2 3 4 5 6 7 8 9 10

Sunday, October 16, 2011

ကံကောင်းခြင်းတွေရရှိအောင်…ကုသိုလ်ငါးမျိုးဆောင်…



...ကံကောင်းခြင်းတွေရရှိလာအောင်.ဆိုးနေတဲ့ကံတွေကောင်းလာအောင်.နေ့စဉ် (၁၅)မိနစ်လောက် အချိန်ပေးနိုင်တာနဲ့ ကုသိုလ်ငါးမျိုး တပြိုက်နက် ရရှိပြီး ကံကောင်းလာစေနိုင်မယ့်နည်းလမ်းကောင်းလေးကို ဦးဇင်းရဝေနွယ် (အင်းမ)ရဲ့ ကံကိုပြင်လိုက်ပါဆိုတဲ့ ဆောင်းပါးမှာ လမ်းညွှန်ထားတာလေးကို ကောက်နုတ်ပြီး ကမ္ဘာသစ်သူငယ်ချင်းများဖတ်ရအောင် မျှဝေပေးလိုက်ပါတယ်ရှင်.

…ကျွန်မတို့မြန်မာလူမျိုးများဟာ ကံသာအမိ.ကံသာအဖ၊ မိမိကံသာ မိမိကိုးကွယ်ရာ ဆိုပြီး သက်ဝင်ယုံကြည်သူများဖြစ်ပါတယ်. ကိုယ်ပြုသမျှကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်. ဆိုသလှိုဘဲ ကောင်းတဲ့စိတ်နဲ့ ကောင်းတာလုပ်ရင် ကောင်းတဲ့ကံတွေ ဖြစ်လာမယ်ဆိုတာ ကံကို ယုံကြည်သူတိုင်းသိပြီးဖြစ်မှာပါနော်.ကံကောင်းခြင်းဆိုတာကလည်း အတိတ်ကပြုခဲ့တဲ့ ကောင်းမှုကုသိုလ်ကံရယ်.ပစ္စက္ခလက်ရှိဘ၀မှာ မိမိလုပ်တဲ့ ကာယကံ.၀စီကံ.မနောကံဆိုတဲ့ ကံသုံးပါးကောင်းမှုကုသိုလ်တွေ ပေါင်းဆုံပြီးမှ ကံကောင်းခြင်းကို ရရှိစေတာပါ.ကံဆိုးခြင်းဆိုတာကလည်း ဒီအတိုင်းပါဘဲ.

…လူမှုရေးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်.စီးပွားရေးနဲ့ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်.ကျန်းမာရေးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်.ပညာရေးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်. ရာထူးဌာနန္တရနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်.
နိုင်ငံခြားခရီးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်. ကြိုက်သလောက်ဆိုးနေပါစေ.နောက်ဆုံးသေချင်လောက်အောင်အထိ ဆိုးနေစမ်းပါစေ.ဆိုးနေတဲ့ကံကို စိတ်ကြိုက်ပြုပြင်ယူလို့ရတယ်ဆိုတဲ့ အသိလေးကိုဘဲ အာရုံပြုပစ်လိုက်ပါ. ဒီတော့ဘယ်လိုပြုပြင်ယူမလဲ.

…အဲဒီအမြင့်ဆုံးသေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ်ငါးမျိုးနဲ့ ပြုပြင်ယူလို့ရပါတယ်. တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင်ဆိုးနေတဲ့ကံကို ကုသိုလ်ငါးမျိုးနဲ့ နေ့စဉ်ပြုပြင်လိုက်ပါ. ဆိုးနေတဲ့ကံ
နင်နေ-ငါသွားဖြစ်သွားပါလိမ့်မယ်.

…ကုသိုလ်ငါးမျိုးက ဒါနရယ်.သီလရယ်.ဂုဏ်တော်ရယ်.မေတ္တာရယ်. ၀ိပဿနာရယ်ပါ. အဲဒီကုသိုလ်ငါးမျိုးကို နေ့စဉ်ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ်ပြုလုပ်သွားဖို့ပါဘဲ.


ကုသိုလ်ငါးမျိုးထဲက ဒါနဆိုတဲ့နေရာမှာ ရှင်တစ်သောင်းတွေပြုမှ. ကျောင်းကြီးတွေ ဆောက်လှူမှ ဒါနမဟုတ်ပါဘူး. အိမ်မှာရှိတဲ့ဘုရားကို ရေချမ်းကပ်လိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါဘဲ. နောက်ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုပ်စာလောက်လေး နှိုက်ပြီး အိမ်ရှေ့မှာစာကလေးတွေ.ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ် ဆိုရင်လည်း ဒါနဖြစ်သွားတာပါဘဲ.ဆန်လက်တစ်ဆုပ်စာလောက်တော့ မိသားစုထမင်းဝိုင်းအတွက် သိပ်ပြီးလည်း မထိခိုက်လောက်ပါဘူး.
နေ့စဉ်ဆန်လက်တစ်ဆုပ်စာငှက်ကလေးတွေကို ကျွေးနေမယ်ဆိုရင်လည်း ကိုယ့်ဝန်ကိုယ့်အားနဲ့ညီမျှတဲ့ဒါနဖြစ်နေတာပါ.

