၁၃၂၄-ခုနှစ် နွေရာသီအချိန်ကဖြစ်သည်။ ကျေးဇူးရှင်တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ သီတင်းသုံးရာ ခန္တိန်တောင်ကြီးပေါ်ရှိ ကျောင်းသင်္ခမ်းတည်ရာ တောအုပ်ကြီးအတွင်းသို့ တောပစ်၇န် ချင်းလူအုပ်ကြီးတစ်စု ရောက်ရှိလာခဲ့ကြသည်။
ချင်းလူမျိုးတို့ ဓလေ့ထုံးစံအရ နွေရာသီ တောတောင်သာယာချိန်၊ သူတို့၏ တောင်ယာလုပ်ငန်းခွင် အားလပ်ချိန် ကာလတွင် ယောက်ျားတွေ ရွာလုံးကျွတ်ထွက်၍ တစ်ပေါင်းတည်းတောလည်လေ့ ရှိကြသည်။ တောထဲ၌ ညအိပ်ရပ်နားသည်လည်းရှိ၏။ နေ့ချင်းပြန်သည်လည်းရှိ၏။ ထိုနှစ်တွင် သူတို့ တောလည်ထွက်သော လူအုပ်ကြီးသည် တောင်တန်းသာသနာပြုဆရာတော်ကြီး၏ ကျောင်းပရဝုဏ်နှင့် ဆက်စပ်နေသည့် တောအုပ်ကြီးအတွင်းသို့ ဦးတည်ချီတက်လာကြခြင်း ဖြစ်လေသည်။
တောင်တန်းသာသနာပြုဆရာတော်ကြီးသည် မိမိပတ်ဝန်းကျင်အနီးတွင် နေထိုင်ကြသော တောသတ္တဝါများ ဒုက္ခမရောက်စေလိုပေ။ လွတ်လပ်ချမ်းမြေ့ စွာနေရခြင်းကိုသာ လိုလားတော်မူသည်။ သို့သော် တိရိစ္ဆာန်များကို လိုက်လန်သတ်ဖြတ်ရန် ရောက်လာကြသော လူအုပ်ကြီးကို မိမိအနေဖြင့် ပြောဆိုတားဆီးရန် လွယ်ကူမည်မဟုတ်ကြောင်းသိသည်။ ရလိုရငြား ပြောစမ်းကြည့်သေးသည်။ သူတို့ကလက်မခံကြပါ။ “ငါတို့ထုံးစံပဲ၊ သွားမှာပဲ၊ တွေ့သမျှသားကောင်တွေတော့ ပစ်မှာပဲ” ဟူ၍ တောင်တန်းသာသနာပြုဆရာတော်ကြီး၏ မေတ္တာရပ်ခံချက်ကို ပစ်ပယ်ငြင်းဆန်၍ လက်နက်တွေကိုယ်စီထမ်းပြီး ထွက်ခွာသွားကြလေတော့သည်။
တောင်တန်းသာသနာပြု ဆရာတော်ကြီး၏စိတ်ထဲတွင် တောအုပ်ကြီးအတွင်း၌ လွတ်လပ်စွာ ကျင်လည်နေကြရှာသော တောတိရိစ္ဆာန်များကို ပစ်ခပ်ရန် ရန်သူတွေရောက်လာနေကြပေပြီ နေ့စဉ်မေတ္တာပို့ လျှက်ရှိသောကြောင့် ချမ်းမြေ့စွာ နေကြရှာသော သတ္တဝါများ ဘေးရန်မှကင်းလွတ်ကြပါစေ။ ဤတော ဤတောင်၌ စောင့်ကြပ်နေကြသော နတ်အပေါင်းတို့သည် ကူညီစောင့်ရှောက် ပေးကြပါကုန်ဟူ၍ ဆရာတော်ကြီး၏ စိတ်ထဲက လှိုက်လဲစွာ မေတ္တာပို့ရင်းနတ်များကိုတိုင်တည် လိုက်မိသည်။
တောလည်မုဆိုးများသည် တောအုပ်ထူထပ်ရာဆီသို့ ဦးတည်၍ ပျော်ပျော်ကြီး ချီတက်သွားကြသည်။ ချောင်းငယ်တစ်ခုကို ဖြတ်ကျော်ပြီးလျှင် တောင်မြင့် ကမ္ဘားကို မော့တက်ရင်း တောအုပ်ထဲသို့ ဝင်သွားကြသည်။ ထိုတောအုပ်မှလွန်လျှင် ထို့ထက် ပို၍မြင့် သောတောင်ကြီးကို တစ်ဆင့်တက်ကြရမည် ဖြစ်သည်။ ခေါင်းဆောင်လုပ်သူက ရှေ့ ဆုံး မှ ဦးဆောင်၍ ကျန်လူများက နောက်မှ တသီကြီး လိုက်ပါသွားကြလေသည်။
သူတို့တက်သွားကြသော တောအုပ်အထွက် အတက်တောင်မြင့်ကြီးပေါ် ကူးရမည့်နေရာသို့ အရောက်တွင် သူတို့မျှော်လင့် မထားသော ဆီးတားမှုကြီးတစ်ခုကို ရင်ဆိုင်ကြရလေသည်။ ကျားကြီးတစ်ကောင်သူတို့သွား မည့်လမ်းတည့်တည့်မှ ကန့်လန့်ကြီးရပ်၍ မျက်လုံးပြူးပြူးကြီးနှင့် စိုက်ကြည့်နေသည်ကို တွေ့ကြရသည်။ ကျားကြီးမှာ အနီတွင် အနက်ကြောင်းရစ်ပါသော ၁၁-တောင်ခန့်ရှိ အကြီးစားကျားမျိုးဖြစ်၍ သူတို့ကြောက်ရွံ့နေကြသည်။
