2 3 4 5 6 7 8 9 10

Sunday, October 16, 2011

အကောင်းဆုံးအမွေ







သူများတွေရေးထားတဲ့စာတွေကိုသာ ဖတ်ချင်တတ်ပြီး ကိုယ်တိုင် ရေးရမယ်ဆိုရင်တော့ အလွန် ၀န်လေးတတ်သူ တစ်ယောက်ပါ။ ဒါပေမယ့် ဒီနေ့မှာ မိဘ တစ်ဦးနေရာ ကို ရောက်လာမယ့် ကျွန်မ - ဘ၀တူမိဘတွေကို အသိပေးချင်တာရယ် ၊ သားငယ်သမီးငယ်လေးတွေကို ကျွန်မလို မေတ္တာငတ်တဲ့ခံစားချက်မျိုး ငယ်စဉ်ဘ၀မှာ မရစေချင်တာရယ်ကြောင့် ဒေါက်တာမတင်ဝင်း ရဲ့ စကားနှင်းပွင့်များစာအုပ် လေးထဲက အကောင်းဆုံးအမွေ ဆိုတဲ့ စာတစ်ပုဒ်ကို ပြန်လည်ဝေမျှလိုက်ပါတယ်။

 




အကောင်းဆုံးအမွေအဖြစ် ကိုယ့်ကလေးတွေကို မိဘတစ်ဦးက ပေးနိုင်တာကတော့ နေ့တိုင်း - သူ့အချိန်ထဲက မိနစ်အနည်းငယ်ပဲ ဖြစ်ပါတယ်တဲ့။

ဒီစကားဟာ အရင့်အရင်ခေတ်က မိဘများကိုပြောတာထက် ဒီနေ့ခေတ် - မပြည့်စုံတဲ့သူလည်း မပြည့်စုံတဲ့ အလျောက် ၊ ပြည့်စုံတဲ့သူလည်း ပြည့်စုံတဲ့အလျောက် အိမ်မှာနေတဲ့အချိန်နည်းပါးလာတဲ့ မိဘများကို သတိပေးတဲ့စကား ဖြစ်နိုင်ပါတယ်။



အိမ်မှာနေရတဲ့အချိန်နည်းလာတာဟာလည်း သားသမီးတွေအတွက် စီးပွါးရှာနေတာပါပဲ။ သူတို့ ကောင်းကောင်း စာသင်နိုင်အောင် ၊ ကောင်းကောင်းဝတ်စားနိုင်အောင် မိဘတွေက ကြိုးစားနေတာပဲ သူတို့နားလည် ရမှပေါ့လို့ လူကြီးတွက်နည်းနဲ့ တွက်ဆလို့တော့မရနိုင်ပါဘူး။ ကလေးတွေးတွေလို ကိုယ်တို့တတွေလည်း ငယ်စဉ်က တွေးခဲ့ဖူးကြတယ်ဆိုတာကို ပြန်ပြီးသတိရလိုက်စေချင်ပါတယ်။ ကလေးဆိုတာ မိဘနဲ့အတူ ရှိနေတဲ့အချိန်မှာ စိတ်လုံခြုံမှု အပြည့်အ၀ ရနိုင် ပါတယ်။ စိတ်အေးချမ်းသာရှိနိုင်ပါတယ်။


အမေအဖေဆိုတာ သားသမီးကို အသက်ပေးတဲ့သူတွေဖြစ်ပါတယ်။ ဘ၀ပေးတဲ့သူတွေဖြစ်ပါတယ်။ အဲ့ဒီအချက်ဟာ ဆိုရိုးစကားတစ်ခုအနေနဲ့သာမကဘဲ တကယ့်အမှန်တရားအဖြစ် သားသမီးတွေက မြင်သွားဖို့ လိုအပ်ပါတယ်။ သားသမီးမှာ မိဘနဲ့ပတ်သက်လို့ နက်ရှိုင်းသလောက် သိမ်မွေ့တဲ့ စွဲမြဲတဲ့ အမှတ်တရကလေးတွေ ရှိဖို့သင့်ပါတယ်။


အမှန်တရားပဲ ထူးပြီးပြောနေ ၊ ပြနေရဦးမှာလား ။ ကိုယ့်မှာတော့ သားသမီးကို ဈေးကြီးကြီးပေးရတဲ့ အလွတ်ပညာသင်ကျောင်းမှာထားနိုင်အောင်ကြိုးစားလိုက်ရတာ သူတို့အတွက် အချိန်မပေးနိုင်ဘူးပေါ့ဆင်ခြေပေးမယ် ဆိုရင်လည်း ပေးလို့ရပါတယ်။ ခုလို ဘာမဆို အမြန်အမြန်လုပ်နေရတဲ့ခေတ်ကြီးမှာ အချိန်ဟာအရှားဆုံးအရာဖြစ်တယ် ဆိုတာလက်ခံကြရမှာဖြစ်ပါတယ်။


