2 3 4 5 6 7 8 9 10

Sunday, October 16, 2011

ငယ်ဘ၀ အမှတ်တရ ဖြစ်ရပ်တစ်ခု


........ဒီလိုခေါင်းစဉ်မျိုးကိုတွေ့ လိုက်ရင် လူတိုင်း မိမိဘ၀လမ်းတစ်လျှောက်မှာ အမှတ်တရဖြစ်စေခဲ့တဲ့အကြောင်းရာတစ်ချို့ ကို ရေးသားတင်ပြကြမှာပါပဲ ။ဒီခေါင်းစဉ်နဲ ပတ်သတ်ပြီး ကျွန်တော်ခုအချိန်မှာရေးသားဖြစ်တာကတော့ ကျွန်တော့်ရဲ့ ဘ၀မှာ အတွေးအခေါ်တစ်ချို့ ပြောင်းလဲပေးခဲ့တဲ့ ၊ကိုယ်တိုင်လည်း တွေ့ မြင်ခံစားလိုက်ရတဲ့ ခံစားမှုပီတိလေးကို ပြန်လည်စဉ်းစားမိတဲ့အခါတိုင်း တစ်ခါကငယ်ဘ၀ အဖြစ်ပျက်လေးကို သတိရမိတာကြောင့် ခုလို ရေးဖြစ်တာပါ ။ကမ္ဘာသစ်က သူငယ်ချင်းတွေလည်း ဖတ်စရာလေးတစ်ခုရတာပေါ့ဗျာ ။တစ်ကယ်လို့ များ ကျွန်တော်ရေးသားတင်ပြချက်က လိုအပ်နေတာများရှိရင် သည်းခံဖတ်ရှုပေးပါလို့ အရင်ပြောရပါဦးမယ် ။ ကမ္ဘာသစ်က သူငယ်ချင်းတွေအနေနဲ့ လည်း ကျွန်တော့်ပိုစ့်တွေနဲ့ ယဉ်ပါးနေလောက်ပြီဆိုတော့ နားလည်ပေးနေတတ်လောက်ပြီလို့ မျှော်လင့်ပါတယ်ဗျာ...။
..........အခု ကျွန်တော်ရေးသားတင်ပြတဲ့အကြောင်းအရာက ကျွန်တော့်ဘ၀တစ်စိတ်တစ်ပိုင်းကို ပြန်လည်ရေးသားပြထားသလိုပါပဲ ။လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအကျော် ၁၉၉၀ ပြည့်လွန်နှစ်များဆီက အဖြူအစိမ်းဝတ် အလယ်တန်းကျောင်းသားလေးဘ၀ မှာ ကျွန်တော် တစ်သက်တာအမှတ်တရ ဖြစ်စေခဲ့ပြီး ကမ္ဘာ့အာကာသသိပ္ပံသမိုင်းမှာ အဲဒီအချိန်က ကမ္ဘာ့လူထုအတော်များများ အာရုံစိုက်စိတ်ဝင်စားခဲ့တဲ့ နေအပြည့်ကြတ်မှု ဖြစ်ပွားခဲ့တဲ့အဖြစ်ပျက်ပါပဲ။
…………မကြာခင်မှာပဲ မြန်မာနိုင်ငံမှာ ကြုံတွေ့ လာတော့မယ် ၂၀၁၀ ခုနှစ်ဇန်န၀ါရိ ၁၅ ရက်နေ့  နေအပြည့်ကြတ်မှုဖြစ်စဉ်ကို တွေ့ မြင်ကြရတော့မှာလည်းဖြစ်ပါတယ်။
………… ဒီလို နေစကြ၀ဠာအတွင်းက ဂြိုလ်ကမ္ဘာလတွေရဲ့ သဘာဝတရား ဖြစ်ရပ်ဆန်းတွေကို တစ်ချို့ ကလည်း စိတ်ဝင်စားမှု ရှိချင်မှ ရှိပါမယ် ..တစ်ချို့ ကလည်း ထမင်းစားရေသောက်လောက်ပဲ စိတ်ဝင်စားတာလည်းရှိမယ် ..ဒါပေမယ့် ကျွန်တော့်အဖို့ ကတော့ သဘာဝ လောကတိုင်းမှာ သူ့ အရာနဲ့ သူ၊ သူ့ အချိန်နဲ့ သူ ဖြစ်ပျက်လည်ပတ်နေတဲ့ အရာတိုင်းကို စူးစမ်းလေ့လာချင်တဲ့စိတ်က ငယ်ငယ်ထဲကရှိနေခဲ့တော့ ၀ါသနာပါတဲ့ အလုပ် ကိုယ်စိတ်ဝင်စားတဲ့အရာဆိုရင် ထမင်းမေ့ဟင်းမေ့ကို လုပ်တော့တာပါပဲ ။
