2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

မြင့်မြတ်သူတို့၏ ပါရမီတော် (၁၀) ပါး

...ဆရာကြီးဦးရွှေအောင် ရေးသားခဲ့သော `` ဗုဒ္ဓ...လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင် ကိုယ်ကျင့်ဗုဒ္ဓ၀င် ´´ မှ ပါရမီတော်များကို ဖြည့်ကျင့်တော်မူခြင်းနှင့် ပတ်သက်၍ ကြည်ညိုဖွယ်ရာများမှ အစိတ်အပိုင်းအနည်းငယ်မျှအား
ကောက်နှုတ်ပြီး ကမ္ဘာသစ် သူငယ်ချင်းများအတွက် မျှဝေပေးလိုက်ပါတယ်နော်...ဒီစာအုပ်တစ်အုပ်လုံးဟာ
ဗုဒ္ဓမြတ်စွာဘုရားရဲ့ အနှိုင်းမဲ့ဂုဏ်ကျေးဇူးတော်တွေ. အနှိုင်းမဲ့တရားတော်တွေ. အနှိုင်းမဲ့အဆုံးအမတော်တွေကို အသေးစိတ် ဖော်ပြထားတာဖြစ်လို့ ဖတ်ပြီး ကြည်ညိုလို့မဆုံးနိုင်အောင်ပါဘဲရှင်. ပါရမီတော်(၁၀)ပါးကို ကြည်ညိုသဒ္ဓါပွားများရင်းနဲ့ ဗုဒ္ဓအဆုံးအမတော်တွေအတိုင်း ကျွန်မတို့ရဲ့ လက်တွေ့ဘ၀တွေမှာလည်း လိုက်နာကျင့်ကြံအားထုတ်နိုင်အောင် ကြိုးစားကြပါစို့လားရှင်...

*** ပါရမီဟူသည်...

...ပါရမီဟူသည် ပါဠိဝေါဟာရဖြစ်၏။ မြန်မာပြန်အနက်အကျဉ်းမှာ “ မြင့်မြတ်သူတို့၏ လုပ်ငန်း” ဟူ၍ဖြစ်၏။ သို့ဖြစ်လျှင် ရှေးဦးစွာ မြင့်မြတ်သူများကို သိဖို့လို၏။ မြင့်မြတ်သူများ ဟူသည်မှာ ကိုယ်ကျိုးကိုပဓါနမထားဘဲ သူတစ်ပါး ကောင်းကျိုးကိုလည်းကောင်း၊ သံသရာမှလွှတ်မြောက်ဖို့ကိုလည်းကောင်း၊ ရည်မှန်း၍ ပြုတတ်သူများပင်ဖြစ်၏။ ထိုသူများ၏ စည်းစိမ်ဥစ္စာအတွက်ဖြစ်စေ. ရာထူးဂုဏ်သိန်အတွက်ဖြစ်စေ. ထင်ပေါ်ကျော်စောမှုအတွက်ဖြစ်စေ. အများ အထင်ကြီးခံရမှုအတွက်ဖြစ်စေ. လောကကို မိမိဘ၀အတွက် အသုံးမချဘဲ မိမိဘ၀ကိုသာ လောကအတွက် အသုံးချခဲ့သူများဖြစ်ကြ၏။ မိမိဘ၀ကို လောကအတွက်
´´ စတေး´´သူများဖြစ်ကြ၏။

...ထိုသူများတွင် ဂေါတမဘုရားလောင်းတော် သိဒ္ဓတ္ထမင်းသားသည် စံပြဖြစ်၏။ ထို့ကြောင့်မြင့်မြတ်သူ၏လုပ်ငန်းများကို
´´ ပါရမီ´´ ဟူ၍ ဆိုရခြင်းဖြစ်၏။

