2 3 4 5 6 7 8 9 10

Monday, October 17, 2011

ယဉ်ကျေးတဲ့ တို့ရိုးရာ


…*နှစ်သစ်ကူးလို့ ချစ်ဦးသူရှာဖွေ. ဘယ်အရပ်ဌာနေ. ဘယ်ဆီများလှမ်းပါလို့. မျှော်လင့်မိသူလေ…* ဒီသီချင်းသံလေးရယ်. သင်္ကြန်သီချင်းတွေနဲ့ ပျော်ရွှင်စွာကနေတဲ့ မော်ဒယ်ဂျင်းနီရဲ့ အက.အလှတွေကို ဘတ်စ်ကားပေါ်မှာ ကြည့်လိုက်မိတဲ့အခါ သင်္ကြန်ရောက်ဖို့ နှစ်ရက်ဘဲလိုတော့တယ်ဆိုတာ သတိရမိလိုက်တယ်. အတွေးထဲမှာ သင်္ကြန်ပုံရိပ်တွေက ဟိုတစ်စ.ဒီတစ်စနဲ့ လွမ်းဆွတ်သတိရမိတာက ဟိုးငယ်ငယ်ခလေးဘ၀ကနေ ကြီးပြင်းခဲ့ရတဲ့ မွေးရပ်ဇာတိ တောင်ကြီးမြို့လေးရဲ့ တန်ခူးလဆို အရမ်းပျော်ခဲ့ရတဲ့ အချိန်လေးတွေဆီကိုပါ. ဒီအချိန်ရောက်တိုင်း တောင်ကြီးမြို့ရဲ့ ယဉ်ကျေးလှတဲ့ ရိုးရာဓလေ့လေးတွေကို အမှတ်ရမိစမြဲပါဘဲရှင်…

…ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ကို ရောက်ဖူးကြတဲ့သူတိုင်း မြေပြန့်နဲ့မတူ. အေးချမ်းလှတဲ့ရာသီဥတုရယ်. သန့်ရှင်း သပ်ယပ် ခေတ်မီမှုရယ်. ဒေသခံတိုင်းရင်းသားတွေရဲ့ ရိုးသားဖော်ရွေပွင့်လင်းမှု. စိတ်ရင်းစေတနာကောင်းမွန်မှု. ယဉ်ကျေး ချိုသာတဲ့ ဆက်ဆံရေးတွေကြောင့် စိတ်ကြည်နူးချမ်းမြေ့မှုကို ခံစားကြရပါတယ်. တန်ခိုးကြီးလှတဲ့ အင်းလေးဖောင်တော်ဦး ဘုရားကို ဘုရားဖူးသွားကြသူတိုင်း မဖြစ်မနေသွားလည်ကြတဲ့မြို့က ကျွန်မတို့ရဲ့ တောင်ကြီးမြို့ကိုပေါ့ရှင်. ကျွန်မတို့ ရှမ်းပြည်နယ်ဖက်မှာက တန်ခိုးကြီးဘုရားတွေ အများကြီးပါဘဲရှင်. ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့မှာဆိုရင် နှီးဘုရား. ကလောမြို့အ၀င်က ဆုတောင်းပြည့်လိုဏ်ဂူဘုရား. အောင်ပန်းကနေ တီကျစ်ကိုသွားတဲ့ လမ်းမပေါ်မှာဆိုရင် မြင်းမထိ လိုဏ်ဂူတော်. ပင်းဒယဖက်မှာဆို ပင်းဒယလိုဏ်ဂူတော်. ကုံလုံဆရာတော်ဘုရားကျောင်းတော်. အင်းလေးဖောင်တော်ဦးဘုရား. တောင်ကြီးမြို့ရဲ့တောင်ဖက်ဆိုရင် မွေတော်ကက္ကူဘုရား စသဖြင့် ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရားတွေ အများကြီး ဖူးမျှော်လို့ရပါတယ်

