2 3 4 5 6 7 8 9 10

Tuesday, October 18, 2011

နှလုံးသားတို့၏ ပူးတွဲကြေညာချက် (မင်းလူ)



သိပ်ချစ်ကြသော
ငါတို့နှစ်ဦး၏ နှလုံးသားကို
လုပ်ကြရန် ကြံစည်သူသည်

အင်းလျားကန်၏ ဝမ်းဗိုက်ကို
ဓားဖြင့်ခွဲရန်ကြံစည်သကဲ့သို့ လည်းကောင်း။

သစ်ပင်ထိပ်ဖျား၌သာနေသော လပြည့်ဝန်းကို
မျက်နှာသစ်ပေးရန်ကြံစည်သကဲ့သို့လည်းကောင်း

ကြေးခြင်္သေ့ညီနောင်ကို
အသက်သွင်းရန်ကြံစည်သကဲ့သို့လည်းကောင်း

သထုံဆောင်နှင့် အင်ကြင်းဆောင်ကို
ဥမင်လိုဏ်ခေါင်းတူး၍
ဆက်သွယ်ရန် ကြံစည်သကဲ့သို့ လည်းကောင်း



ယုဒသန်မျှော်စင်ကို
ရွှေရည်စိမ်ရန် ကြံစည်သကဲ့သို့လည်းကောင်း

အဓိပတိလမ်းကို
ပချုပ်ထဲထည့်၍ မြွေအလမ္ပယ်ပြရန် ကြံစည်သကဲ့သို့ လည်းကောင်း

ဘွဲ့နှင်း သဘင် ခန်းမပေါ်၌
ဖယောင်းတိုင် သက်စေ့ထွန်း၍
အသုံးပြုရန် ကြံစည်သကဲ့သို့လည်းကောင်း

အလွန်မိုက်မဲလှစွာသော
သူရူးသာ ဖြစ်လိမ့် မည်တည်း။

လေးစား အပ်ပါသော ချစ်သူ
သင်၏ အထူးခုံရုံးတွင်
ကျမ်းသစ္စာကြိမ်ဆို၍
ဖြောင့်ချက် ပေးလိုပါသည်။

အကယ်၍
ကျွန်ုပ်၏ နှုတ်ခမ်းနှစ်လွှာ၌
လိမ်ညာ လှည့်စားသော စကားများ
တည်သည်ဟူ၍
သင်စွပ်စွဲလျှင်
မိမိငြင်းကြောင်း။

ကျွန်ုပ်၏ နှလုံးသား၌
သစ္စာမဲ့သော အချစ်များ
တည်သည်ဟူ၍ သင်စွပ်စွဲလျှင်
မိမိငြင်းကြောင်း။

ကျွန်ုပ်သည်
သင်၏နှလုံးသားအား
လုပ်ကြံရန် ကြံစည်သည်ဟူ၍
သင်စွပ်စွဲလျှင်
မိမိငြင်းကြောင်း။

အကယ်၍ သင်သည်
ကျွန်ုပ်အား မုန်းသည်ရှိသော်
ကျွန်ုပ်၏ နှလုံးသား
ပေါက်ကွဲလိမ့်မည်ဟူ၍
သင်ယူဆလျှင်

မိမိ
မငြင်းပါကြောင်း …။


မင်းလူ
                                                 ကမ္ဘာသစ် မြန်မာ Fan Page

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>