...လူဟူ၍ ဖြစ်လာသည်နှင့် တစ်ပြိုင်နက် ဘ၀နှင့် ပတ်ဝန်းကျင်ကို သံယောဇဉ်ကြိုးများဖြင့် ချည်နှောင်ပြီးသားဖြစ်၏။ ထို့ကြောင့် ပတ်ဝန်းကျင်လှုပ်လျှင် မိမိလည်းလှုပ်ခြင်းဖြစ်၏။ မိမိလှုပ်လျှင်လည်း ပတ်ဝန်းကျင်ကလှုပ်ခြင်းဖြစ်၏။ ထို့ကြောင့်မိမိကကောင်းသောလှုပ်ခြင်းဖြင့် လှုပ်လျှင် ပတ်ဝန်းကျင်က ကောင်းသောလှုပ်ခြင်းဖြင့် လှုပ်မည်ဖြစ်၏။ မိမိကမကောင်းသောလှုပ်ခြင်းဖြင့်လှုပ်လျှင် ပတ်ဝန်းကျင်က မကောင်းသောလှုပ်ခြင်းဖြင့်လှုပ်မည်ဖြစ်၏။ မကောင်းသောလှုပ်ခြင်းဟူသည်မှာ ``ငါ``ကို ပဓါနပြု၍ မိမိအတွက် တဏှာ.မာန.ဒိဋ္ဌိဖြင့် လှုပ်ခြင်းဖြစ်၏။ ကောင်းသောလှုပ်ခြင်းဟူသည်မှာ လောကကို ပဓါနပြု၍ လောကအတွက် ကရုဏာဖြင့် လှုပ်ခြင်းဖြစ်၏။
*** ဒယာယ န ဘဝေ ဋ္ဌာနံ၊ ပညာယ န သမေ ဌိတိ***
...လောကအတွက် ဆောင်ရွက်ရာ၌ *ကရုဏာ*လောက် အစွမ်းထက်သော *အား*မည်သည်မရှိ ဟူ၍ ဆိုကြ၏။
...ထိုအခါ သံယောဇဉ်ကြိုးများသည် ဗြဟ္မစိုရ်ကြိုးများ ဖြစ်သွားကြ၏။
ဗြဟ္မစိုရ်ကြိုးများဖြစ်သွားလျှင် သံယောဇဉ်ဟူ၍ မခေါ်နိုင်တော့။ ကျေးဇူးဆပ်ခြင်းဟူ၍သာ ခေါ်နိုင်တော့၏။

...လူသည် လူ့ဘ၀ကိုရ၍ အရွယ်ရောက်လာသည်နှင့် တစ်ပြိုက်နက် လုပ်ငန်းများကို တစ်ခုမဟုတ်တစ်ခု လုပ်ရမည် ဖြစ်၏။ ထိုလုပ်ငန်းသည် ကာယကံလုပ်ငန်းဖြစ်ချင်လည်းဖြစ်မည်။ ၀စီကံလုပ်ငန်းဖြစ်ချင်လည်းဖြစ်မည်။ မနောကံလုပ်ငန်းဖြစ်ချင်လည်းဖြစ်မည်။ လုပ်ငန်းအနေဖြင့် တစ်ခုခုဖြစ်ဖို့တော့ သေချာ၏။ သို့ဖြစ်လေရာ မည်သည့်လုပ်ငန်းကိုပင် လုပ်သည်ဖြစ်စေ ပါရမီမြောက်သောလုပ်နည်းအတိုင်း လုပ်ဖို့လို၏။ ပါရမီဟူသည်မှာ မြန်မာပြန်အနက်အားဖြင့် *မြင့်မြတ်သူတို့၏လုပ်ငန်း* ဟူ၍ ဖြစ်လေရာ မြင့်မြတ်သူတို့၏လုပ်နည်း အတိုင်းသာလုပ်လျှင် မည်သည့်လုပ်ငန်းကိုလုပ်လုပ် အလိုအလျောက်ပါရမီဖြည့်ပြီးသားဖြစ်၏။ ပါရမီဖြည့်ပြီးသား ဖြစ်လျှင် သန္တိသုခ သို့ ဦးတည်မိလျက်သားဖြစ်၏။