…တောင်ကြီးမြို့ပေါ်မှာ ရှမ်း.တရုတ်..အင်းသား.ဓနု.ပအိုဝ့်.တောင်ရိုး.ဂေါ်ရခါး.ကရင်.မြန်မာ လူမျိုးပေါင်းစုံနေထိုင်ကြ ပါတယ်.ဗုဒ္ဓဘာသာ. ခရစ်ယာန်ဘာသာ.ဟိန္ဒူဘာသာ.မွတ်ဆလင်ဘာသာ စသဖြင့် ဘာသာပေါင်းစုံကို မိမိတို့ယုံကြည်ရာ ကိုးကွယ်ကြပါတယ်. ယဉ်ကျေးမှုပေါင်းစုံထွန်းကားတဲ့မြို့ ဖြစ်ပါတယ်. အရှေ့ဖက်ကိုကြည့်ကြည့်. အနောက်ဖက်ကိုကြည့်ကြည့် မြင့်မြင့်မားမား တောင်တန်းကြီးတွေက ကာရံထားတာဟာ လွမ်းမောဖွယ်ရာပါဘဲရှင်. အခုနောက်ပိုင်း ရပ်ကွက်သစ်တွေ အများကြီး တိုးချဲ့လာတာကြောင့် တောင်ကုန်းမြင့်မြင့်တွေပေါ်မှာ အုတ်တိုက်အိမ်လေးတွေ တန်းစီနေတာဟာ တစ်မျိုးကြည့်လို့ ကောင်းလှပါတယ်. အေးချမ်းပြီးအရမ်းပျော်စရာကောင်းတဲ့မြို့လေးပါ. ဒီလို တန်ခူးလရောက်ပြီဆို နှစ်သစ်ကို ကြိုဆိုဖို့. အလှူအတန်းလုပ်ဖို့ဆိုတဲ့ စိတ်ကူးတွေနဲ့ လူတွေ အားလုံးကို ကြည့်လိုက်ရင် တက်ကြွလန်းဆန်းနေကြတာပါဘဲရှင်.

…ကျွန်မတို့ ငယ်ငယ်တုန်းက နွေရာသီကျောင်းပိတ်ရက်ရပြီဆိုတာနဲ့ နှစ်သစ်တန်ခူးလအမီ အိမ်တွင်းအိမ်ပြင်သန့်ရှင်းရေးတွေကို လုပ်ကြရပါတော့တယ်. ကျွန်မတို့မေမေက သန့်သန့်ရှင်းရှင်းလည်း နေတတ်တယ်. စည်းကမ်းကလည်း အရမ်းကြီးတယ်. ရတနာ(၃)ပါးကိုလည်း အလေးထားတော့ မေမေ့စကားဆိုရင် မပယ်ရှားဝံပါဘူး. ကျွန်မတို့မောင်နှမတွေဆိုတာ မေမေ့စိတ်ကြိုက် တစ်သွေမတိမ်းလုပ်ပေးကြပါတယ်.အိမ်ပြင်သန့်ရှင်းရေးပြီးရင် အိမ်မှာပူဇော်ထားတဲ့ မြတ်စွာဘုရားရဲ့ ရုပ်ပွားတော် (ရပ်တော်မူ.ထိုင်တော်မူ)တွေကို ရွှေရေ.ငွေရေ. ကင်မွန်းရေတွေနဲ့ သင်္ကြန်အကြို ရေအေးအေးလေးနဲ့ ရေသပ္ပါယ်ကြတာပါ. အဲဒီလို ဘုရားကို ရေသပ္ပါယ်ခြင်းနဲ့ အိမ်တွင်းအိမ်ပြင် သန့်ရှင်းရေးတွေ နှစ်သစ်မှာ ပြုလုပ်မှသာ အိမ်သူအိမ်သားတွေအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့ နေရမယ်.ရောဂါဘယကင်းဝေးမယ်. စီးပွားလာဘ်လာဘတိုးပွားမယ်. ကံကောင်းခြင်းတွေ ဖြစ်လာမယ်လို့ ယုံကြည်ကြတာလေ.

…တန်ခူးလရောက်ပြီဆိုတာနဲ့ ငါးရက်တစ်ဈေး ဈေးနေ့ဖြစ်တဲ့ တောင်ကြီးဈေးနေ့တွေမှာဆို ဈေးဝယ်သူတွေ တိုးမပေါက်အောင်ကို စည်ကားလှပါတယ်. နှစ်သစ်မှာ ဘုန်းကြီးကျောင်းတွေတက်ဖို့. လူကြီးလူအိုတွေကို ကန်တော့ဖို့ ကန်တော့စာ ပစ္စည်းဝယ်ရတာရယ်. အ၀တ်အစားအသစ်တွေ ၀ယ်ရတာရယ်နဲ့ ဒေသခံတွေအားလုံး လှူဒါန်းဖို့ အလုပ်ရှုပ်နေ ကြပါတယ်. *တမူးရလို့ တပဲလှူ. တို့ရှမ်းတောင်သူ.လှူနိုင်ရိုးလား* ဆိုသလိုဘဲ တနှစ်လုံး ရှာဖွေစုဆောင်းထားတဲ့ မိမိဝင်ငွေနဲ့ တတ်အားသရွေ့ နှစ်ဦးတန်ခူးမှာ စေတနာသဒ္ဓါတရားအပြည့်နဲ့ လှူဒါန်းကြတာဟာ အရမ်းချစ်ဖို့ကောင်းတဲ့ ကျွန်မတို့ရဲ့ ယဉ်ကျေးတဲ့ ရိုးရာဓလေ့လေးပါ.

