ဆရာတော်
အရှင်ဆန္ဒာဓိကစာအုပ်တွေ ဖတ်ဖြစ်တာတော့ ကြာပါပြီ။ အခုမှ ပြန်ဖတ်မိပြီး
သူငယ်ချင်းတွေကိုလည်း ပြန်လည် မျှဝေချင်တဲ့ဆန္ဒကြောင့် အလုပ်အားတဲ့အချိန်မှာ
ပြန်လည်ရိုက်ပြီး တင်ပေးလိုက်ပါတယ်။ ဖတ်ပြီးသားသူငယ်ချင်းတွေ အတွက်ရော
မဖတ်ရသေးတဲ့ သူငယ်ချင်းတွေအတွက်ပါ ဖော်ပြလိုက်ပါတယ်။
********************************************************
၈.၈.၉၈
ရက်နေ့ထုတ် ပေါ်ပြူလာဂျာနယ်ထဲက ဆောင်းပါးတစ်ပုဒ်မှာ ဆောင်းပါးရှင်က
`ရောဂါပျောက်ချင်လို့ တရားအားထုတ် တာဟာ တရားကို ခုတုံးလုပ်
အသုံးချတာဖြစ်ကြောင်း၊ ရိပ်သာတွေမှာ ရောဂါပျောက်ချင်ရင် တရားအားထုတ်ပါလို့
မှားယွင်းစွာ မြှူဆွယ်နေကြကြောင်း’ ရေးသားထားတာကို ဖတ်ရှုလိုက်ရပါတယ်။
အဲဒီရေးသားချက်ကို
ဖတ်ရှုလိုက်ရတော့ အတိတ်က ဖတ်ခဲ့၊ မှတ်ခဲ့၊ ကြားနာခဲ့ဖူးတဲ့
အကြောင်းအရာလေးတွေဟာ စာရေးသူရဲ့ အတွေးအာရုံထဲကို တစ်ခုပြီးတစ်ခု စီကာစဉ်ကာ
ဝင်ရောက်လာပါတယ်။
ပထမဆုံး ၀င်ရောက်လာတဲ့ အကြောင်းအရာကတော့ နန္ဒမင်းသားတစ်ဖြစ်လဲ အရှင်နန္ဒရဲ့ အကြောင်းပါ။
အရှင်နန္ဒဟာ
သာသနာ့ဘောင်ကို သံသရာလွတ်ဖို့၊ နိဗ္ဗာန်ရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့
ဝင်ရောက်လာသူမဟုတ်ပါဘူး။ ဇနပဒကလျာဏီနဲ့ လက်ထပ်ပွဲဆင်နွှဲတဲ့နေ့မှာ
မြတ်စွာဘုရားက တိုက်တွန်းလို့ မြတ်စွာဘုရားကို ရိုသေညွှတ်ကိုင်းတဲ့စိတ်နဲ့
ဝင်ရောက်လာရသူပါ။
သဒ္ဓါတရားအစစ်အမှန်နဲ့
သင်္ကန်းဝတ်လာသူမဟုတ်တော့ သာသနာ့ဘောင်မှာ မပျော်ပါဘူး။ ဇနပဒကလျာဏီကိုပဲ
တမ်းတမ်းတတ သတိရနေပါတယ်။ သာသနာ့ဘောင်မှာ မပျော်မွေ့ဘဲ
ငြီးငွေ့စိတ်ပျက်နေတဲ့ အရှင်နန္ဒကို မြတ်စွာဘုရားက တာဝတိ
ံသာနတ်ပြည်ခေါ်သွားခဲ့ပါတယ်။ ဇနပဒကလျာဏီထက် အဆပေါင်းများစွာ
မနှိုင်းယှဉ်သာအောင် လှပတဲ့နတ်သမီးတွေ ကို မြင်တွေ့ရတော့ အရှင်နန္ဒဟာ
နတ်သမီးလေးတွေကို လိုချင်တဲ့စိတ် ဖြစ်လာပါတယ်။
နတ်သမီးလေးတွေလိုချင်ရင်
တရားအားထုတ်ပါ။ တရားအားထုတ်ရင် နတ်သမီးလေးတွေ ရရစေ့မယ်လို့ မြတ်စွာဘုရားက
အာမခံတိုက်တွန်းလိုက်တော့ အရှင်နန္ဒလည်း ၀မ်းမြေက်ဝမ်းသာဖြစ်သွားပြီး