…ဒုတိယကသီလပါ.

…သီလမှာလည်း လောကီထဲမှာနေတဲ့လူတစ်ယောက်အတွက် ငါးပါးသီလလောက်ကို လုံလုံခြုံခြုံလေးစောင့်ထိန်းနိုင်လိုက်တယ်ဆိုရင်ဘဲ တော်တော်လုံလောက်သွားပါပြီ.တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ရှစ်ပါးသီလ.ကိုးပါးသီလကို စောင့်ထိန်းနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့. သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်ပါလိမ့်မယ်.

…တတိယကဂုဏ်တော်ပါ.


…ဂုဏ်တော်ကိုးပါးထဲက ကိုယ်နှစ်သက်ရာတစ်ခုခုကို ပွားလို့ရပါတယ်.
အရဟံဂုဏ်တော်ကိုဘဲ အရဟံ-ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား.အရဟံ-ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား.အရဟံ-ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာ ဘုရားလို့ ပွားလို့ရပါတယ်. အရဟံဆိုတဲ့ ပါဠိလေးရယ်.အရဟံရဲ့အနက် သုံးမျိုးရယ်က ပွားလို့ဆင်ခြင်လို့ သိပ်ကောင်းတဲ့ပါဠိနဲ့အနက်လေးပါ. ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်ကသူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေပါလိမ့်မယ်.

...စတုတ္ထက မေတ္တာပါ…


…မေတ္တာပွားတဲ့နေရာမှာ အဓိကအကြံပေးချင်တာကတော့ ပထမကိုယ့် အပေါ်ကျေးဇူးရှိတဲ့.ကျေးဇူးများတဲ့လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ.ပြီးရင် နတ်ကောင်းနတ်မြတ်တွေကို ကိုယ်စောင့်နတ်.
အိမ်စောင့်နတ်ကစပြီး လမ်း.မြို့နယ်.မြို့.နိုင်ငံကို စောင့်ရှောက်နေကြတဲ့ နတ်ကောင်းနတ်မြတ်တွေကို အဆင့်ဆင့်ပွားပါ. ငါ၏အိမ်ကို စောင့်ရှောက် နေကြသော နတ်ကောင်းနတ်မြတ်အားလုံး ကိုယ်ဆင်းရဲကင်းပါစေ. စိတ်ဆင်းရဲကင်းပါစေ. အစစအရာရာအဆင်ပြေပါစေ. စသည်ဖြင့်ပေါ့.

…ပဉ္စမက ၀ိပဿနာပါ.


…၀ိပဿနာကတော့ ကိုယ်အားထုတ်ဖူးတဲ့နည်းအတိုင်းမှတ်လို့ရပါတယ်.
ကဲစာဖတ်သူ.စိတ်ကူးနဲ့ဘဲ ကုသိုလ်ငါးမျိုးကို လက်တွေ့စမ်းသပ်ကြည့် ရအောင်ပါ.မနက်အိပ်ရာထတာနဲ့ ကိုယ်လက်သန့်စင်ပြီး မိသားစုကိစ္စတွေကို ဘာမှမလုပ်ပါနဲ့အုံး.ဘုရားခန်းကို အရင်သွားပါ. ဘုရားသောက်တော်ရေကို အရင်ကပ်လိုက်ပါ. ကပ်ပြီးရင် ငါးပါးသီလခံယူလိုက်ပါ. အဲဒီနှစ်မျိုးပြီးတော့မှ ဂုဏ်တော်ကို ငါးမိနစ်.မေတ္တာကို ငါးမိနစ်.၀ိပဿနာကို ငါးမိနစ်ပွားပါ. ဆယ့်ငါးမိနစ်လောက်တော့ အားလုံးလုပ်နိုင်လောက်မယ်ထင်ပါတယ်.