…သင်္ကြန်အကြိုနေ့ကနေ မြန်မာနှစ်ဆန်းနှစ်ရက်နေ့အထိ ဘုရားကိုးဆူ ဆွမ်းလောင်းလှူပွဲကိုလည်း ကျွန်မတို့ တောင်ပိုင်းရပ်. ကျောင်းကြီးစုရပ်ကွက် တောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်မှာ နှစ်စဉ်ကျင်းပပြုလုပ်ပါတယ်. ဆွမ်းလောင်းလှူဖို့ ကျွန်မတို့ ညီအစ်မတစ်တွေ မနက်(၄)နာရီဆိုထပါပြီ. ဆွမ်းချက်.ခဲဖွယ်ပြင်.ဆွမ်းတော်ကပ်ပြီးတာနဲ့ ဘုရားကိုးဆူ ဆွမ်းလောင်းလှူဖို့ သွားကြပါတယ်. နွေရာသီရောက်ပြီမို့ တောင်ကြီးမြို့ရဲ့နံနက်ခင်းဟာ နေလို့ကောင်းလှပါတယ်. ဒေသခံတွေက များသောအားဖြင့် နေမထွက်မီ.မိုးမလင်းမီ စောစောလေး မြတ်စွာဘုရားကို ဆွမ်းကပ်လှူကြပါတယ်. ဘုရားကိုးဆူကို အလယ်မှာထားပြီး ဆွမ်းခဲဖွယ် ထည့်ဖို့ သပိတ်တွေကို ဘုရား.တရား.သံဃာ. မိဘဆရာသမားရယ်. *က* ကနေစပြီး အက္ခရာစဉ်အလိုက်မဟုတ်ဘဲ နေရာချ ထားတဲ့သပိတ်တွေကို အစဉ်လိုက်ရှာ. ဘုရားကိုးဆူကို တစ်ပတ်ပြီး တစ်ပတ် ပတ်ပြီးမှ ဆွမ်းခဲဖွယ်တွေကို ကပ်လှူပူဇော် ရတာကလည်း ကြည်ညိုဖို့ကောင်းတဲ့ ဓလေ့လေးပါရှင်.

…သင်္ကြန်တွင်းမှာ မြို့တွင်း.မြို့ပြင်ဘုန်းကြီးကျောင်းတွေကို ကန်တော့စာတွေနဲ့ သွားရောက်ပူဇော်ကန်တော့ရတာလည်း တစ်မျိုးချစ်ဖို့ကောင်းတဲ့ဓလေ့လေးပါ. ဘုန်းကြီးကျောင်းတွေမှာဆိုတာ ကန်တော့လာသူတွေနဲ့ စည်ကားနေတာပါဘဲ. ခြေလျင်နဲ့လာတဲ့သူ. ကားနဲ့လာတဲ့သူတွေအပြည့်ပါဘဲ. ကျွန်မတို့အိမ်နဲ့နီးတဲ့ ရှမ်းကျောင်းဘုန်းကြီးကျောင်း. အောင်တော်မူ (လွမ်းစေတီ). ရပ်တော်မူ.သိမ်တောင်ကျောင်း.စွန်းလွန်းဘုန်းကြီးကျောင်းတွေကိုဆို ခြေလျင်သွားကြပါတယ်. ခြေလျင်သွားရတာက မောတယ်ဆိုပေမဲ့ အရမ်းကိုပျော်ဖို့ကောင်းတာပါ. အဲဒီမှာ တစ်နှစ်လုံးမတွေ့ကြရတဲ့ သူငယ်ချင်းတွေ. ဆရာ.ဆရာမတွေ ပြန်တွေ့ကြ. အပြန်အလှန်နှုတ်ဆက်ကြနဲ့ မောရမှန်းတောင် မသိအောင်ပါဘဲရှင်. အဲဒီဘုန်းကြီးကျောင်း တွေကလည်း မုန့်လက်ဆောင်း.မုန့်ဖက်ထုတ် .လက်ဖက်.အကြော်စုံ. အခါးရည်ကြမ်းတွေနဲ့ တစ်ကျောင်းတစ်မျိုးစီ ကျွေးမွေး ဧည့်ခံပါတယ်. အဝေးကျောင်းတွေဖြစ်တဲ့ အရှေ့တောင်ပေါ်ကေ၇ွှဘုန်းပွင့်ဘုရား.ဟိုပုံးကိုရင်လေးကျောင်း. နောင်ကား. နောင်ပစ်.ပါမိုးနဲ စတဲ့ပအိုဝ့်ဘုန်းကြီးကျောင်းတွေဆိုရင် ကားနဲ့သွားမှသာရောက်နိုင်တာမို့ ဘုန်းကြီးကျောင်းလာတက်တဲ့သူ အားလုံးကို ထမင်းကျွေးပြီးမှသာ ပြန်ခွင့်ပြုပါတယ်. ပဲဟင်း.မုံလာထုတ်သုတ်. ငါးခြောက်ကျော်ငရုတ်သီးစပ်စပ်.ထိုဖူးခေါက်ကြော်. ငါးမုန့်ကြော်တွေနဲ့ ထမင်းကျွေးတာ မောမောနဲ့ဆိုတော့ အရမ်းကို စားလို့ကောင်းတာပါဘဲ. အဲဒီလို ဘုန်းဘုန်းတွေ.ရွာသူရွာသား တွေက စေတနာထားပြီး ဧည့်ခံကျွေးမွေးကြတာပါ. အဝေးကျောင်းတွေကို ကားနဲ့သွားတက်ရတာ ပိုပြီးပျော်ဖို့ကောင်းပါတယ်.

