အချွန်အတက်တွေနဲ့ ကျောက်ခဲတစ်လုံး
လိမ့်ရတဲ့ အောက်ခံမြေက မာတော့
အချွန်အတက်တွေလည်း ကျိုးခဲ့ပြီ ။
လေကတိုက်စားလို့
အခွံအထပ်ထပ်လည်း ပါးခဲ့ပြီ ။
မလိုအပ်တဲ့ အစိတ်အပိုင်းတွေ
မြေနဲ့လေကို ရောင်းလိုက်တယ် ။
လိုအပ်တဲ့ အစိတ်အပိုင်းကိုတော့
ကျွန်တော်သိမ်းထားလိုက်တယ် ။
ဒီလိုနဲ့ ......................
ကျွန်တော် တဖြည်းဖြည်း ကမ္ထာဆန်လာတယ် ။
ပူလောင်နေပါသလား ။
လက်ဖ၀ါးနဲ့ ဆုပ်ကိုင်ထားပါ ။
သင့်ရဲ့ ကိုယ်ထဲကအပူတစ်ချို့ကို
ကျွန်တော့်ကိုယ်ထဲ စီးဝင်စေပါ့မယ် ။
တစ်ကိုယ်လုံး အေးမြအောင်
မတတ်နိုင်ပေမဲ့ ထိစပ်နေတဲ့နေရာမှာတော့
ကျွန်တော့်ကိုယ်ထဲက အအေးဓါတ်တွေနဲ့
အပူတွေကို နိုင်သလောက်မောင်းထုတ်ပေးပါ့ မယ် ။
ချမ်းအေးနေပါသလား ။
ကောက်ရိုးနဲ့ထင်းခြောက်တွေကို ရှာလာခဲ့ပါ ။
မျက်နှာပြင်ပေါ်မှာ လူမမြင်အောင်
ဝှက်ထားတဲ့ မီးတောက်တွေရှိတယ် ။
ပွတ်တိုက်မှုအားကတော့
သင့်ကြိုးစားမှုအပေါ်မှာ မူတည်ပါတယ် ။
ပူတဲ့အချိန်မှာ အေးမြစေပါ့မယ် ။
ချမ်းအေးချိန်မှာ နွေးထွေးစေပါ့မယ် ။
ဒီလိုနဲ့.................. ................
ကလေးတစ်ယောက် ကျွန်တော့်ကိုကောက်ရသွားတယ် ။
ဂေါ်လီဝယ်ဖို့ မတတ်နိုင်တဲ့ကလေးအတွက်
လုံးဝန်းနေတဲ့ကျွန်တော်က ဂေါ်လီ လုပ်ပေးလိုက်တယ် ။
သူဂေါ်လီရိုက်တယ် ။
ကျွန်တော်နာကျင်တိုင်း
ကလေးငယ်က ပျော်ရွှင်သွားတယ် ။
ဒါပေမဲ့ ကျေနပ်ပါတယ် ။
သင်္ချာဆရာတစ်ယောက်က
ကလေးငယ်ကို စာလာသင်တယ် ။
စာရွက်ပေါ်မှာ တြိဂံတစ်ခုဆွဲပြပြီး
အတွင်းထောင့်၃ခုပေါင်းရင် ဘယ်လောက်ရလဲတဲ့ ။
ကလေးငယ် ခေါင်းကုတ်နေတယ် ။
ဂေါ်လီရိုက်ပျက်သွားပြီ ။
ကျွန်တော်ကလေးငယ်ကို ပြောလိုက်တယ် ။
ခုံးနေတဲ့ ကျွန်တော့်ကိုယ်ပေါ်မှာ
တြိဂံတစ်ခု ဆွဲခိုင်းလိုက်ပါတယ် ။
ပြီးတော့ခုံးနေတဲ့မျက်နှာပြ င်ပေါ်က
တြိဂံရဲ့အတွင်းထောင့်၃ခုပေါ င်းလဒ်နဲ့
ပြင်ညီမျက်နှာပြင်စာရွက်ပေါ် က
တြိဂံရဲ့အတွင်းထောင့်၃ခုပေါ င်းလဒ်မှာ
ဘယ်သူကပိုကြီးပါသလဲ
ပြန်မေးလိုက်ပါလို့ အကြံပေးလိုက်တယ် ။
ကလေးငယ်က ဆရာ့အမေးကိုအမေးနဲ့
ပြန်ဖြေလိုက်တယ် ။
တြိဂံတစ်ခုရဲ့ အတွင်းထောင့်၃ခုပေါင်းလဒ် ၁၈၀ဒီဂရီဆိုတာ