...သန္တိသုခသို့ ဦးတည်ခြင်းဟူသည်မှာ သစ္စာလေးပါးကိုသိနိုင်ရန် အခြေခံအားဖြင့်ရင့်ကျက်အောင် အားထုတ်ခြင်းဖြစ်၏။ ထို့ကြောင့်မိမိတို့၏ နေ့စဉ်လုပ်ငန်းများကိုလုပ်ရာ၍ မည်သည့်လုပ်ငန်းကိုပင် လုပ်သည်ဖြစ်စေ မိမိ၏ ကျေးဇူးရှင်လောကအပေါ် ကျေးဇူးဆပ်ခြင်းဟူ၍ ခံယူပြီးလုပ်အပ်၏။ ယင်းကိုပင် *ပါရမီဖြည့်ခြင်း* ဟူ၍ ဆိုရ၏။

...မြင့်မြတ်သူများ၏လုပ်ငန်းများသည် လုပ်ငန်းများအနေဖြင့် အမျိုးမျိုးရှိနိုင်ပါ၏။ သို့ရာတွင် ပတ်ဝန်းကျင်အပေါ် ကျေးဇူးဆပ်ရာတွင် မြင့်မြတ်သူတို့၏ လုပ်ငန်းအနေဖြင့်လုပ်ပါက အခြေခံအားဖြင့်မူ လုပ်ငန်း(၁၀)မျိုးသာရှိ၏။ ယင်းကို ပါရမီ(၁၀)ပါးဟူ၍လည်း ဆိုရ၏။
*** ပါရမီ (၁၀) ပါး
(၁) စွန့်လွှတ်ခြင်း - ဒါန
(၂) ကိုယ်ကျင့်ကောင်းခြင်း - သီလ
(၃) တပ်မက်မှုကင်းခြင်း - နေက္ခမ္မ
(၄) အမှန်အတိုင်းသိခြင်း - ပညာ
(၅) ဇွဲလုံ့လရှိခြင်း - ၀ီရိယ
(၆) သည်းခံခြင်း - ခန္တီ
(၇) မှန်ကန်ခြင်း - သစ္စာ
(၈) ခိုင်မာသောဆုံးဖြတ်ချက်ရှိခြင်း - အဓိဌာန်
(၉) မေတ္တာထားခြင်း - မေတ္တာ
(၁၀) လျစ်လျူရှုခြင်း - ဥပေက္ခာ

...မည်သည့်လုပ်ငန်းကိုဖြစ်ဖြစ် မိမိလုပ်ငန်းတွင် အနစ်နာခံခြင်း သဘောသည် ပါဝင်မြဲဖြစ်၏။ ထို့ကြောင့်မိမိလုပ်သောလုပ်ငန်း၌ အနစ်နာခံခြင်းကို လုပ်သင့်လုပ်ထိုက်သောလုပ်ငန်းအဖြစ်ခံယူပြီးပါက * ဒါနပါရမီကို ဖြည့်ခြင်း* ဖြစ်၏။

...ထိုသို့လုပ်ရာ၌ ကိုယ်ကျိုးကို မငဲ့ဘဲ ဖြူစင်သော စိတ်ထားဖြင့်လုပ်ပါက *သီလပါရမီကိုဖြည့်ခြင်း* ဖြစ်၏။

...မိမိလုပ်သောလုပ်ငန်း၌ ပစ္စည်းလာဘ်လာဘကိုဖြစ်စေ.ရာထူးဂုဏ်သိန်ကိုဖြစ်စေ. ခေါင်းဆောင်ဖြစ်လို၍ဖြစ်စေ. အများ၏ လေးစားခံရမှုကိုဖြစ်စေ. ထင်ပေါ်ကျော်ကြားမှုကိုဖြစ်စေ. အခြားတစ်နည်းနည်းဖြင့် ရနိုင်သော အခွင့်အရေး တစ်မျိုးမျိုးကိုဖြစ်စေ. ပြောရိုးဝေါဟာရဖြင့်ပြောရလျှင် ဘ၀သမ္ပတ္တိနှင့်
ဘောဂသမ္ပတ္တိ ကိုဖြစ်စေ တစ်စုံတစ်ရာမျှော်ကိုးခြင်းဟူ၍ လုံးဝမရှိဘဲ မိမိအနေဖြင့် လုပ်သင့်လုပ်ထိုက်သောလုပ်ငန်းကို လုပ်ခြင်းဟူ၍သာ ခံယူပြီးလုပ်ပါက *နေက္ခမ္မ-ပါရမီကို ဖြည့်ခြင်း* ဖြစ်၏။