နတ်သမီးလိုချင်တဲ့ စိတ်နဲ့ တရားအားထုတ်တော် မူပါတယ်။
နောက်ပိုင်းမှာ တခြားရဟန်းတော်များ ကဲ့ရဲ့ကြတဲ့အတွက် ရည်ရွယ်ချက်ပြောင်းသွားပြီး အားထုတ်လိုက်တာ မကြာခင်မှာပဲ အရှင်နန္ဒ ရဟန္တာ ဖြစ်တော်မူသွားပါတယ်။
နောက်ပိုင်းမှာ တခြားရဟန်းတော်များ ကဲ့ရဲ့ကြတဲ့အတွက် ရည်ရွယ်ချက်ပြောင်းသွားပြီး အားထုတ်လိုက်တာ မကြာခင်မှာပဲ အရှင်နန္ဒ ရဟန္တာ ဖြစ်တော်မူသွားပါတယ်။
အရှင်နန္ဒ
တရားအားထုတ်ခြင်းရဲ့ မူလရည်ရွယ်ချက်က နတ်သမီးရဖို့ပါ။
နိဗ္ဗာန်ရဖို့မဟုတ်ပါဘူး။ နတ်သမီးရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်သာ မရှိရင်
တရားအားထုတ်ဖြစ်မှာ မဟုတ်ပါဘူး အစကတည်းကမှ တရားအားမထုတ်ဖြစ်ရင်
ရည်ရွယ်ချက်လည်း ပြောင်းစရာမရှိ၊ ရဟန္တာလည်း ဖြစ်စရာမရှိပါဘူး။
မူလရည်ရွယ်ချက်က
အဆင့်နိမ့်ပေမယ့် တရားအားထုတ်ရင်းနဲ့ တရားအသိဥာဏ် ရင့်ကျက်သွားရင်
ရည်ရွယ်ချက်လည်း အဆင့်မြင့်သွားနိုင်ပါတယ်။ လမ်းဆုံးရင် ရွာတွေ့စမြဲ
ဖြစ်သလို တရားကို နည်းမှန်လမ်းမှန် အားထုတ်နေရင်လည်း ဘာရည်ရွယ်ချက်နဲ့ပဲ
အားထုတ် အားထုတ် နောက်ဆုံးမှာ တရားရဲ့ အဓိကပန်းတိုင်ကို မလွဲမသွေ
ဆိုက်ရောက်သွားမှာပါပဲ။ တရားအားထုတ်ဖြစ်ဖို့နဲ့ တရားအားထုတ်ပုံ
နည်းလမ်းမှန်ဖို့သာ အရေးကြီးပါတယ်။
ရောဂါပျောက်ချင်ရင်
တရားအားထုတ်ပါ ဆိုတဲ့ တိုက်တွန်းချက်ကို မှားယွင်းတဲ့ မြှူဆွယ်မှုလို့
စွပ်စွဲခဲ့ရင် နတ်သမီးလိုချင်ရင် တရားအားထုတ်ပါလို့ တိုက်တွန်းခဲ့တဲ့ မြတ်စွာဘုရားကိုလည်း အမှားမြှူဆွယ်သမားကြီးလို့ လက်ညှိုးထိုးရှုတ်ချရာရောက်ပါတယ်။
အတွေးအာရုံထဲ ၀င်ရောက်လာတဲ့ နောက်အကြောင်းအရာတစ်ခုက အနာထပိဏ်သူဌေးကြီးရဲ့သား ကာဠအကြောင်းပါ။
အဖေက
သောတာပန်ကျောင်းဒကာကြီးဖြစ်ပေမယ့် သားကာဠကတော့ ဘုရားကျောင်းလည်းမသွား၊
တရားလည်းမနာ သာမန်လူတစ်ယောက်လိုပဲ မေ့မေ့လျော့လျော့ နေနေပါတယ်။
တစ်နေ့တော့
ဘုရားကျောင်းသွားပြီး ဥပုသ်စောင့်၊ တရားနာရင် အသပြာတစ်ရာပေးမယ်လို့
ဖခင်သူသဌေးကြီးက ပြောတဲ့အတွက် အသပြာတစ်ရာ လိုချင်တဲ့ စိတ်နဲ့
