မနက်မိုးလင်းတော့ ကျွန်တော်လမ်းလျှောက်ထွက်ခဲ့တယ် ။ အားအင်အပြည့်နဲ့ပေါ့ ။
နွေးထွေးတဲ့ နေရောင်ခြည် ၊ လတ်ဆတ်တဲ့လေနုအေး လောကကြီးက လှပနေခဲ့ပါတယ် ။
နွေးထွေးတဲ့ အချိန်မှာ ကျွန်တော့်အရိပ်တွေက ရှည်လျားနေခဲ့တယ် ။
အရိပ်က ကျွန်တော့်ကို ခိုနေခဲ့တယ် ။ ကျွန်တော့်အရိပ်ကိုတော့ လျှောက်ခဲ့တဲ့
လမ်းတစ်လျှောက်က မြေကြီး မသိမသာ ခိုပြီး လိုက်ပါလာတယ် ။
လျှောက်ရင်းနဲ့ စတင်ပူလောင်လာခဲ့ပြီ ။ သြော် ..... နေမြင့်လာခဲ့ပြီကိုး ။
အပူလောင်ဆုံးနေမွန်းတည့်ချိ န် ၊ အလိုအပ်ဆုံးအချိန်မှာ အေးမြမှုကိုပေးနိုင်တဲ့
အရိပ်တွေကလည်း အတိုဆုံးဖြစ်နေခဲ့ပြန်တယ် ။ ကိုယ့်အရိပ်ကိုယ်တောင်
မနည်းပြန်ရှာနေရပါလား ။ ခရီးသွားဖော်တွေကလည်း ပူလောင်လာတော့
အရိပ်ခိုမလို့ ထင်ပါရဲ့ ခပ်သုတ်သုတ် လျှောက်ကုန်တယ် ။
လူတစ်ယောက် လျှောက်ရင်းလဲကျသွားတယ် ။ နောက်ကပါလာတဲ့
လူတစ်ယောက်က တက်နင်းသွားတယ် ။ နောက်တစ်ယောက်က
ထူပေးသွားတယ် ။ လူချင်းတူတာတောင်
အပြုအမူတွေက ကွာသွားပြန်ပြီ ။ ကျွန်တော်လည်း ခလုတ်တိုက်မိသွားတယ် ။
လဲကျမလို ဖြစ်တဲ့ အထိပါပဲ ။ အချိန်မှီ ဟန်ချက်ကို ထိန်းလိုက်နိုင်လို့
မြေကြီးပေါ် ပုံရက်သား ကျမသွားခဲ့ဘူး ။ ကျသွားခဲ့ရင် လက်တစ်စုံက
ထူပေးမှာလား ။ ခြေတစ်စုံက နင်းသွားမလား ။ တစ်ခုခုတော့ တွေ့ရမှာပေါ့ ။
အရိုးသားဆုံး ၀န်ခံရရင် ပူလောင်နေတဲ့ အချိန်မှာ အေးမြတဲ့
အရိပ်အောက်မှာ ခိုလှုံခွင့်ရချင်တယ် ။ အနီးအနားမှာ ခိုလှုံစရာ
အရိပ်ရှာမတွေ့မိဘူး ။ သစ်ပင် တွေက ရှားပါးကုန်ပါရောလား ။
သူတို့ကိုသတ်ခဲ့တာ လူသားတွေပါနိုင်တယ် ၊ ရာသီဥတု နဲ့ သဘာဝဘေးအန္တရာယ်တွေ
ပါနိုင်တယ် ။ အရိပ်ခိုမယ့် သူတွေထဲမှာ အရိပ်ကို ပြန်သတ်ခဲ့ကြတဲ့
သူတွေလဲပါနေမယ်ထင်တယ် ။ အရိပ်ကို ပျိုးခဲ့ကြတဲ့သူတွေလည်း ပါနေမှာ ။
လျှောက်ရင်းနဲ့ ရှေ့နားမှာ သစ်တစ်ပင်ကို ခပ်ရေးရေးလှမ်းမြင်လိုက်ရတယ် ။
အနားကလူတွေရဲ့ခြေလှမ်းက ပိုသွက်နေခဲ့တာလား ။ ကျွန်တော်ကပဲ လမ်းလျှောက်နှေးခဲ့တာလား ။
အပင်အောက် ရောက်တော့ အရိပ်အောက်မှာ လူတွေက အပြည့် ။