ပြင်ညီမျက်နှာပြင်အတွက်သာ မှန်ကန်တာပါ ။
ပြင်ညီမျက်နှာပြင်မှာပဲတြိဂံဆွဲနေတဲ့သူတွေအတွက်လည်း
၁၈၀ဒီဂရီ ဆိုတဲ့အဖြေက အသားကျနေခဲ့တယ် ။
ဂေါ်လီပေါ်က တြိဂံကို ကြည့်ပြီးတော့
ဆရာလည်း ကလေးငယ်ရဲ့ခေါင်းကိုပွတ်ပြီး
ပြုံးလျက်ထွက်ခွာသွားတယ် ။
ကလေးငယ်လည်း ဂေါ်လီဆက်ရိုက်လို့ရသွားတယ် ။
ဂေါ်လီရိုက်ပြီးသွားတော့
ကလေးငယ်လဲ ကျွန်တော့်ကို မေ့သွားတယ် ။
မြေမှာကျနေတဲ့ ကျွန်တော့်ကို
လူတစ်ယောက်က ဘယ်လက်နဲ့ကောက်ယူသွားတယ် ။
ကျွန်တော်ပါသွားပြန်ပြီ ။
ဘာလုပ်မလဲ စောင်ကြည့်နေတာ
ညာလက်က လျှာနှစ်ခွနဲ့လေးခွ
ပြုံးပြမှပဲ ကျွန်တော်သိရတော့တယ် ။
ကျွန်တော်လောက်စာလုံး ဘ၀ရောက်ခဲ့ရပြန်တယ် ။
သွေးဆာနေတဲ့လူ
လျှာနှစ်ခွနဲ့လေးခွ
ပျော့ပျောင်းသလောက် အဝေးရောက်အောင်ပစ်နိုင်တဲ့ သားရေကြိုး
ကျွန်တော် အထိတ်တလန့် ကြည့်မိတယ် ။
ဦးတည်ချက်က
ကိုင်းဖျားမှာ နားနေတဲ့ငှက် ။
ငှက်ကလေးရယ် မင်းပျံပါတော့
ပစ်တဲ့သူကို မင်းမမြင်ခဲ့ရင်
ငါတရားခံ ဖြစ်တော့မယ် ။
အတောင်နဲ့ငှက်က မပျံဘူး ။
အတောင်မပါတဲ့ ကျွန်တော်က
လေထဲကို ပျံလာပြီ ။
လေထဲမှာလည်း ဆုတောင်းသံတွေညံလို့ပေါ့ ။
ဆုတောင်းပြည့်သွားတယ် ။
ငှက်ကလေးနားနေတဲ့ ကိုင်းဖျားက
ထအော်တယ် ။
ငှက်ကလည်း မထိမှပဲထပျံတယ် ။
ကျွန်တော့်ကိုတောင် ကျိန်ဆဲသွားသေးရဲ့ ။
အဝေးက ပစ်တဲ့သူကိုမှ မမြင်ရတာ
အနားရောက်လာတဲ့ ကျွန်တော့်ကိုပဲ သူမြင်သွားတာကိုး ။
ဒီလိုနဲ့ .......................... ....
ကျွန်တော်ပြုတ်ကျသွားတယ် ။
ခွေးဟောင်သံကြားတော့ ကြည့်မိတယ် ။
ကလေးတစ်ယောက်
မာန်ဖီနေတဲ့ခွေးတစ်ကောင်
ကြောက်တဲ့ကလေးကိုမှ ခွေးကလဲဖြဲခြောက်နေတယ် ။
ကိုက်လိုက်ရင် ဒုက္ခ
လူတစ်ယောက်က ကျွန်တော့်ကိုတွေ့သွားတယ် ။
ပစ်လိုက်ပြီ ခွေးဆီကို
ဒီတစ်ခါတော့ ကျွန်တော်ဆုတောင်းတယ်
ထိပါစေလို့ ။
ဆုတောင်းပြည့်သွားပြန်တယ် ။
ဂိန်ကနဲမြည်သံနဲ့အတူ ခွေးထွက်ပြေးသွားတယ် ။
ကြောက်ရွံ့မှုကြောင့်
ကလေးငယ်ရဲ့ ကျယ်လောင်နေတဲ့ရင်ခုန်သံကို
ကျွန်တော်ကြားနေရတယ် ။
သူကျွန်တော့်ကို ကျေးဇူးတင်တဲ့အကြည့်နဲ့ကြည့် တယ် ။
ပြီးတော့.................. ...................