ဘုရားကျောင်းသွား၊ ဥပုသ်စောင့်ခဲ့ပါတယ်။ တရားတော့ မနာခဲ့ပါဘူး တော်ရာမှာ
အိပ်ပြီး ပြန်လာခဲ့ပါတယ်။
နောက်တစ်နေ့မှာ
တရားတစ်ပုဒ် မှတ်မိအောင်နာပြီး ပြန်ပြောပြနိုင်ရင်
အသပြာတစ်ထောင်ပေးမယ်လို့ ပြောပြန်တဲ့အတွက် အသပြာတစ်ထောင်
ရလိုစိတ်နဲ့တရားကို သေချာအာရုံစိုက်ပြီး နာပါတယ်။ တရားနာရင်း တရားနာရင်း
တရားအဓိပ္ပာယ်ကို ထိုးထွင် သိမြင်သွားရာက တရားနာရင်း တရားအားထုတ်လိုက်တာ
သောတာပန် တည်သွားခဲ့ပါတယ်။
မူလရည်ရွယ်ချက်က
အသပြာတစ်ထောင်ရဖို့ ၊ ပိုက်ဆံတစ်ထောင်ရဖို့ပါ။ ဒါပေမဲ့ သောတပတ္တိမဂ်ဥာဏ်၊
ဖိုလ်ဥာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားနိုင်ခဲ့ပါတယ်။
မူလရည်ရွယ်ချက်က မမှန်ပေမဲ့ အလုပ်က မှန်နေရင် အလုပ်ရဲ့အကျိုးတရားကို ထိုက်ထိုက်တန်တန် အမှန်အတိုင်း ခံစားရမှာ မလွဲပါဘူး။
ကလေးဘ၀မှာ
မိဘက ပိုက်ဆံပေးမယ် ဆိုလို့ပိုက်ဆံလိုချင်စိတ်နဲ့ ဥပုသ်စောင့်၊
တရားထိုင်ရာက … တဖြည်းဖြည်းနဲ့ ဘာသာရေး အသိဥာဏ် ရင့်ကျက်ပြီး အမှန်အကန်
တရားသမား ဖြစ်လာတဲ့ လူငယ်၊ လူရွယ်၊ လူကြီးတွေ မျက်မှောက်ခေတ်မှာ
မရေမတွက်နိုင်အောင် အများကြီး ရှိပါတယ်။
တချို့နာမည်ကျော်
ဆရာတော်ကြီး၊ ဆရာတော်ငယ်တွေ၊ နာမည်ကျော်လူပုဂ္ဂိုလ်တွေလည်း အထင်အရှား
ရှိပါတယ်။ နာမည်ထုတ်ပြီးရေးရင် ကာယကံရှင်တွေမကြိုက်မှာစိုးလို့ နာမည်တော့
ထုတ်ဖော်မရေးတော့ပါဘူး။
ဆရာတော်ကြီးတစ်ပါးဆို
ဆရာသမား မဖြေစေချင်တဲ့ အဘိဝံသစာမေးပွဲကို ဖြေဆိုအောင်မြင်ပြီးမှ
ဆရာသမားမကြိုက်တာ လုပ်ခဲ့မိတဲ့အတွက် နောင်တရပြီး စိတ်ညစ်လွန်းလို့
စိတ်ညစ်တာပျောက်အောင်ဆိုပြီး ရိပ်သာကြီးတစ်ခုမှ ၀င်ရောက် တရားအားထုတ်ရာက
တရားတွေ့သားပြီး ရည်ရွယ်ချက်တွေ မှန်သွားလိုက်တာ ခုဆိုပြည်တွင်းပြည်ပ
သာသနာပြု ရိပ်သာဆရာတော်ကြီးတစ်ပါး ဖြစ်လို့နေပါပြီ။
နာမည်ကြီးကာစ
ဆရာတော်တစ်ပါးဆိုရင်လည်း လူ့ဘ၀တုန်းက အိပ်မပျော်တဲ့အတွက်
အိပ်ပျော်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရားအားထုတ်ခဲ့ရာက တရားအရသာ
တွေ့သွားပြီး နိဗ္ဗာန်ကိုလည်း လိုချင်ရမှန်းသိလာ၊ ဘာသာမဲ့ဘ၀ကနေလည်း