မျက်လုံးပေါင်း များစွာက ကျွန်တော့်အပေါ် ရောက်လာတယ် ။
အဓိပ္ပါယ်မျိုးစုံနဲ့ပေါ့ ။ တစ်ချို့က ကိုယ်ချင်းစာတဲ့ အကြည့် ။
တစ်ချို့က နေရာဖယ်ပေးရမှာစိုးလို့ မကြည်ဖြူတဲ့အကြည့် ။
တစ်ချို့က ဒေါသအကြည့် ။ တစ်ချို့က ဂရုဏာ အကြည့် ။
သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားခွင့်ရသတဲ့ ။
အပင်ပေါ်မှာ ငှက်သံတွေလည်း ကြားနေရပါတယ် ။
ငှက်တစ်သောင်း ပြည့်မပြည့်တော့ ကျွန်တော်လိုက်ပြီး ရေမကြည့်မိပါဘူး ။
သစ်ရိပ်ခိုဖို့ နောက်ဝင်လာတဲ့ သူတွေကို တစ်ချို့က နေရာဖယ်ပေးကြတယ် ။
ကိုယ့်နေရာကိုလည်း မပျောက်စေပဲ နောက်ဝင်လာတဲ့သူကိုလည်း
နေရာရစေချင်တဲ့ သူတွေလည်းရှိပါတယ် ။ တစ်ချို့ကတော့ မသိသလို ခပ်တည်တည်နဲ့ပေါ့ ။
တစ်ယောက်က အရိပ်ခိုဖို့ နေရာမလွတ်တလွတ်မှာ ထိုင်ချလိုက်တာ
ဘေးကလူကို ဖိမိပြီး ရန်ဖြစ်ကုန်ကြပြီ ။ အရိပ်ခိုဖို့ အခန့်မသင့် ရန်ဖြစ်ကြတော့
အခက်တွေကို ချိုးပြီးအချင်းချင်း ပြန်ရိုက်ကြတဲ့အထိ ။
ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ် ။ ကျွန်တော် ဆက်လျှောက်ခဲ့မိတယ် ။
ဆဲသံ ဆိုသံ ၀ိုင်းဝန်း ဖျန်ဖြေတဲ့ အသံတွေကတော့ အနောက်မှာ ကျန်ခဲ့လေရဲ့ ။
သစ်ရိပ်ခိုစရာ နေရာပြည့်နေတော့ လေရဲ့အရိပ်ကိုခိုပြီး ဆက်လျှောက်ခဲ့ရတယ် ။
ရှေ့နားမှာ သစ်သားဇရပ်လေးတစ်ခု တွေ့ပြန်တယ် ။ လူကလည်း အပြည့်ပါလား ။
အရွက်မရှိတော့တဲ့သစ်ပင် ၊ အသက်မရှိတော့တဲ့ သစ်ပင်တောင်
အရိပ်ပေးနိုင်တဲ့ ဇရပ်တစ်ခုရဲ့ အထောက်အပံ့တစ်ခုအဖြစ် တည်ရှိနေတုန်း ပါလား ။
နေရာမလွတ်တော့လဲ ဆက်လျှောက်ရပြန်တယ် ။ နေရာရဖို့အတွက်
နေရာလုမှ ရမှာလား ဆိုတဲ့အတွေးဝင် လာလို့ အမြန်မောင်းထုတ်လိုက်ရတယ် ။
နေရာမလုဘဲ နေရာရနိုင်တဲ့ အခြေအနေတွေတော့ ကြုံလာဦးမှာပါ ။
နေပူထဲမှာလည်း ရှေ့ဆက်လျှောက်နေကြတဲ့ သူတွေအများကြီးပါပဲ ။
အားတင်းရင်း ဆက်လျှောက်ခဲ့ပြန်တယ် ။ နေပူ ထဲမှာ လျှောက်တာကြာလာတော့
အပူဒဏ်ခံနိုင်လာတယ် ။ လျှောက်ရင်းနဲ့ နေက တဖြည်းဖြည်း ကျလာတော့