...ထိုသို့လုပ်ရာ၌ မိမိအတွက် အကျိုးအရှိဆုံးအဖြစ် မခံယူဘဲ လောကအတွက် အကျိုးအရှိဆုံးအဖြစ်ခံယူပြီး မိမိ၏ကာယအားနှင့် ဥာဏအားကို အပြည့်အ၀အသုံးပြုပြီး အကြောင်းနှင့်အကျိုးဆက်စပ်၍ လုပ်ပါက *ပညာ-ပါရမီကိုဖြည့်ခြင်း* ဖြစ်၏။

...မလျော့သောဇွဲ.လုံ့လဖြင့်လုပ်ပါက -၀ီရိယ-ပါရမီကိုဖြည့်ခြင်း* ဖြစ်၏။

...တွေ့ကြုံရသော အခက်အခဲဟူသမျှကို နောက်မဆုတ်ဘဲ ကြံ့ကြံ့ခံ၍ ဆောင်ရွက်ပါက ထိုသို့ဆောင်ရွက်ခြင်းသည်
*ခန္တီ-ပါရမီကိုဖြည့်ခြင်း*ဖြစ်၏။

...လုပ်သင့်လုပ်ထိုက်သောလုပ်ငန်းအဖြစ်ခံယူထားသည့်အတိုင်း ထိုခံယူချက်အပေါ် သစ္စာမဖောက်ဘဲ ကာယကံအားဖြင့်လည်းကောင်း.၀စီကံအားဖြင့်လည်းကောင်း မိမိ၏ မူလခံယူချက်နှင့်အညီ ဆောင်ရွက်ပါက
*သစ္စာ-ပါရမီကိုဖြည့်ခြင်း*ဖြစ်၏။

...မိမိ၏ မူလခံယူချက်အရ ဆောင်ရွက်ရာတွင် အခြေအနေနှင့် အချိန်အခါအလိုက် လုပ်နည်းလုပ်ဟန် ပြောင်းလဲသော်လည်း မူရင်းရည်ရွယ်ချက် အနည်းငယ်မျှရွှေ့လျှောမခံဘဲ ဆောင်ရွက်ပါက ထိုသို့ဆောင်ရွက်ခြင်းသည် *အဓိဋ္ဌာန်-ပါရမီကိုဖြည့်ခြင်း* ဖြစ်၏။

... မိမိပတ်ဝန်းကျင်လောကအပေါ် တစ်ကယ်တမ်းချစ်စိတ်ဖြင့် မိမိချစ်သောလောကအတွက် မိမိ၏အသက်. အိုးအိမ်. စည်းစိမ်တို့ကိုပါ စွန့်လွှတ်နိုင်သောမေတ္တာမျိုးဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါက *မေတ္တာ-ပါရမီကိုဖြည့်ခြင်း* ဖြစ်၏။

...မိမိဆောင်ရွက်နေသောလုပ်ငန်းနှင့် ပတ်သက်၍ မည်သူကမြှောက်မြှောက်. မည်သူကချောက်ချောက် တစ်စုံတစ်ရာ တုန်လှုပ်မှုမရှိဘဲ မိမိ၏လုပ်ငန်းကို ပြီးမြောက်အောင်သာ အာရုံစူးစိုက်ပြီး ဆောင်ရွက်ခြင်းမျိုးဖြစ်ပါက
*ဥပေက္ခာ-ပါရမီကိုဖြည့်ခြင်း* ဖြစ်၏။ ဤသည်မှာ မြင့်မြတ်သူတို့၏ လုပ်ငန်းအနေဖြင့် လုပ်ရာတွင် အခြေခံအားဖြင့် လုပ်ငန်း(၁၀)မျိုးဖြစ်၏။