………… ခေတ်သိပ္ပံပညာသမိုင်းမှာ ဒီလောကဓာတ်ပညာတွေ ထွန်းကားပေါ်ပေါက်လာတယ်ဆိုတာ အမှန်အားဖြင့်လည်း သိပ်ပြီးကြာလှသေးတာမဟုတ်ပါဘူး။ တစ်ချိန်က ကမ္ဘာမြေကြီးကို နေက လှည့်ပတ်နေတယ်လို့ ယုံကြည်ခဲ့ကြတယ် ။နောက်ပိုင်းမှာ လူသားတို့ ရဲ့ တွေးခေါ်ကြံဆမှု နဲ့ ခေတ်မှီသိပ္ပံပညာတိုးတက်လာတာနဲ့ အမျှ အမှန်တရားကို သိမြင်လာခဲ့ကြပါတယ် ။ကမ္ဘာမြေကြီးဟာ မိမိဝင်ရိုးပေါ်မှာလည်ပတ်ရင်း နေ ကိုလှည့်ပတ်နေတာပါ လို့ တွေးခေါ်ကြံဆပြောကြားခဲ့တဲ့သူကိုပင်လျှင် အရူးသဖွယ် ထင်မြင်ခဲ့ကြပါတယ်။
……… ကျွန်တော်ဦးတည်ရေးသားမယ့် ကျွန်တော့်ဘ၀မှာ အမှတ်တရဖြစ်စေခဲ့တဲ့ ငယ်ဘ၀က အတွေ့ အကြုံလေးကို တင်ပြချင်ပါသေးတယ်။
………. ခုနက အထက်မှာပြောခဲ့သလိုပဲ ၁၉၉၄/၉၅ ၀န်းကျင်ကထင်ပါတယ် ။ကျွန်တော်ကျောင်းသားပေါက်စအရွယ်ပေါ့ ..။ကြာခဲ့ပြီဆိုတော့ အတိအကျမမှတ်မိတော့ပါဘူး ။ကျွန်တော့် မှာ အစ်ကိုကြီးတစ်ယောက်ရှိပါတယ်။စာပေ၀ါသနာပါတဲ့ အစ်ကို၊အစ်မတွေကြောင့် ကျွန်တော်လည်း အလိုလိုနေရင်း ငယ်ဘ၀က အချိန်တော်တော်များများကို စာအုပ်တွေနဲ့ ပဲ အချိန်ကုန်ရင်း ကြီးပျင်းခဲ့တာပေါ့။အမေတို့ လစဉ်၊အပတ်စဉ် ၀ယ်ပေးတဲ့ ရွှေသွေး၊တေဇ၊မိုးသောက်ပန်း စတဲ့ ဖတ်စရာစာအုပ်တွေနဲ့ နွေးထွေးတဲ့ မိသားစုဝန်းကျင်လေးဟာ ကျွန်တော့် ကမ္ဘာငယ် တစ်ခုဖြစ်ခဲ့ပါတယ်။နယ်မြို့ လေးဆိုတော့ အိမ်မှာက ဘေးပတ်ဝန်းကျင်မှာလည်း အိမ်ခြံဝင်းကျယ်တွေနဲ့ သူ့ နေရာနဲ့ သူ၊ သီးသီးသန့် သန့် နေကြတဲ့ ပတ်ဝန်းကျင်ဆိုတော့ ကျွန်တော်နဲ့ ဆက်စပ်တဲ့ပတ်ဝန်းကျင်ဆိုတာ ပြင်ပမှာထက် အိမ်ထဲကစာအုပ်တွေနဲ့ သာ ပျော်မွေ့ ခဲ့တယ်။ဒီစာအုပ်တွေကနေ မရိုးနိုင်တဲ့ အသိတွေ၊ရှာဖွေဆည်းပူးလို့ မကုန်နိုင်တဲ့ အရာတွေရှိပါလားဆိုတဲ့ အသိက ငယ်ကတည်းက စိတ်မှာ စွဲမြဲမိခဲ့ပါတယ်။