ဒါပေမယ့် ဘယ်လောက်ကောင်းတဲ့ကျောင်းမှာပဲနေနေ အပြန်မှာ သူရခဲ့တဲ့အမှတ်ကိုပြဖို့ မေမေ ၊ ကဗျာတွေ စာတွေဆိုပြဖို့အတွက် ဖေဖေ ဆိုတာတွေ ရှိမနေခဲ့ရင် အဓိပါယ်က တော်တော်မဲ့သွားမှာပါပဲ။ ဒါဟာ သားသမီးရော မိဘရောအတွက် နစ်နာကြရတာပါပဲ။ ဒါကြောင့် အချိန်ကို တတ်နိုင်သမျှရအောင်ရှာပြီး ကလေးများနဲ့ အတူတူနေပေးတာ ၊ ကလေးတွေပြောချင်တဲ့စကားလေးတွေကို နားထောင်ပေးတာ။ သားသမီးများ နားအထောင်ချင် ဆုံးဖြစ်တဲ့ ပုံကလေးတွေပြောပြတာ စတဲ့အလုပ်များကို ဖေဖေရောမေမေပါ သတိထားပြီးလုပ်စေချင်ပါတယ်။


သားသမီးများနဲ့ မိဘကြားမှာ တစ်ဦးနဲ့ တစ်ဦး နာကျင်တာ ကြေကွဲတာ မခံမရပ်နိုင်ဖြစ်တာဆိုတဲ့ ဆိုးရွားတဲ့အတွေ့အကြုံတွေကို ပြန်ပြောဖို့ရော ၊ တစ်ဦးထံကတစ်ဦးက နှစ်သိမ့်ရာကိုရှာနိုင်ကြဖို့ရော အရေးကြီး ပါတယ်။ ထို့အတူ အောင်မြင်တာ အချီးမြောက်ခံရတာ တစ်ခုခုကိုဆွတ်ခူးနိုင်တာ စတဲ့ ၀မ်းမြောက်ဖွယ်အတွေ့အကြုံ လေးများကို အတူတူမျှဝေခံစားကြဖို့လည်း အရေးကြီးပါတယ်။

သားသမီးကိုမိဘကချစ်တယ်ဆိုတာ သံသယမရှိအပ်ပါဘူး။ ဒါပေမယ့် အဲ့ဒီအချက်ကို ငယ်ငယ်လေး တည်းက သူ့အဆစ်အပိုင်းနဲ့သူ ပြသနိုင်တဲ့မိသားစုဟာ ကျစ်လစ် အောင်မြင်တဲ့မိသားစု ဖြစ်လာပါလိမ့်မယ်။အဖေ အမေတို့မှာ ပိုက်ဆံတွေအများကြီးရှိတယ်ဆိုတဲ့အသိထက် အဖေအမေတို့က ငါတို့အတွက် ပြည့်စုံအောင်ရှာဖွေ နေတယ် ၊ စိတ်ရောလူရောပင်ပန်းကြတယ်ဆိုတာ သိနားလည်ကြဖို လိုအပ်ပါတယ်။


အဲ့ဒီလိုမပြသနိုင်ဘဲ ဘာဖြစ်ချင်လဲ ငွေပေးလိုက် ၊ နေမကောင်းဘူးလား ဆေးခန်းသွားပြလိုက် စသည်ဖြင့် အရာရာကို ငွေနဲ့တိုင်းတာတဲ့ အလေ့အကျင့်ဟာ ခဏပန်းတော့အဆင်ပြေကောင်းပြေပါလိမ့်မယ်။ တချို့ ကလေးများကခံစားတတ်တယ်။ မိဘရဲ့အယုအယကိုခံချင်တယ်။ အဓိပယ်မရှိတာတွေလုပ်မနေနဲ့ ၊ သူတို့အတွက် ရှာဖွေရတာလျှာထွက်တော့မယ်။ အားလုံးအဆင်ပြေအောင် လုပ်ပေးနေတဲ့ကြားက သူ့ကိုယုယနေရဦးမတဲ့လားဆိုတဲ့ စကားမျိုးဟာ ကလေးရဲ့စိတ်ကို အလွန်ဒဏ်ရာရစေတဲ့စကားများဖြစ်ပါတယ်။ မတတ်သာရင် သားရေ သမီးရေ အမေတို့ အဖေတို့ မအားသေးလို့ ခုတော့ ဆေးခန်းသွားထားလိုက်။ ပြန်လာမယ် ၊ ပြန်လာမယ် သားသမီးတို့နဲ့ အတူနေပေးမယ်ဆိုပြီး အချိန်ကိုရအောင်ရှာကာနေပေးလိုက်ရင် နဖူးစမ်းလိုက် ခေါင်းစမ်းလိုက် လုပ်ပေးလိုက်ရင် အထူးကုဆရာဝန်ကပေးတဲ့ဆေးထက် ပိုပြီးစွမ်းသွားနိုင်ပါတယ်။