...မိမိတို့သည် လောကက မွေးထုတ်လိုက်သော လောက၏ သားသမီးများဖြစ်ကြသည့် အားလျော်စွာ လောက၏ကျေးဇူးကို သိဖို့လို၏။ လောက၏ ကျေးဇူးကို သိပြီးနောက် လောက၏ကျေးဇူးကို ဆပ်ဖို့လို၏။

...လောက၏ကျေးဇူးကိုဆပ်ရာတွင် မြတ်စွာဘုရားရှင်တို့သာလျှင် မိမိတို့၏ တာဝန်အနေဖြင့် အကျေဆုံး ဆပ်နိုင်သူများ ဖြစ်ကြပါသော်လည်း မိမိတို့ ပုထုဇဉ်များအနေဖြင့်လည်း အစမထင်သံသရာမှစ၍ မိမိတို့အပေါ်တင်ရှိလာသော ကျေးဇူးကို တစ်နိုင်တစ်နိုင်အနေဖြင့် မိမိတို့စွမ်းနိုင်သလောက် ဆပ်အပ်ပါ၏။


...ထိုသို့ဆပ်ရာတွင် မိမိတို့ဆပ်အပ်သော ကျေးဇူးနှင့်အညီ မိမိတို့သည် သံသရာ၌ ကျင်လည်ရစဉ် သာမာန်ပုဂ္ဂိုလ် တို့ထက် ပိုမိုမြင့်မားသော ဘ၀သမ္ပတ္တိ.ဘောဂသမ္ပတ္တိတို့နှင့် ပြည့်စုံရန် မရည်ရွယ်ပါဘဲလျက် ပြည့်စုံပြီး အဆုံးတစ်နေ့တွင်လည်း အရိယာပုဂ္ဂိုလ်အဆင့်အမျိုးမျိုးဖြင့် သန္တိသုခကို ရကြမည်ဖြစ်၏။

...အကျဉ်းအားဖြင့် ဆိုရလျှင် ဖော်ပြပါ နှလုံးသွင်းခံယူချက် (၁၀)မျိုးဖြင့် မိမိတို့၏နေ့စဉ်လုပ်ငန်းများကို လုပ်ပါက လောကအပေါ်ပြန်လည်၍ ကျေးဇူးဆပ်ခြင်းဖြစ်၏။ ကျေးဇူးဆပ်ခြင်းသည်ပင် ပါရမီကို ဖြည့်ခြင်းဖြစ်၏။ ပါရမီကို ဖြည့်ခြင်းသည် သန္တိသုခသို့ ဦးတည်ခြင်းဖြစ်၏။ သန္တိသုခသို့ ဦးတည်ခြင်းသည် သစ္စာလေးပါးကို သိရန် အခြေခံခြင်းဖြစ်၏။

...ထို့ကြောင့် မိမိတို့အနေဖြင့် မကြုံချင်ပါဘဲလျက် ကြုံတွေ့နေကြရသော သောက. ပရိဒေ၀. ဒုက္ခ. ဒေါမနဿ တို့မှ လွတ်မြောက်လိုပါလျှင် မိမိတို့အပေါ်တင်ရှိသော ပတ်ဝန်းကျင်လောက၏ ကျေးဇူးကြွေးကို မြီစားတို့၏ ထုံးစံအတိုင်း ကျေနိုင်သမျှကျေအောင် ဆပ်အပ်၏။ ထိုကဲ့သို့ဆပ်ပါမှလည်း *လူ* ဟူ၍ ခေါ်ထိုက်သော *လူ* စင်စစ်ဖြစ်မည်ဖြစ်ပါ၏။

...ဤပိုစ့်ဖြင့် စီစဉ်သူ ဘဘ သခင်ထိန်ဝင်း. ပြုစုသူ ဘဘဦးရွှေအောင် တို့အား ရိုကျိုးစွာ ဦးညွှတ်ကန်တော့ပါသည်။

...သူငယ်ချင်းများအားလုံး မိမိစွမ်းသမျှ ပါရမီများကို ဖြည့်ဆည်းနိုင်ကြပါစေ...

မေတ္တာဖြင့်...


Posted by ayeayemoemeeku on June 6, 2010 at 6:00am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>