သူနဲ့အတူ ခေါ်ဆောင်သွားတယ် ။
အိမ်ရောက်တော့ ကျွန်တော့်ကို
မှန်ငါးကန်လေးထဲထည့်လိုက်တယ် ။
အေးချမ်းလိုက်တာ
ကြည်လင်နေတဲ့ရေ
ကူးခတ်နေတဲ့ငါး
ငြိမ်သက်နေတဲ့ကျွန်တော်
ဖြာဆင်းနေတဲ့ နေရောင်ခြည်
ကြည်နူးနေတဲ့ ကလေးငယ်ရဲ့ မျက်ဝန်းတစ်စုံ ။
ကလေးငယ် အစာကျွေးတော့
ငါးကလေးတွေ အလုအယက်စားကြတယ် ။
နောက်တော့ ကလေးငယ် ခရီးထွက်သွားတယ် ။
ငါးကလေးတွေကို အစာကျွေးမယ့်သူ မရှိတော့ဘူးပေါ့ ။
နေရောင်ခြည်နဲ့ ကျွန်တော်တိုင်ပင်ပြီး
ကိုယ်ပေါ်မှာ ရေညှိတွေကို ဖန်ဆင်းလိုက်တယ် ။
ငါးကလေးတွေရယ်
အစာဝအောင် ငါတတ်နိုင်မှာမဟုတ်ဘူး ။
အစာပြေအောင်တော့ အတတ်နိုင်ဆုံး ဖန်တီးပေးပါ့မယ် ။
ကျွန်တော်နဲ့နေရောင်ခြည် နှစ်ယောက်ပေါင်းပြီး
ဆာလောင်မှုတွေကို လိုက်သတ်နေကြတယ် ။
ကလေးငယ် ပြန်ရောက်လာမယ့် အချိန်ထိပေါ့ ။
တိတ်ဆိတ်တဲ့ညမှာ
လူတွေကအိပ်ပျော်နေတယ် ။
အိပ်မရတဲ့ကျွန်တော်က
ငါးကလေးတွေရဲ့ ညတေးသံကိုနားထောင်ပြီး
ကိုယ့်ကိုယ်ကိုဘာသာပြန်နေမိ တယ် ။
ကျွန်တော် မြေနဲ့ မိတ်ဖွဲ့ခဲ့တယ် ။
ရေနဲ့လဲ အကျွမ်းဝင်ခဲ့ပြီ ။
လေပေါ်မှာလဲ လမ်းလျှောက်ခဲ့ဘူးတယ် ။
မီးတောက်တွေလဲ ဖန်ဆင်းပြခဲ့တယ် ။
မြေ ... ရေ ... လေ ... မီး
ဓါတ်ကြီးလေးပါးနဲ့ တည်နေတဲ့လောက
ကျွန်တော် သူတို့ကို မှီနေခဲ့တယ် ။
ပြီးတော့ .......................... ..
သူတို့လဲ ကျွန်တော့်ကို ပြန်မှီနေကြတယ်လေ ။
ရှေ့ဆက်ပြီး ဘယ်ကိုဆက်လိမ့်ရဦးမလဲ
ကျွန်တော်လဲ မသိပါဘူး ။
ခုလောလောဆယ်တော့
ပစ္စုပ္ပန်ငါးကန်လေးထဲမှာ
နေရောင်ခြည်ရဲ့ နွေးထွေးတဲ့သီချင်းသံနဲ့
ကျွန်တော်ရှင်သန်နေတယ် ။
တစ်ခါတစ်လေ အတွေးတွေနဲ့
ကျွန်တော်အိပ်ပျော်နေတယ် ။
အိပ်မက်ထဲမှာ စကားလုံးတွေနဲ့
စီးချင်း ထိုးတယ် ။
ကျွန်တော်နိုင်ရင် ကဗျာတွေက
လက်ခုပ်တီးကြတယ် ။
ကိုယ်ပေါ်မှာ ရေညှိတွေ အထပ်ထပ်
ငါးကလေးတွေကလဲ ကူးခတ်လျက် ။ ။
( သန်းထွန်းလင်း )
Posted by သန်းထွန်းလင်း on July 19, 2010 at 6:00am
ကမ
္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား
မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍
အလွယ်တကူ Share လုပ်နိုင်ပါသည်။
No comments:
Post a Comment