမဲ့ဖွင့်ကြည့်မိတဲ့နေ့ကဆို
ကင်မ်တော်တော်စိတ်ဆိုးသွားလေသည် ။ခိုင်လုံသောအကြောင်းပြချက်မပေးဘဲ ကင်မ်က
သူ့personal ဟုသာအကြောင်းပြခဲ့ပါသည် ။ သူကတော့ သူ့ဘဝ အစအဆုံး
ဘာကိုမှမဖုံးကွယ်ထားခဲ့ပေမဲ့ ကင်မ်က သူ့လောက်မပွင့်လင်းခဲ့တာကိုတော့
ချစ်သူတစ်ယောက်အနေနှင့် စိတ်ထိခိုက်ရလေသည်။ ထိုနေ့က ဟိုးအဝေးက
တိမ်တွေပြိုကျလာသလို ၊ သူ့ဘဝမှာ အရာအားလုံး မှောင်မိုက်သွားခဲ့ပါသည် ။
( ဂ )
ဒီနေရာမှာ ရပ်ကျန်ခဲ့တယ်ဆိုတာ

မာန သက်သက်မဟုတ်ဘူး
ငါ့လက်ထဲက နွယ်ပင်လေးကို
မထားခဲ့နိုင်လို့ ... ။
( ကင်မ် )

( ၉ )

မနက် ၂ နာရီ ။ သည်လို share ပြီးနေရတဲ့အခန်းတွေမှာ အလိုက်သိဖို့ ၊
တစ်ယောက်နဲ့တစ်ယောက်ညှိနေကြဖို့ တော်တော်လိုပါသည်။
အလိုက်မသိသူများပါလာခဲ့ရင်တော့ အတော်ကိုစိတ်ညစ်ဖို့ကောင်းသည် ။
ကင့်မ်အကြောင်းတွေစဉ်းစားလျှင်ပိုပြီး အိပ်မရတော့သဖြင့်
အိပ်ဆေးအကူနှင့်ကြိုးစားအိပ်ပစ်လိုက်ရသည့်ညတွေကများလာသည် ။
သူအိပ်ပျော်နိုင်ဖို့ မျက်လုံးတွေကိုမှေးစင်းလိုက်သည့်အချိန်မှာပဲ
သူ့ဖုန်းထဲသို့ message တစ်ခုဝင်လာလေသည် ။

< Now , I'm thinking about u. I do appreciate yr love n will never leave u .