ကလေးတွေက အဖေတို့ အမေတို့က ငါတို့ကို သိပ်ချစ်သိပ်အလိုလိုက်တာပဲဆိုတဲ့အမြင်ဝင်သွားရင် မဖြစ်လို့ တစ်ခါတစ်လေလောက်မှာ လျစ်လျူရှုသလိုဖြစ်ရင်တောင်မှ ကလေးမှာသိမ်ငယ်စိတ်မ၀င်တော့ပါဘူး။


အဲ့သည်လိုမဟုတ်ဘဲ အရာရာကို ငွေနဲ့ပဲတိုင်းတာပြီး ငွေပေးနိုင်တာဟာ သူတို့အတွက် ငါတို့အပင်ပန်းခံထားလို့ ပေးနိုင်တာပဲ ၊ ငါတို့မိဘများတာဝန်ကျေပွန်ပြီပေါ့လို့ဆိုတဲ့အမြင် မိဘများမမြင်သင့်ပါဘူး။ တချို့ကလေးများဟာ သိပ်ပြီးခံစားတတ်ပါတယ် ၊ မိဘကခံစားတတ်တာကို အကြင်နာအယုအယနဲ့ ပြေပျောက်အောင် လုပ်မပေးဘဲ သိပ်ရူးတာပဲ ။ ဘယ်တော့မှ မရင့်ကျက်တော့ဘူးဆိုပြီး ဒေါသနဲ့မတွေးပါနဲ့။ ဘယ်လိုအရာနဲ့မှ မိဘမေတ္တာကို အစားထိုးလို့ မရပါလားဆိုတဲ့ မိမိတို့ရဲ့တန်ဖိုးကြီးမားတဲ့အဖြစ်ကို သတိရပါ။ မိမိတို့ရဲ့ အချိန်ကိုသားသမီးအတွက်ပေးလိုက်စမ်းပါ။ ချိန်းထားတာလွဲသွားရင် ငွေဘယ်လောက်နစ်နာမှာဆိုတဲ့ ပြန်ရှာလို့ရနိုင်တဲ့ အရာနဲ့ သားသမီးတို့ရဲ့ ပျော်ရွှင်မှုကို လဲမယူလိုက်ကြပါနဲ့။


အမေအဖေတို့မလာလည်းဖြစ်တယ် ၊ ငွေရရင်ပြီးတာပဲ ၊ ငွေကိုသာများများပေး ၊ ဒါမှ မိဘ၀တ္တရား ကျေမှာပေါ့လို့များ သားသမီးတို့က ပြောခဲ့ရင် မိဘတွေ သိပ်စိတ်ဆင်းရဲရမှာပါ။ ဒါကြောင့် မိဘကိုတွယ်တွယ်တာတာ နဲ့ အတူနေချင်တဲ့သားသမီးများကို ဘယ်လောက်ဂရုစိုက် ၊ ဘယ်လောက်ဖြစ်ထွန်းစေချင်ကြောင်း ပြနိုင်အောင် အချိန်ကိုဖယ်နိုင်သလောက်ဖယ် ၊ ပေးနိုင်သလောက်ပေးလိုက်ကြစေချင်ပါတယ်။ တနေ့ကျ အဝေးကိုပျံသွားတဲ့အချိန် မှာလည်း မိဘမေတ္တာကို သူတို့ရတယ် ၊ ပိုင်တယ်ဆိုတဲ့အသိနဲ့ စိတ်လုံခြုံမှုကောင်းကောင်းရတဲ့ ကလေးများဖြစ်အောင် လုပ်ပေးသင့်ပါတယ်။ ဒါမှ ကိုယ်တွေလည်း စိတ်ဖြောင့်လက်ဖြောင့်ရှိနိုင်မှာပါ။


မိဘအားလုံး မိမိတို့ရဲ့ သားသမီးများကို အကောင်းဆုံးအမွေ ပေးနိုင်စေဖို့ ဆန္ဒပြုရင်း - တင်ပြမှုတွင် အမှားအယွင်းရှိခဲ့ပါက ပြန်လည် ရေးသားတင်ပြသူ ကျွန်မ၏ အမှားသာဖြစ်ကြောင်း ပြောကြားရင်းဖြင့်


ခင်မင်စွာဖြင့်


ကေခိုင်သန့်

Posted by K Kay on February 24, 2010 at 6:00pm 

 


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>