ကတိသစ္စာ
ဟူသည် လူလောကတွင် အလွန်အရေးကြီးသောစောင့်ထိန်းအပ်ဖွယ်ရာ မဓာနအကျဆုံး
ကျင့်ဝတ်တစ်ခုဖြစ်ပါတယ်။ ကတိသစ္စာတည်းဟုသော ကျင့်ဝတ်ကြီးကို
လိုက်နာကျင့်သုံးသူသည် အောင်မြင့်မှုရလာဒ်များနှင့်တကွ ကိုယ်စိတ်နှစ်ပါး
ရွှင်လန်းချမ်းမြေ့စေပါတယ်။ ကတိသစ္စာတည်သောသူသည် ရောဂါဝေဒနာကင်းပြီးအသက်ရှည်စေတယ်ဟု ပြောဆိုခဲ့ကြသည်။
ကတိသစ္စာတည်သောသူမှ တိုက်ကြွေးသောဆေးဖက်ဝင်နွယ်မြက်တို့သည်ထက်မြက်စူးရှလှသည်၊ တိုက်သမျှဆေးဝါးတို့သည် နတ်ဆေးကဲ့သို့ အစွမ်းထက်လှသည်ဟု ရှင်မဟာသီလ၀ံသ သည် ကတိသစ္စာတည်သောအခါဝယ် ကဗျာကို သီကုံးခဲ့လေသည်။
ပေါ်ဆီတက်၊နွယ်မြင်သစ်ပင်
ဆေးဖက်ဝင်၏။ (ရှင်မဟာသီလ၀ံသ ဆုတောင်းခန်းပျို့)
- မှန်ကန်ခြင်း (မချွှတ်မယွင်းခြင်း)
- မဖောက်ပြန်ခြင်း
- မပြောင်းလဲခြင်း
- ခိုင်မြဲခြင်း
- ဖြောင်မတ်ခြင်း
မဖောက်ပြန်ခြင်းဆိုသည်မှာ မပြောင်းလဲသည့်သဘောထားပင်ဖြစ်၏။ မပြောင်းလဲသောသဘောဆိုသည်မှာ ခိုင်မြဲသောအသိဥာဏ်ကိုခေါ်ဆိုခြင်းဖြစ် ပေသည်။
လယ်တီပဏ္ဍီတဆရာဦမောင်ကြီးသည် ပါဠိမြန်မာဘိဓာန်တွင် သစ္စာအနက်ကိုဖွင့်ဆိုထားရာ.........
မှန်ကန်သောစကား (အမှန်အတိုင်း ပြောဆိုခြင်း ) ကိုပါဠိလို ၀စီသစ္စာ ဟုခေါ်ဆိုပေသည်။
ဝစီသစ္စာကို ၃မျိုးခွဲခြားပြထားလေသည်။
- က္ကစ္ဆပူရဏသစ္စာ
- မုသ၀ိရမဏသစ္စာ တို့ဖြစ်ပေသည်။
- သဒ္ဒဟာပနသစ္စာ - မိမိစကားကို သူတစ်ပါးယုံကြည်လာစေရန် အမှန်အတိုင်းပြောဆိုခြင်း ၊ ရဲရဲဝံ၀ံကျိန်ဆိုပြောဆိုခြင်းဖြစ်သည်။
ကျောက်စာများတွင်တွေ့ရသော -
- ငါ့ကောင်းမှု ဖျက်သူကား
အမျိုးခုနှစ်ဆက်
ညက်ညက်ပြုန်းတီး
ပျက်စီးစေသော် - ( ၅၃၇ ခုနှစ်ထိုး ပုဂံနားဥောင်းတင်ကျောက်စာ )
- က္ကစ္ဆပူရဏသစ္စာ- မိမိအလိုရှိသောအရာကိုပြည်စုံစေရန် အမှန်အတိုင်းပြောဆို၊တောင့်တခြင်းပင်ဖြစ်ပါသည်။
သုဝဏ္ဏသာမဓာတ်တော်တွင် မြားမှန်ပြီးမြားဆိပ်တက်၊ သတိမရဘဲတွေဝေမိန်းမောနေချိန်တွင် ၊မယ်တော်ခမည်းတော်များမှ
သားတော်သာမသည် တရားကျင့်သူ၊မြင့်မြတ်သောအကျင့်ကိုကျင့်သူ၊မှန်ကန်သောစကားကိုပြောဆိုသူ၊မိဘကိုလုပ်ကျွေးသူ၊ အမျိုးတွင်ကြီးသောသူတို့အား ရိုသေတတ်သူ ဖြစ်ပါ၏၊ သာမကိုမိမိအသက်ထက်ပိုပြီးချစ်မြတ်နိုးပါသည်။ ထိုစကားမှန်ကန်ပါက သာမ၏အဆိပ်သည်လျောကျပါစေဟု သစ္စာပြုလေသည်။
သစ္စာစကားမှန်ကန်သောကြောင့် အဆိပ်များလျှောကျသွားသေသည်။
- သစ္စာတန်ခိုးကြောင့် အဆိပ်တို့သည် သုဝဏ္ဏလျှံ ကိုယ်မှ လျှောကျသွားကုန်၏။
- သစ္စာတန်ခိုးကြောင့် ငုံမင်းသည်မီးကွင်းသွား၏။ (၀ဋသုတ်တော် )
- သစ္စာတန်ခိုးကြောင့် မိုးခေါင်နေခြင်းမှ မိုးများရွာချစေ၏ (ငါးရံမင်းပရိတ်တော် )
ကတိတစ်လုံးမပေးခင်အကြိမ်ကြိမ်စဉ်းစားပြီး ၊ပေးပြီးတဲ့အခါထိုကတိကို မိမိကိုယ်ကိုအထိပါးခံပြီး စောင့်ထိန်းလေ့ရှိသည်ကို ရှေးစာပေများတွင်တော်တော်များများဖတ်ခဲ့ရလေသည်။ ရှေးတုန်းကလူတွေဆိုရင်.........