ဗုဒ္ဓဘာသာဝင် ဖြစ်လာတဲ့အပြင် ဇနီး၊ သမီးတို့ကိုစွန့်ပြီး ရဟန်းဘ၀ကိုပါ
တက်လှမ်းနိုင်ခဲ့ပါတယ်။
ကမ္ဘာကျော်
ဝိပဿနာဆရာကြီး တစ်ယောက်ဆိုရင်လည်း ခေါင်းတစ်ခြမ်းကိုက်တဲ့ရောဂါ
ပျောက်ချင်လို့ တရားအားထုတ်ရာက တရားလမ်းမှန် ရောက်သွားလိုက်တာ ခုဆို
ရုပ်နာမ်ဒုက္ခချုပ်ငြိမ်းရေး နိဗ္ဗာန်မျက်မှောက်ပြုရေးတရားတွေကို ကမ္ဘာအနှံ
တွင်တွင်ကျယ်ကျယ်ကြီး ဟောပြလို့နေပါပြီ။
ဒီလို
ရည်ရွယ်ချက် ပြောင်းလဲမှန်ကန်သွားသူတွေ အကြောင်းကို ပြေပြ၊ ရေးပြလို့တောင်
ကုန်နိုင်ဖွယ်မရှိပါဘူး။ ရောဂါပျောက်ချင်လို့ တရားအားထုတ်ရာကနေ
တရားအရသာတွေ့သွားပြီး မဂ်ဖိုလ်နိဗ္ဗာန် ဦးတည်ချက်နဲ့ စွဲစွဲမြဲမြဲ
တရားအားထုတ်နေသူတွေ ဒုနဲ့ဒေးပါ။
ဘာဖြစ်ချင်လို့၊
ညာဖြစ်ချင်လို့ ဆိုတဲ့ လောကီအကျိုးကို မျှော်ကိုးပြီး တရားအားထုတ်တာကို
မဆိုထားနဲ့ ဘာအကျိုးကိုမှ မလိုချင်ဘဲ အကျိုးရလိမ့်မယ်လို့လည်း မယုံကြည်ဘဲ
လူမှုရေးအရ မလုပ်ရင် မကောင်းတတ်လို့ အားနာပါးနာနဲ့ လုပ်လိုက်မိတဲ့
ဘာသာရေးအလုပ်ကတောင် မျှော်လင့်မထားတဲ့ အကျိုးတရားကြီးကို ဖြစ်ပွားစေခဲ့တဲ့
သာဓက ပိဋကတ်တော်မှာ အထင်အရှား ရှိခဲ့ပါတယ်။
သာဝထ္ထိမြို့က
သူရမ္ဗဋ္ဌဆိုတဲ့ သူဌေးတစ်ယောက်ဟာ သာသနပ တိထ္ထိတွေကို အလုပ်အကျွေးပြုနေတဲ့
မိစ္ဆာဒိဋ္ဌိတစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့တော့ သူ့ရဲ့အိမ်တံခါးဝမှာ မြတ်စွာဘုရား
ဆွမ်းခံလာရပ်ပါတယ်။ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့အတွက် ကန်တော့ဆွမ်းလောင်းလိုက်ရင်
ရပေမယ့် သူရမ္ဗဋ္ဌက အဲဒီလို မဟုတ်ပါဘူး။
‘ရဟန်းဂေါတမဟာ
မင်းမျိုးနွယ်က ဆင်းသက်လာသူမို့ အမျိုးမြတ်သူဖြစ်တယ်။ လောကမှာလည်း
ဘုရားရယ်လို့ အလွန်ထင်ရှား ကျော်ကြားသူဖြစ်တယ် ဒီလိုပုဂ္ဂိုလ်တစ်ယောက်ကို
သွားမတွေ့လို့ မသင့်တော်ပါဘူးလေ’ လို့ စဉ်းစား တွေးတောပြီး သူရမ္ဗဋ္ဌဟာ
မြတ်စွာဘုရားကို သွားတွေ့ ရှိခိုးရုံမက အိမ်ထဲပင့်ပြီး
ဆွမ်းဆက်ကပ်လုပ်ကျွေးပါတယ်။
ဆွမ်းစားအပြီး
မြတ်စွာဘုရား ဟောကြားတဲ့ တရားကို နာရတဲ့အခါ တရားအဆုံးမှာ
သောတာပန်ဖြစ်သွားခဲ့ပါတယ်။ နောက်တော့ သာသနာတော်ကို ဥာဏ်သက်ဝင်ပြီး