………..ဒီလိုနဲ့ ရန်ကုန်မှာ တက္ကသိုလ်တတ်နေတဲ့ အစ်ကိုကြီး အိမ်ကိုပြန်လာတဲ့တစ်နေ့ မှာ ကျွန်တော် စိတ်ဝင်စားစရာ အံ့သြစရာတခု ဖတ်လိုက်ရတယ်။အစ်ကိုကြီးယူလာတဲ့မဂ္ဂဇင်းအမျိုးမျိုးထဲ က တစ်အုပ်မှာ ကျွန်တော်တွေ့ လိုက်တာက နေအပြည့်ကြတ်မှုဖြစ်စဉ် မြန်မာပြည်အလည်ပိုင်းမှ ထင်ရှားစွာတွေ့ မြင်ရမည်.. ဆိုပါလား ။သရုပ်ဖော်ပုံတွေနဲ့ ပါ။ဒါနဲ့  ကျွန်တော်လည်းအသေအချာဖတ်ကြည့်တော့ နေကြတ်မယ့်ရက်က ၃ လကျော်လောက်တောင်လိုနေသေးတယ် ..ဒါပေမယ့် စိတ်ထဲမှာ မနက်ဖြန်သာဖြစ်လိုက်ပါတော့ ၊တွေ့ ချင်မြင်ချင်လိုက်တာပေါ့ ။စာထဲမှာရေးထားတာက နေ့ ခင်းအလင်းရောင် ပျောက်ပြီး ခေတ္တမှောင်သွားမယ်ဆိုပဲ ..ဘုရားရေ အဲလိုတောင်ဖြစ်မှာလားပေါ့ .။ဒီလိုနဲ့  ကျွန်တော်အဲဒီ မဂ္ဂဇင်းထဲက နေကြတ်မှုသတင်းဆောင်းပါးစာမျက်နှာကို ဖြဲပြီးအသေအချာသိမ်းဆည်းထားလိုက်ပါတယ် ။ ကျောင်းသင်ခန်းစာမှာသင်ရတဲ့ တကယ့်နေကြတ်မှု ဖြစ်စဉ်ကို ကျွန်တော်တကယ်ပဲ ရင်ခုန်ကြည်နူးစွာနဲ့ စောင့်မျှော်နေခဲ့မိတယ်။
………..ဒီလိုနဲ့ ပဲ တပတ်ပြီးတစ်ပတ် အချိန်တွေကုန်လွန်ခဲ့ပြီးနောက်မှာ ကျွန်တော်မျှော်လင့်စောင့်စားခဲ့တဲ့နေ့ ကိုရောက်လာပါပြီ။အဲဒီနေ့ မှာ ဒီအရွယ်နဲ့ ပြန်စဉ်းစားရင် ရယ်စရာကောင်းတာက ကျွန်တော့်လွယ်အိပ်ထဲမှာပါလာတဲ့ပစ္စည်းလေးပါ။တစ်ခြားတော့မဟုတ်ပါဘူး။
အိမ်ကထည့်လာတဲ့ ဖယောင်းအတိုနဲ့ မီးခြစ်တစ်ဘူးလေ။မနက်ကျောင်းသွားကာနီးမှာ မီးခြစ်တွေ လွယ်အိတ်ထဲထည့်နေတာမြင်တဲ့အစ်မက ..ဟဲ့ ကောင်လေး..ဘာလုပ်မလို့ လဲ ..နင်ကျောင်းကိုမီးရှို့ မလို့ လားတဲ့..။ ကျွန်တော်က .. အစ်မ မသိပဲနဲ့ အသာနေစမ်းပါ အစ်မရာ နောက်တော့သိမှာပေါ့.. လို့ ပြန်ပြောလိုက်တယ် ။
အစ်မက ဒီအတိုင်းမနေပါဘူး..အမေ့ကိုလှမ်းအော်ပြီး… အမေရေ.ဒီမှာ တူးတူး ဖယောင်းတိုင် မီးခြစ်တွေနဲ့ ကျောင်းမှာဘာလုပ်မလို့ လဲ မသိဘူး…တဲ့။ခက်ပြီ…အမေက..နောက်ဖေးမီးဖိုချောင်ကနေ လှမ်းဆူပါရော .။ ဟဲ့..ကောင်လေး ..ဒီကောင်လေးဟာလေ ပေါက်တတ်ကရ..ဘာတွေလုပ်မလို့ လဲ.ဘယ်မှာလည်း မီးခြစ် ..ဆိုပြီးထွက်လာရော..ကျွန်တော်က လစ်ပြေးပါပြီ..။အိမ် ပြန်လာရင်တော့ ခေါင်းခေါက်ခံရမှာတော့ အသေအချာပါပဲ..။