- ရုပ်အဆင်းတွေကြည်ကြည်လင်လင်ရှိကြတယ်။
- နွယ်မြက်သစ်ပင်တွေ ဆေးဖက်ဝင်ကြတယ်။
- အနာရောဂါတွေ ထူးထူးဆန်းဆန်းမဖြစ်ကြဘူး။
- မတော်လောဘ၊မတော်ဒေါသတွေနည်းကြတယ်။
- စိတ်နှလုံးအေးချမ်းခွင့်ရကြတယ်။
- ပြသနာအရူပ်အရှင်းနည်းပြီး၊ လုပ်စားကိုင်စားရတဲ့နေရာမှာအခက်အခဲနည်းကြတယ်။
- မိုးလေ၀သမှန်ပြီး၊ သီးနှံဆန်စပါး ဖြစ်ထွန်းကြတယ်။
- ရှိတဲ့သူက မရှိတဲ့သူကို ယုံယုံကြည်ကြည်နဲ့ကူညီလို့ ၊ယုံကြည်မှုနဲ့အကူအညီခံရတဲ့သူကလဲ၊ ကူညီသူအပေါ်ကျေးဇူးတုံပြန်တယ်။
- ဒီလိုနည်းနဲ့ရှေးလူတွေကြားမှာ မုန်းတီးမှု အထူးနည်းပါးပြီး၊မဂ်လာရှိတဲ့ဆက်ဆံရေးတွေထွန်းကားခဲ့တယ်။
ဒီအကျိုးကျေးဇူးတွေကတော့ သစ္စာတရားကိုလက်ကိုထားပြီး တစ်ဦးနှင့်တစ်ဦး အလေးထားဆက်ဆံကြတဲ့အကျိုးကျေးဇူးတွေပါ။
တစ်ဦနှင့်တစ်ဦး လျှင်ရင်လျှင်သလို အမြတ်ထုတ် ခေါင်းပုံဖြတ်နေကြတာများလှပါတယ်။
သစ္စာတရားကိုတန်ဖိုးထားရမှန်းလည်းမသိတော့သလိုပါပဲ။
ဘာပဲဖြစ်ဖြစ် ကျွန်မတို့ကျင်လည်ရာပတ်ဝန်းကျင် အတိုင်းအတာတစ်ခုအတွင်းမှာတော့ မိမိဟာ သစ္စာတရား ကိုတန်ဖိုးထားတဲ့သူတစ်ယောက် ဖြစ်အောင်ကျိုးစားသင့်ပါတယ်။ သူတစ်ပါးမိုးခါးရေသောက်တိုင်းသောက်ရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးဘယ်သောအခါမှ မမွေးကြပါနဲ့။ မိမိယုံကြည်ရာအတိုင်း မှန်ကန်စွာလျောက်လှမ်းကြရမှာပါ။
သူငယ်ချင်းတို့အားလုံး ကိုတိုက်တွန်းချင်ပါတယ်။
ရှေးတုန်းက လူကြီးတွေဟာ တစ်ဦးနှင့်တစ်ဦးသစ္စာရှိကြတာတွေ့တော့ ကျွန်မတို့အတုယူသင့်ပါတယ်။ သစ္စာတရားရဲ့အကျိုးအမြတ်တွေဟာ ပြောမကုန်လှပါဘူး။ ဒါကြောင့် သစ္စာတရား ကို တန်ဖိုးထား၊မြတ်နိုးတတ်ကြပါစေ။ ရှင်သန်ရာအချိန်လေးအတွင်းမှာ တစ်ဦးကိုတစ်ဦး အလေးအနက်ထား ဆက်ဆံနိုင်ပါစေ။
ဆိုခဲစေမြဲစေဆိုတဲ့အတိုင်း ကတိတစ်လုံး ခိုင်မြဲပါစေ။ ဘယ်သူတရားပျက်ပျက်မိမိတရားမပျက်ပါစေနှင့်။
ကျွန်မဖတ်ခဲ့ဖူးသောစာများမှ ကျွန်မ၏အတွေးဖြင့်ပြန်လည်ရေးသားခြင်းဖြစ်ပါတယ်။
ခင်စိုးထွဋ်
Posted by khin soe htut on February 28, 2010 at 9:30am
ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။
No comments:
Post a Comment