အပူဒဏ်လည်း သက်သာလာခဲ့ပြီ ။ နေရိပ်အလာ နေပူကစောင့်တဲ့ ကျွန်တော်ကြားဖူးတယ် ။
နေရိပ်အလာ နေပူမှာ လျှောက်ရင်း အဖော်တစ်ချို့နဲ့ ကျွန်တော်ရင်းနှီးသွားခဲ့တယ် ။
ပြောရင်းဆိုရင်း အတူတူလျှောက်ခဲ့ကြတာ ရှေ့နားမှာ မြစ်တစ်စင်းကိုသွားတွေ့တယ် ။
နေက အတော်ကိုစောင်းသွားခဲ့ပြီ ။ ရင်းနှီးသွားတဲ့ မိတ်ဆွေတစ်ချို့နဲ့
ငွေရောင်မြစ်ရေပြင် မြစ်ကိုဖြတ်ပြီးတိုက်ခတ်လာတဲ့ လေနုအေး ၊
နေညိုချိန် ဆည်းဆာအလှကို မြစ်ကမ်းနဖူးမှာထိုင်ရင်း ခံစားခွင့်ရလိုက်တယ် ။
အရိပ်အောက်မှာသာ ခိုနေခဲ့ရင် ဒီအချိန်ကို ပိုင်ဆိုင်ခွင့်ရဖို့က မသေချာဘူး ထင်ပါရဲ့ ။
ပတ်ဝန်းကျင်ကို ကြည့်မိတော့ သစ်ပင်ကြီးတွေရဲ့ အရိပ်ကို
လိုအပ်တာထက်ပိုပြီးခိုလှုံေ နခဲ့တဲ့ သစ်ပင်ငယ်လေးတွေလည်း လောင်းရိပ် မိကုန်လို့များ
ထင်သလောက်မကြီးထွားနိုင်တော့ တာလား ။ နေပူချိန် မှာတော့ အရိပ်ရဲ့အေးမြမှုကို
ကျွန်တော် စွန့်လွှတ်ခဲ့ရတယ် ။ နေညိုချိန်မှာတော့ ဆည်းဆာအလှကို
မြစ်ကမ်းနဖူးကနေ မိတ်ဆွေတစ်ချို့နဲ့ ခံစားခွင့်ရခဲ့ပြီ ။
အရိပ်အောက်မှာ ခိုရင်း ကျန်ခဲ့တဲ့ ခရီးသွားတွေထဲက
တစ်ချို့ ဒီနေရာကို နောက်ကျမှ ရောက်လာကြမယ် ၊ တစ်ချို့
ကတော့ နေ၀င်မိုးချုပ်မှ ရောက်လာကြမယ် ထင်ပါတယ် ။
ဆည်းဆာချိန်ကုန်ဆုံးပြီးမှ ရောက်လာတဲ့သူတွေ ဆည်းဆာအလှကို
မြစ်ကမ်းနဖူးပေါ်ကနေ ခံစားနိုင်ဖို့ဆိုရင် မနက်ဖန်တစ်ရက်ကို
ညအိပ်စောင့်မျှော်နေရမယ် ထင်ပါတယ် ။ ပူလောင်မှုတွေကို ပေးခဲ့တဲ့
သူရိန်နေမင်းက ခုတော့ ရွှေအိုရောင်အနမ်းတွေနဲ့ အနောက်ဘက်
မိုးကုပ်စက်ဝိုင်းအောက်ကို တဖြည်းဖြည်းငုပ်လျှိုးပျောက်ကွယ်စပြုနေပြီ ။
မိတ်ဆွေတစ်ယောက်က ပြောလိုက်တယ် ။
ဒီတစ်ည ကောင်းကင်က ကြယ်တွေကို အဖော်လုပ်ပြီး
မနက်ဖန် ခရီး ဆက်ရအောင်တဲ့ ။ ။
( သန်းထွန်းလင်း )
Posted by သန်းထွန်းလင်း on July 4, 2010 at 6:00am
ကမ
္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား
မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍
အလွယ်တကူ Share လုပ်နိုင်ပါသည်။
No comments:
Post a Comment