မတုန်မလှုပ်ကြည်ညိုတဲ့နေရာမှာ အသာဆုံး၊ အမြတ်ဆုံး၊ ဧတဒဂ် ရာထူးကိုတောင်
ဆွတ်ခုးရရှိခဲ့ပါတယ်။
လူမှုရေးဝတ္တရား
ကျေပွန်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်လိုက်တဲ့ တရားအလုပ်က
သောတာပတ္တိမဂ်ဖိုလ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်အထိ ကျေးဇူးပြု
သွားခဲ့တာဟာ အံ့သြစရာမကောင်းဘူးလား။ ဒါဟာ မှန်ကန်တဲ့ တရားတော်ရဲ့
သဘာဝစွမ်းရည်သတ္တိပါ။ တရားက မှန်နေရင် ဘာရည်ရွယ်ချက်နဲ့ပဲ လုပ်လုပ်
အကျိုးတရားမှန်မျာပါပဲ။
တရားအားထုတ်တဲ့နေရာမှာ
ရောဂါပျောက်ရုံ စိတ်ချမ်းသာရုံလေးနဲ့ ကျေနပ်မနေကြနဲ့၊
မဂ်ဖိုလ်နိဗ္ဗာန်ရသည်အထိ၊ ရဟန္တာ ဖြစ်သည်အထိ အားထုတ်ပါလို့ ရိုးရိုးလေး
တိုက်တွန်းလိုက်ရင် မှန်လည်း မှန်ပါတယ်။ အပြစ်လည်းကင်းပါတယ်။ ခုတော့
တရားအားထုတ်ဖို့ တိုက်တွန်းသူတွေကို ‘မှားယွင်း’ ဆိုတဲ့ စကားလုံး ။
‘မြှူဆွယ်’ ဆိုတဲ့ စကားလုံးတွေနဲ့ စွပ်စွဲပုတ်ခတ်လာလို့ ဒီစာလေးနဲ့
အကျဉ်းချုပ် ဖြေရှင်းပြလိုက်ရပါတယ်။
ဒါကြောင့်
တရားအားထုတ်ချင်သူတွေကိုရော၊ တရားအားထုတ်နေသူတွေကိုပါ ‘ဘာရည်ရွယ်ချက်နဲ့ပဲ
တရားအားထုတ် အားထုတ်၊ တရားကိုအားထုတ်ပါ၊ အားထုတ်ဖြစ်ဖိုနဲ့
အားထုတ်နည်းမှန်ကန်ဖို့သာ အဓိကပါ’ လို့ လေးလေးနက်နက် ပြောချင်ပါတယ်။
တကယ်တော့လည်း
ရောဂါ ပျောက်အောင်တရားအားထုတ်ပါဆိုတဲ့ တိုက်တွန်းချက်ဟာ
မြတ်စွာဘုရားစကားတော်နဲ့ မဆန့်ကျင်ပါဘူး၊ မဟာသတိပဌာနသုတ္တန်မှာ
မြတ်စွာဘုရားရှင်က အကျိုးတရားခုနစ်ပါးရဖို့ သတိပဋ္ဌာန်ဝိပဿနာတရား
အားထုပ်ပါလို့ တိုက်တွန်းတော်မူပါတယ်။
အကျိုးတရားခုနစ်ပါးက
မဂ်ဖိုလ်နိဗ္ဗာန်သက်သက်မဟုတ်ပါဘူး။ စိတ်စင်ကြယ်ဖို့၊ စိုးရမ်ပူဆွေးမှု၊
ငိုကြွေးမှု လွန်မြောက်ဖို့နဲ့ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှု
ချုပ်ငြိမ်းဖို့လည်း ပါပါတယ်။ ရောဂါ ပျောက်အောင်တရားအားထုတ်ပါဆိုတဲ့ စကားဟာ
ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲချုပ်ငြိမ်းအောင် တရားအားထုတ်ပါ (ဒုက္ခဒေါမနဿနံ