သူတို့သည် တောင်ပေါ်ချင်းလူမျိုးတို့ ထုံးစံအတိုင်း ထိုကျားကို ရန်မူ-မမူသိရှိရန် ခေတ္တရပ်နား၍ သစ်ကိုင်းခြောက်တစ်ခုကို ခေါင်းဆောင်ကြီးက ချိုးပြသည်။ ကျားကြီးက နေရာမှမရွေ့  မလှုပ်မရှား၇ပ်၍ စေ့စေ့ကြီး ကြည့်နေသည်။ သို့နှင့် ဒုတိယ အကြိမ်အခြား သစ်ကိုင်းခြောက်တစ်ခုကို ချိုးပြလိုက်ပြန်သည်။ ကျားကြီးကားဣနြေ္ဒမပျက် ကြံ့ကြံ့ခံ၍ ဝင်းဝင်းတောက်မျက်လုံးကြီးများဖြင့် စိုက်ကြည့်လျက်ရှိနေသည်။ ချင်းလူမျိုးတို့၏ ရှေးထုံးစံအတိုင်း နောင်ဆုံးတတိယအကြိမ် အခြားသစ်ကိုင်းခြောက်တစ်ခုကို ချိုးပြလိုက် ပြန်သည်။ ထိုအခါ ကျားကြီးသည် “ဝေါင်း” ဟူသော အသံနက်ကြီးထွက်အောင် ဟိန်းသံပေးပြီး ရှေ့သို့ တအားခုန်ဆင်းလိုက်သဖြင့် လူအားလုံး ကြောက်လန့်တကြားဆင်းပြေးလာခဲ့ကြရ လေသည်။
တောင်ပေါ်ချင်းလူမျိုးတို့၏ ထုံးစံမှာ ကျားနှင့်ရင်ဆိုင်တွေ့ရပြီး ရှေ့ မှဆီးတားနေခဲ့လျှင် သစ်ကိုင်းခြောက် ချိုးပြသောအခါ ရှောင်ဖယ်ပါက ရန်မူခြင်းမဟုတ်၊ မတော်တဆ တိုက်ဆိုင်၍ ရင်ဆိုင် တွေ့ကြုံရခြင်းဖြစ်သည်ဟု ယူဆနိုင်သည်။ မိမိတို့သွားလိုရာခရီး ဆက်သွားနိုင်သည်။ သုံကြိမ်တိုင် ချိုးပြသော်လည်း ရှောင်ဖယ်ခြင်းမရှိလျှင် ထိုခရီးပြန်ဆုတ်ရသည်။ ရှေ့ ဆက်သွားလျှင် ဘေးအန္တရာယ် ကြုံတွေ့ရမြဲဖြစ်သည်ဟု အယူရှိသည်။ ယခုမူ မဖယ်ပေးရုံမက အားလုံးကို ကိုက်သတ်မည်ဟူသော အနေဖြင့် ဟန်းဟောက်ရင်း တအားခုန်ဆင်းကာ ခြောက်လန့်ခြင်းပြုလိုက်ပုံမှာ ထင်ရှားလှသည်။
ဤသို့ဖြစ်ပျက်ပုံ အကြောင်းစုံကို ဂေါ်ရခါးရွာမှ တပည့်ဒကာများက တောင်တန်းသာသနာပြုဆရာတော်ကြီးထံ လာရောက်လျှောက်ထားခဲ့ကြသည်။ ထိုသူတို့ အထဲမှ လူအတော်များများကမူ တောင်တန်းသာသနာပြုဆရာတော်ကြီးက သူတို့ကို ကျားနှင့်တိုက်တယ်ဟူ၍ ပြောသွားကြသေးသည် ဆို၏။ ဆရာတော်ကြီးက ကျားကိုကိုက်ခိုင်း၍ ကျားကသူတို့ကို ကိုက်သတ်တော့ မည့်ဆဲဆဲ ဖြစ်ခဲ့ရသည်။ ကံကောင်းလို့သာ အသက်ဘေးမှ သီသီကလေးလွတ်မြောက်ခဲ့ကြရသည်ဟု သူတို့စွဲမြဲစွာ ယံကြည်ထားကြ လေသည်။
အမှန်စင်စစ် တောင်တန်းသာသနာပြုဆ၇ာတော်ကြီးအနဖြင့် ကျားကိုခိုင်းနိုင်စွမ်း မရှိပါလေ။ တောတိရစ္ဆာန်များအပေါ် သနား ကရုဏာစိတ်ကြီးမားမှုသာ အားကောင်းခြင်းရှိသည်။ တောတောင်ရှိနတ်များကိုမူ တိုင်တည်ခဲ့မိသည်။ ထို့ကြောင့်နတ်များက ကူညီ၍ ကျာဲးကြီးနှင့် ခြောက်လန့်လိုက်ခြင်း ဖြစ်တန်ရာသည် ဟု ဆရာတော်ကြီးယူဆမိသည်။ တောင်တန်းသာသနာပြု ဆရာတော်ဘု၇ားကြီး အရှင်ဦးဥတ္တမသာရ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ပညာဂုဏ်နှင့် မေတ္တာစွမ်းအားတို့သည်ကား ထူခြားထက်မြက်လွန်းလှပေစွတကား။
(တင်အောင်သွင် ရေးသားပူဇော်သည့် “အကျော်ဒေးယျဆရာတော်ကြီးများ၏ ဘ၀၊ဩ၀ါဒနှင့် ဖြစ်ရပ်ဆန်းများ”စာအုပ်မှရေးသား ဖော်ပြသည်။)
Posted by kosaijonathan on December 26, 2009 at 10:30am
ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။
No comments:
Post a Comment