I need u in my life. Luv u . stay wid me ... yrs , Kim >>>

သူမယုံကြည်နိုင်စွာပဲ မက်ဆေ့ခ်ျ လေးကိုအခါခါဖတ်နေမိသည် ။ ဒါ သူဒီရောက်ကတည်းက ကင်မ်ပထမဆုံးစပို့တဲ့ message ဖြစ်လေသည် ။
အချိန်တိုင်းသူကပဲ လွမ်းဆွတ်စွာဖုန်းတွေခေါ်ခဲ့ရတာ။
ဝတ်ကျေတမ်းကျေစကားသံလေးတွေနဲ့ပဲ ကျေနပ်နေခဲ့ရတာ။
အေးစက်ခြင်းတွေနဲ့ပဲထိတွေ့ခဲ့ရတာ ။ အခုတော့
သူပျော်ရမယ့်အချိန်လေးရောက်လာပြီထင်သည် ။ ကင်မ်ရေ .. ဒီတစ်ညတော့
ငါအိပ်နိုင်တော့မယ်မထင်ဘူး ... အရမ်းပျော်လို့ ။
( ၁၀ )
သူ ဧည့်ခန်းမှာထိုင်ရင်း ကင့်မ်ကို ရင်ခုန်စွာစောင့်နေမိသည် ။
ကင်မ်ထွက်လာတော့ လက်မှာ ဖုန်းလေးကိုဆုပ်ကိုင်ထားသည်။ ကင့်မ်မျက်လုံးတွေက
သည်းသည်းထန်ထန်ငိုထားသဖြင့် နီရဲမို့အစ်နေလေသည်။ သူစိုးရိမ်နေတာကိုသိသော
ကင်မ်က နားလည်စွာပြုံးလိုက်ရင်း သူ့ဘေးမှာဝင်ထိုင်လိုက်ပြီး
သူ့လက်တွေကိုအသာဆုပ်ကိုင်လာသည် ။
" ဒီနေ့ နင်သိချင်တာအားလုံး ငါပြောပြမယ် .. နားထောင်မယ်မလား "
ကင်မ်ရယ် ... ။ သူ ကင့်မ်ကို မြတ်နိုးစွာငေးမောရင်း ခေါင်းကိုခပ်ဖြည်းဖြည်းခါယမ်းပြလိုက်သည်။
" မလိုတော့ဘူးကင်မ် ။ နင့်ဖုန်းကိုဖွင့်ကြည့်မိတဲ့နေ့ကတည်းက
ငါအားလုံးသိပြီးသားပါ ။ နင်ကိုယ်တိုင်ဖွင့်ပြောလာမယ့် တစ်နေ့ကိုပဲ
ငါစောင့်နေခဲ့တာ "
ကင့်မ်မျက်နှာမှာ အံသြမှုတွေနဲ့ ပြည့်နှက်သွားပြီး မျက်ရည်တွေ စီးကျလာသည်။
" ဒါနဲ့များတောင်မှ ဘာမှမဖြစ်သလိုနေနိုင်ခဲ့တယ်နော် .. နင်ငါ့ကိုစိတ်မဆိုးဘူးလားဟင် "
သည်ကိစ္စက ကင်မ်ပြောသလိုတော့ သူ့အတွက် ဘာမှမဖြစ်ခဲ့တာမဟုတ်ပါ။ ချစ်သူအနား
နေချင်ရုံသက်သက်နှင့် ဒုက္ခခံပြီးနေခဲ့ရတဲ့နေ့တွေ။ သူ့ဘက်ကမှန်ပေမဲ့
အလျှော့ပေးခဲ့ရတာတွေ။ အဖြေမရှိတဲ့မေးခွန်းတွေကို နာနာကျင်ကျင်နဲ့
အကြာကြီးမျိုသိပ်ထားခဲ့ရတာတွေလေ။
" ဘာမှမဖြစ်ဘူးတော့ဘယ်ဟုတ်ပါ့မလဲ ကင်မ် ။ အဲ့ဒီအချိန်မှာသာငါပေါက်ကွဲခဲ့ရင် နင်ငါ့ကိုချန်ထားခဲ့မှာကိုသိနေလို့ "
ကင်မ်က သူ့ရင်ခွင်ထဲသို့ခေါင်းတိုးဝင်ရင်း ငိုလေသည်။သူ ကင့်မ်ဆံနွယ်လေးတွေကို ဖွဖွလေးသပ်ပေးနေမိသည်။
" ဒါတွေက မိသားစုနဲ့ခွဲနေရတဲ့လူတွေမှာ ဖြစ်တတ်ကြပါတယ်။
တစ်ယောက်တည်းနေရတဲ့အခါ အားကိုးရတဲ့လူကို သံယောဇဉ်ဖြစ်ကြတာပဲ။
ဒီထက်မပိုအောင်တော့ ကိုယ်တိုင်ကပဲထိန်းရမှာ "
ကင်မ်ကခေါင်းညိမ့်ရင်း ဖုန်းလေးကိုသူ့လက်ထဲသို့ ထည့်ပေးသည်။
" နင်ပြန်သိမ်းထားလိုက်ပါ။ နင့်ရင်ထဲမှာရှင်းသွားမှတော့ ဒီဖုန်းကိုဖွင့်ကြည့်ဖို့လဲမလိုတော့ဘူးလေ။ ပြီးတော့ ငါ နင့်ကို ယုံတယ် "
ထို့နောက်တော့ကင်မ်ကမျက်ရည်တွေသုတ်လိုက်ပြီး သူ့တစ်ယောက်တည်းအတွက် အလှပဆုံးပြုံးပြခဲ့ပါသည် ။
( ၁၁ )
အစိမ်းကြွေကြွေခဲ့ရတဲ့
တစ်ညနေကြောင့်
အရောက်နောက်ကျခဲ့တာ ...။
စောင့်နေပါ ...
နင့်ယုံကြည်ခြင်းတံခါးကိုတွန်းဖွင့်ဖို့
အရာရာကိုဖြတ်သန်းလာခဲ့ပြီ ... ။
( ကင်မ် )

ကောင်မလေး 13

Posted by kaungmalay13 on July 25, 2010 at 1:12am


ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>