အတ္တင်္ဂမာယ)ဆိုတဲ့ မြတ်စွာဘုရားစကားတော်နဲ့ တစ်ထပ်တည်းပါပဲ။
ဒါကြောင့်
ရောဂါပျောက်အောင် တရားအားထုတ်ပါဆိုတဲ့ တိုက်တွန်းချက်ကို မှားယွင်းစွာ
မြှူဆွယ်မှုလို့ စွပ်စွဲခဲ့ရင် မြတ်စွာဘုရားကိုလည်း မှားယွင်းစွာ
မြှူဆွယ်သူလို့ စွပ်စွဲရာ ရောက်ပါတယ်။
ရောဂါပျောက်ချင်လို့
တရားအားထုတ်တာ မကောင်းဘူးလို့ ဆိုလိုက်တာဟာ ရောဂါပျောက်ဖို့
ရည်ရွယ်ချစ်တစ်ခုတည်းနဲ့ တရားအားထုတ်ချင်သူ၊ တရားအားထုတ်နေသူကို
အားမထုတ်နဲ့လို့ တားမြစ်ပိတ်ပင်လိုက်တာပါပဲ။ ဒါဟာ ဓမ္မန္တရယ်ဖြစ်ပါတယ်။
လောကအလုပ်တွေထဲမှာ
တရားအားထုတ်တဲ့အလုပ်ဟာ အကောင်းဆုံးအလုပ်ဖြစ်ပါတယ်။
ရောဂါပျောက်ဖို့လုပ်ရမဲ့ အလုပ်တွေ အများကြီး ရှိတဲ့အထဲက
အကောင်းဆုံးအလုပ်ဖြစ်တဲ့ တရားအားထုတ်ခြင်းကို ရွေးချယ်လိုက်တာဟာ ကြိုဆိုစရာ
အပြုသဘောတစ်ခုပါပဲ။
ထမင်းဟာ
ဘာရည်ရွယ်ချက်နဲ့ပဲစားစား၊ စားသူကို ဗိုက်ပြည့်စေ၊ အားရှိစေမှာဖြစ်သလို
တရားဟာလည်း ဘာရည်ရွယ်ချက်နဲ့ပဲ အားထုတ်အားထုတ်၊ အားထုတ်သူကို ငြိမ်းအေးစေ၊
လွတ်မြောက်စေမှာ သေချာပါတယ်။
တရားကို
တရားနဲ့တူအောင် အားထုတ်ဖို့တော့လိုတာပေါ့။ ဘေးလူအထင်ကြီးအောင် ဆိုပြီး
တရားသဘော နှလုံးမသွင်းဘဲနဲ့ ငုတ်တုတ်ထိုင်နေရုံသက်သက်နဲ့တော့ ဘာမှ
အကျိုးမထူးနိုင်ဘူးပေါ့။ ဒါတောင် ကာယကံထိန်းချုပ်မှုရဲ့ အသီးအပွင့်ကို
အနည်းနဲ့ အများ ခံစားနိုင်ပါသေးတယ်။
ရောဂါပျောက်ချင်လို့ပဲဖြစ်ဖြစ်၊
နိဗ္ဗာန်လိုချင်လို့ပဲဖြစ်ဖြစ် တရားအားထုတ်ပြီဆိုရင်တော့ သတိ၊ သမာဓိ၊ ပညာ
အစရှိတဲ့ ဗောဇ္ဈင်တရား၊ ဗေဓိပက္ခိယ တရားတွေ ဖြစ်ချင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ထန်းလျက်ဟာ ချိုချင်လို့ စားသူတွေအတွက်လည်း ချိုသလို အစာကြေချင်လို့ စားသူတွေအတွက်လည်း ချိုပါတယ်။
ရောဂါပျောက်ချင်လို့
တရားအားထုတ်တာကို တရားကို ခုတုံးလုပ် အသုံးချတယ်လို့ ကဲ့ရဲ့လိုက်တာဟာ
ဗောဇ္ဈင်သုတ် သမိုင်းကြောင်းထဲက မြတ်စွာဘုရားနဲ့
ရဟန္တာအရှင်မြတ်ကြီးတွေကိုလည်း ကဲ့ရဲ့လိုက်တာပါပဲ။
အရှင်မဟာမေဂ္ဂလာန်နဲ့
အရှင်မဟာကဿပ မကျန်းမမာ ရောဂါစွဲကပ်နေတုန်းက မြတ်စွာဘုရား ကိုယ်တော်တိုင်