…ဘ၀တစ်နေ့တာရဲ့အစကို ကုသိုလ်ငါးမျိုးနဲ့စလိုက်တာ ဘယ်လောက် ကျက်သရေရှိသွားသလဲ.မနက်အိပ်ရာထမှာဘဲ ကုသိုလ်ငါးမျိုးကရနေပါပြီ. အဲဒီလိုကုသိုလ်ငါးမျိုးပြုပြီးမှ မိသားစုရဲ့ဝေယျာဝစ္စတွေကိုပြုပါ. အဲဒီလိုနဲ့ မနက်စာစာပြီးသွားတဲ့အခါ ဆန်လက်တစ်ဆုပ်ယူပြီး ခြံရှေ့မှာ ငှက်ကလေး တွေအတွက် ပက်ကျွေးလိုက်ပါဦး. ကျွေးပြီးသွားရင် အဆစ်အနေနဲ့ ဒီနေ့ မနက်ပြုတဲ့ကုသိုလ်ငါးမျိုးကို နတ်ကောင်းနတ်မြတ်အားလုံးကိုလည်း အမျှပေး ဝေပါတယ်. အမျှ.အမျှ.အမျှ ယူတော်မူကြပါ. သာဓု.သာဓု.သာဓုဆိုပြီး နတ်ကောင်းနတ်မြတ်တွေကိုလည်း အမျှပေးဝေလိုက်ပါဦး. အချိန်ရတယ် ဆိုရင် ညပိုင်းကုသိုလ်ငါးမျိုးကို ထပ်လုပ်လိုက်ပါဦး. ဒီအတိုင်းသာ နေ့စဉ်ပြုသွားပါ. ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီးထွက်သွားဦးမှာပါ. ဒါပေမဲ့ ဒီနေ့လုပ် မနက်ဖြန်ဖြစ်ဆိုတဲ့ ပုံစံမျိုးတော့ဘယ်ဖြစ်မှာလဲ.တစ်လတန်သည်. နှစ်လတန်သည်. တစ်နှစ်တန်သည်တော့စွဲလုပ်ရပါမယ်. အကုသိုလ်ဆိုတဲ့ ရန်သူက အင်အားကြီးနေတော့ ချက်ချင်းတော့ တောင့်တင်းလာရင် ရန်သူ ကဆိုးလည်း ပြန်တောင်တိုက်နေမှာမဟုတ်တော့ပါဘူး. ကုသိုလ်အင်အားကို ကြည့်ပြီး လန့်ပြေးတော့မှာပါ. ဒါတွေက ကံဆိုးနေတဲ့သူတွေ အတွက် ပြောတာပါ. ကံကောင်းနေတဲ့သူအတွက်လည်း အမြဲတမ်းကံကောင်း နေအောင် ကုသိုလ်ငါးမျိုးကို နေ့စဉ်ပြုနေ သင့်ပါတယ်.

…ဒီဘ၀ကုသိုလ်ငါးမျိုးနဲ့ ကံကောင်းအောင်လုပ်နေတဲ့အတွက် ဒုတိယဘ၀.တတိယဘ၀စသည်တွေမှာလည်း ဆက်ပြီးကံကောင်းနေဦးမှာပါ. ကုသိုလ် ငါးမျိုးကို ကံကောင်းခြင်း.ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ်ဝတ်တစ်ခု အနေနဲ့ ပြုနေမယ်. အဲဒီလိုပြုနေစဉ်အတွင်းမှာဘဲ ဘ၀အခက်အခဲတစ်ခုနဲ့ ကြုံလာမယ်. ဒါဆိုကိုယ်ပြုနေတဲ့ကုသိုလ်ငါးမျိုးကို နေ့စဉ်အမျှပေးဝေနေတဲ့ နတ်ကောင်းနတ်မြတ်တွေကို တိုင်တည်ပြီး သစ္စာဆိုလို့လည်းရပါတယ်. အကျွန်ုပ်သည် ကုသိုလ်ငါးမျိုးကို နေ့စဉ်ပြုပြီး နတ်ကောင်းနတ်မြတ် တို့ကိုလည်း နေ့စဉ်အမျှပေးဝေခဲ့ပါသည်. ဤသစ္စာစကားမှန်ကန်ပါက ယခု တွေ့ကြုံနေရသော အခက်အခဲ ပြေပျောက်ပါစေသတည်း.နတ်ကောင်း နတ်မြတ်တို့ကလည်း ကူညီမစတော်မူပါ. စသည်ဖြင့်ပေါ့.

…ကုသိုလ်ငါးမျိုးထဲမှာ ၀ိပဿနာလည်းပါနေတာဆိုတော့ တရားမှတ်ရင်း ပါရမီပါခဲ့ရင် အရဟတ္တမဂ်.အရဟတ္တဖိုလ်ဆိုတဲ့ တရားထူး.တရားမြတ် တွေရသွားပြီး သံသရာဝဋ်ကတောင် ကျွတ်သွားဦးမှာပါ. ကုသိုလ်ငါးမျိုးကို ဘယ်အဆင့်အထိပြုရမလဲဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့တစ်နေ့တာ ကုသိုလ်ငါးမျိုးကို မပြုဖြစ်လိုက်ရင်အိပ်လို့မပျော်တဲ့အဆင့်အထိပြုရပါမယ်.
ကံနဲ့ပတ်သက်ပြီး သေချင်လောက်အောင်ဆိုးနေပါစေ. ကုသိုလ်ငါးမျိုးနဲ့သာ နေ့စဉ်ပြုပြင်လိုက်စမ်းပါ. မကြာခင် ကံကောင်းလာပါလိမ့်မယ်လို့ လမ်းညွှန် ဆုံးမပေးထားတာကို ဓမ္မမိတ်ဆွေသူငယ်ချင်းများအတွက် မျှဝေပေးလိုက် ပါတယ်

…ကံကောင်းခြင်းတွေရရှိအောင် မိမိကိုယ်ကို ပြုပြင်အားထုတ်နိုင်ကြပါစေ…

Posted by ayeayemoemeeku on March 7, 2010 at 6:00am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>