...မြို့တွင်းဘုန်းကြီးကျောင်းတွေကို များသောအားဖြင့် သင်္ကြန်အကျနေ့နဲ့ သင်္ကြန်အကြတ်နေ့တွေမှာ သွားရောက်ကန်တော့ကြပြီး အဝေးကြီးသွားရတဲ့ ကျောင်းတွေကိုတော့ နှစ်ဆန်းတစ်ရက်.နှစ်ရက်တွေမှာ ကားတွေနဲ့သွားကြတာပါ. ကားခေါင်းထိပ်မှာ သာသနာ့အလံ လွှင့်ထူပြီးသွားရင် ဘုန်းကြီးကျောင်းတက်တဲ့ကားမှန်း အားလုံးသိကြတာမို့ ခလေးလေးကအစ အဲဒီကားတွေကို ရေမပက်ပါဘူးရှင်. ဒီလိုဓလေ့လေးက ကျွန်မတို့ တောင်ကြီးမြို့ရဲ့ ချစ်စရာ့ယဉ်ကျေးမှုလေးပါ. ဒီလိုအခါကြီးရက်ကြီးနေ့ တွေမှာဆိုရင် ဘုန်းကြီးကျောင်းတွေရဲ့ ကျက်သရေဆောင်တိုက်ခန်းထဲမှာ အလှူစာတွေက တောင်ပုံရာပုံပါဘဲ.စေတနာ. သဒ္ဓါတရားထက်သန်စွာ လှူဒါန်းကြတာဟာ ၀မ်းမြောက်ဖို့ကောင်းလှပါတယ်.

…သင်္ကြန်ရက်တွေရဲ့ ညနေခင်းတွေမှာဆိုရင် ရပ်ကွက်တွင်းက သက်ကြီးရွယ်အိုတွေ.ရပ်မိရပ်ဖတွေကို တစ်အိမ်တက် တစ်အိမ်ဆင်းကန်တော့ကြရတာလည်း မမေ့နိုင်စရာတစ်ခုပါဘဲရှင်. ကန်တော့ခံဘိုးဘွားတွေကလည်း ကောက်ညှင်းပေါင်း. ငါးပေါင်းကြော်(ကြက်သွန်မိတ်ကြော်). ဂျင်းလက်ဖက်သုတ်.အကြော်စုံ.ဆနွမ်းမကင်း စသဖြင့် အိမ်တိုင်းလိုလို ကျွေးမွေး ဧည့်ခံကြပါတယ်. ကျွန်မတို့ မောင်နှမတွေဆိုတာ အဲဒီလို ကန်တော့သွားရတဲ့နေ့တွေဆိုရင် မုန့်ပွဲတော်ကို ရောက်သွားသလိုဘဲ ခံစားကြရပါတယ်. ဘိုးဘိုး.ဘွားဘွားတွေက ကျွန်မတို့ကို မုန့်ကျွေးတဲ့အပြင် မုန့်ဖိုးတွေလည်းပေးကြပါတယ်. ဘိုးဘွားတွေကို ကန်တော့ရတာ ပိုက်ဆံလည်းရ.ဗိုက်လည်းဝဆိုတော့ ကန်တော့သွားတဲ့သူတိုင်း ပျော်ကြတာပေါ့နော်.