ရောဂါပျောက်အောင် ဗောဇ္ဈင်သုတ် ရွတ်ပေးခဲ့လို့ ရောဂါပျောက်သွားခဲ့ပါတယ်။
မြတ်စွာဘုရား ကိုယ်တော်တိုင် မကျန်းမမာ ရောဂါပြင်းထန်တုန်းကလည်း
အရှင်စုန္ဒကို မြတ်စွာဘုရားကိုယ်တော်တိုင် ရောဂါပျောက်အောင်
ဗောဇ္ဈင်သုတ်ရွတ်ပေးဖို့ မိန့်တော်မူခဲ့ပါတယ်။ အရှင်စုန္ဒက ရွက်ပေးလို့
မြတ်စွာဘုရား ရောဂါပျောက်တော်မူခဲ့ပါတယ်။
ဗောဇ္ဈင်သုတ်
နာယူတယ်ဆိုတာဟာ ဗောဇ္ဈင်တရားတွေ ဖြစ်ပွားလာအောင် တရားအားထုတ်တာပါပဲ။
မြတ်စွာဘုရားထုံး နှလုံးမူပြီး ရောဂါပျောက်ချင်လို့ တရားအားထုတ်တာဟာ
မြတ်စွာဘုရားလမ်းစဉ်လိုက်တာပါပဲ။ ဒီလမ်းစဉ်ကို ကဲ့ရဲ့လိုက်တာဟာ
မြတ်စွာဘုရားကိုလည်း တရားကို ခုတုံးလုပ် အသုံးချတယ်လို့ ကဲ့ရဲ့လိုက်တာပါပဲ။
ရောဂါပျောက်ချင်လို့
တရားအားထုတ်တာ မကောင်းဘူးလို့ ဆိုလိုက်ခြင်းအားဖြင့် မြတ်စွာဘုရားဟာ
မကောင်းတဲ့အလုပ်၊ ညံ့ဖျင်းသေးသိမ်တဲ့ အလုပ်ကို လုပ်တယ်လို့ ဆိုလိုရာ
ရောက်ပါတယ်။
ရောဂါပဲဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ်… ထစ်ကနဲရှိ ဗေဒင်၊ ယတြာ၊ ဓာတ်ရိုက်ဓာတ်ဆင်ကိုပဲ လွဲမှားစွာ
အားကိုးနေကြတဲ့ ဒီခေတ်ကြီးထဲမှာ တရားအားထုတ်ခြင်းကို အားကိုလာတာဟာ
မုဒိတာပွားသင့်တဲ့ ကိစ္စရပ်ကြီးတစ်ခုပါ။
အမျိုးသမီးအဆိုတော်တစ်ဦးက
ရပ်သာဆရာတော်ကြီးတစ်ပါးကို သူမအောင်မြင်ကျော်ကြားအောင် ဘာလုပ်ရမလဲလို့
မေးလျှောက်တော့ ဆရာတော်ကြီးက ၀ိပဿနာတရား အားထုတ်ပါလို့
မိန့်တော်မူလိုက်ပါတယ်။
အနုပညာလောကမှာ
အောင်မြင်ကျော်ကြားအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့များ အနုပညာသမားအားလုံး
တရား အားထုတ်ကြမယ်ဆိုရင် စာရေးသူကတော့ တရားအားထုတ်သူဦးရေ တိုးပွားလာတာကို
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေမှာပါပဲ။
မုဆိုးစိုင်သင်ဆိုတာလို တရားကလူကို သင်သွားမှာမို့ ဒီလိုရည်ရွယ်ချက်နဲ့ တရားအားထုတ်တာကို မကောင်းဘူးလို့ စာရေးသူကတော့ ဘယ်တော့မှ မကန့်ကွက်ပါဘူး။
မုဆိုးစိုင်သင်ဆိုတာလို တရားကလူကို သင်သွားမှာမို့ ဒီလိုရည်ရွယ်ချက်နဲ့ တရားအားထုတ်တာကို မကောင်းဘူးလို့ စာရေးသူကတော့ ဘယ်တော့မှ မကန့်ကွက်ပါဘူး။