...တောင်ကြီးမြို့ရဲ့ တောင်မြောက်သွယ်တန်းနေတဲ့ မင်းလမ်းမကြီးတစ်လျှောက်မှာ ရေပက်ခံမဏ္ဍာပ်တွေ. ရေပက်ခံကားတွေနဲ့ ဆိုင်ကယ်တွေ ပြေးလွှားသွားလာနေတာကို ကျွန်မတို့အိမ်ပေါ်ကနေ ငေးမောပြီး ကြည့်ရတဲ့အရသာကလည်း ဘာနဲ့မှမလဲနိုင်တဲ့ ခံစားချက်တစ်မျိုးပါဘဲ. တစ်ချက်တစ်ချက် ရေပက်ခံ ကားတွေပေါ်က ဟေးကနဲ. ၀ါးကနဲ နောက်ပြောင်ကျီစယ်နေကြတဲ့ အသံတွေနားထောင်ရင်း သူတို့အပျော်တွေက ကိုယ့်ဆီကို ကူးစက်ပြီး အလိုလိုနေရင်းကို ပျော်နေတော့တာပါဘဲ. ဒီနှစ်သင်္ကြန်မှာလည်း ဦးလေးဖြူတို့.ဦးအငဲတို့ Iron Cross တေးဂီတအဖွဲ့က လာရောက်ဖြေဖျော်ကြမှာမို့ တောင်ကြီးသင်္ကြန် ကတော့ စည်ကားအုံးမှာ အမှန်ပါဘဲရှင်.

…ဒါကြောင့် ဒီလို တန်ခူးလရောက်ပြီဆိုရင် ကျွန်မတို့ရဲ့ တောင်ကြီးမြို့ကို အရမ်းဘဲ သတိရမိပါတယ်. ကျွန်မတို့ ငယ်ငယ်က ကန်တော့ခဲ့ရတဲ့ ဘိုးဘိုး.ဘွားဘွားတွေ. ဆရာ.ဆရာမတွေလည်း အခုဆို မရှိကြတော့ပါဘူးရှင်. သေဆုံးကုန်ကြပါပြီ. အရင်လို ပြန်ပြီးကန်တော့ချင်လို့လည်း မရတော့ပါဘူးရှင်. ရေစက်ရှိတုန်း ခဏတွေ့ဆုံကြပြီး ရေစက်ကုန်တော့ ခွဲခွာကြရတော့တာ ပါဘဲနော်. ဒါကြောင့် အတူရှိနေကြတဲ့ အချိန်ခဏလေးကို တန်ဖိုးထားပြီး တစ်ဦးကို တစ်ဦး မေတ္တာတရားနဲ့ ချစ်ခင်လေးစား ရိုသေသမှုရှိကြရမယ်. တစ်ဦးကိုတစ်ဦး ကူညီစောင့်ရှောက်ကြရမယ်လို့ ကျွန်မတော့ ခံယူမိပါတယ်. ကျွန်မတို့ကသာ တောင်ကြီးမြို့နဲ့ အလှမ်းကွာခဲ့ပေမဲ့ တောင်ကြီးမြို့ရဲ့ ရိုးရာဓလေ့ထုံးစံတွေကတော့ အရင်အတိုင်းပါဘဲ. ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေကတော့ ရှင်သန်မြဲ.ရှင်သန်ဆဲပါဘဲရှင်. နှစ်သစ်ကူးတဲ့ ဒီလိုတန်ခူးလရာသီချိန်ရောက်တိုင်းလည်း ကျွန်မတို့ရဲ့ မွေးရပ်ဇာတိမြေ တောင်ကြီးမြို့လေးကို တမ်းတရစမြဲ. ချစ်စရာကောင်းတဲ့ဓလေ့လေးတွေကို သတိရလွမ်းဆွတ်ရစမြဲပါဘဲရှင်. တောင်ကြီးမြို့ကို ရောက်ဖူးကြတဲ့ သူငယ်ချင်းတွေလည်းပြန်ပြီးအမှတ်ရစေဖို့. မရောက်ဖူးကြသေးတဲ့ သူငယ်ချင်းတွေလည်း ကျွန်မတို့ရဲ့ ယဉ်ကျေးတဲ့ ရိုးရာဓလေ့လေးတွေသိရအောင်လို့ တန်ခူးလ အမှတ်တရအနေနဲ့ မျှဝေပေးလိုက်ပါတယ်နော်.

…မိမိတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်းတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ကြပါစေ…
…နှစ်သစ်မှာ လူသားအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ...
မေတ္တာဖြင့်…


Posted by ayeayemoemeeku on April 11, 2010 at 6:00am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>