ဒါကြောင့် ထပ်ပြီးပြောချင်တာက …
‘ဘာရည်ရွယ်ချက်နဲ့ပဲ
အားထုတ် အားထုတ် တရားအားထုတ်တာ ကောင်းပါတယ်၊ အားထုတ်ပါ၊ အဟုတ်တကယ်
အားထုတ်ဖြစ်ဖို့နဲ့ အားထုတ်ပုံနည်းလမ်းမှန်ဖို့သာ အရေးကြီးပါတယ်’
‘ရောဂါပျောက်ချင်လို့ တရားအားထုတ်တာလည်း ကောင်းပါတယ်’
‘စီးပွားရေး၊ လူမှုရေး အဆင်ပြေ တိုးတက်ချက်လို့ တရားအားထုတ်တာလည်း ကောင်းပါတယ်’
‘စိတ်ဓာတ်ခိုင်မာ ငြိမ်းချမ်းပြီး စိတ်နေသဘောထား ကြီးကျယ် မြင့်မြတ်ချင်လို့ တရားအားထုတ်တာလည်း ကောင်းပါတယ်’
‘ခန္ဓာဇာတ်သိမ်း ဒုက္ခငြိမ်းချင်လို့ တရားအားထုတ်တာကတော့ အကောင်းဆုံးပါပဲ’
ဗုဒ္ဓဘာသာဝင်တွေထဲက
ဘာသာရေးအသိဥာဏ် နုနယ်သေးသူတွေကို တဖြည်းဖြည်း ရင့်ကျက်လာအောင်
ဆွဲခေါ်ရမယ့်အစား အသိဥာဏ် ရှုပ်ထွေးအောင် ဇဝေဇ၀ါ ထင်ယောင်ထင်မှားဖြစ်အောင်
အာဃာတနဲ့ ပွဲလှန့်နေတာကတော့ လုံးဝ မသင့်တော်ဘူးလို့ ထင်ပါတယ်။
ဆရာတော်၊ သမားတော်တွေကလည်း ရည်ရွယ်ချက် နိမ့်နေသူတွေကို မြင့်လာအောင် မေတ္တာ၊ ကရုဏာနဲ့ တဖြည်းဖြည်းချင်း ဆွဲခေါ် မြှင့်တင်နေကြတာပါ။
ဣဿာမစ္ဆရိယအမြင်နဲ့
အမြဲကြည့်တတ်သူတွေအတွက် အရာရာတိုင်းဟာ အဆိုးတွေ၊
အပြစ်တွေချည်းဖြစ်နေမှာပါ။ အရာရာကို ယောနိသော မနသိကာရ အမြင်နဲ့
မှန်မှန်ကန်ကန် နားလည် နှလုံးသွင်းတတ်ခြင်းကသာ တကယ့်သူတော်ကောင်း စိတ်ထား
ဖြစ်ပါတယ်။
ဘာအကြောင်းကြောင်းပဲဖြစ်ဖြစ် … တရားအားထုတ်ဖြစ်ကြပါစေ … ။ ဘာရည်ရွယ်ချက်နဲ့ပဲ ဖြစ်ဖြစ် … တရားအားထုတ်ဖြစ်ကြပါစေ … ။
အပ္ပမာဒေန သမ္မာဒေထ
အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
၉-၉-၉၈
(၁၀-၁၁-၉၈ ရက်နေ့ထုတ် ပေါ်ပြူလာ ဂျာနယ်မှ)
June 6, 2010 ကမ္ဘာသစ် ၁နှစ်ပြည့် အမှတ်တရ ဓမ္မလက်ဆောင်မွန်ကမ္ဘာသစ် ထာဝရ တည်တံ့ ပြည့်စုံနိုင်ပါစေဇာဇာ
Posted by Zar Li Tun on June 6, 2010 at 6:00am
ကမ
္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား
မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍
အလွယ်တကူ Share လုပ်နိုင်ပါသည်။
No comments:
Post a Comment