ဒီလိုနဲ့ ကျွန်တော် ကျောင်းကိုရောက်တော့ သူငယ်ချင်းတစ်ချို့ ကိုပြောပြပါတယ် ။အခု ကာကွယ်ရေးဝန်ကြီးဌာန ( အားကစား) မှာ တာဝန်ထမ်းနေတဲ့ တပ်ကြပ်ကြီးမြတ်ဆုအောင် ပေါ့။သူကတော့ ကျွန်တော့်အချစ်ဆုံးငယ်ပေါင်း သူငယ်ချင်းတစ်ဦးပါ ။သူကပြောပါတယ် ‘..မင်းဟာက သေချာလို့ လားကွာ..ဒါပေမယ့် မင်းကစာအုပ်တွေဖတ်တော့ ဟုတ်ရင် ဟုတ်မှာကွ..တို့ စောင့်ကြည့်တာပေါ့..တဲ့ ။ပြောသာပြောရတာ..တကယ်ရောဖြစ်ပါ့မလား..စိတ်ထဲမှာတော့ မယုံသင်္ကာပါပဲ .။ဒါပေမယ့် စာအုပ်စာပေတွေထဲမှာရေးတယ်ဆိုတာ တကယ်ဖြစ်မှာမို့ သာရေးတာနေမှာဆိုတာ ကျွန်တော်စဉ်းစားမိတော့ အချိန်ကိုသာစောင့်နေလိုက်ပါတယ် ။ကျောင်းကိုရောက်တော့ လနဲ့ နေသွားတဲ့လမ်းကြောင်းကို အပြင်ကိုထွက်ထွက်ပြီးကြည့်နေမိတယ် ။မှတ်မိတာကတော့ မနက် ၁၀ နာရီကျော်ကျော်လောက်ပါပဲ။ကျွန်တော်တို့ အတန်းကလည်း အဲဒီနေ့ မနက်ကျမှ ဆရာကစာသင်နေပါတယ်..ဆရာက လက်ကလက်ပတ်နာရီလေး ကြည့်လိုက် ကျောင်းစာသင်ခန်းအပြင်ကိုလည်း တကြည့်ကြည့်လုပ်နေတဲ့ ကျွန်တော့်ကို ..ဒီကောင် ဘာတွေ ဂနာမငြိမ်ဖြစ်နေတာလည်း.. ဆိုတဲ့အကြည့်နဲ တစ်ချက်တစ်ချက်လှမ်းကြည့်ပါတယ် ။
…….. ခဏကြာတော့ နေ့ အလင်းရောင် တဖြည်းဖြည်းမှိန်လာနေတာ ကျွန်တော်သတိထားမိနေတယ်။နေ စပြီးကြတ်နေပြီဆိုတာ ကျွန်တော်သိလိုက်ပြီ..။ အပြင်ကိုပြေးထွက်ပြီး ကြည့်ချင်လိုက်တာ အရမ်းပါပဲ။ သုံးလကျော်လောက်စောင့်ခဲ့ရတဲ့ နေ့ ကိုးဗျ။
.............ဒီလိုနဲ့ နောက် မိနစ်ပိုင်းအကြာမှာ အမှောင်ထုက ကြီးစိုးလာပါတော့တယ်။ အစကတော့ အတန်းထဲက ကျောင်းသူကျောင်းသားတွေရော ဟိုဘက်ဒီဘက်က ဆရာဆရာမများပါ ရိုးရိုးမိုးအုံ့ တယ်လို့ ထင်နေကြပါတယ် ။နောက်တော့ ဟိုဘက်ခန်းကဆရာကနေကြတ်တော့မယ်ဟေ့..ကြည့်ကြကြည့်ကြ ..ဆိုပြီး လာအော်ပါတယ်..ကျွန်တော်လည်း နဂိုထဲကအကွက်ချောင်းနေတာဆိုတော့ ..ကျောင်းဝရံတာကနေ ခုန်ချပြီး ထွက်ကြည့်လိုက်တော့ နေကို လက စပြီး ကွယ်နေပါပြီ..။ .................တဖြည်းဖြည်း နေလုံးက ကွယ်ပျောက်ပြီး လက ရှေ့ မှာ မည်းနက်နေပါတယ် ။ အဲဒီအချိန် ကျွန်တော်ခံစားမိတဲ့ ပီတိက ခုချိန်ထိမေ့လို့ မရပါဘူး ။နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ ညီအစ်ကိုမောင်နှမချင်းပဲ ပြန်တွေ့ လိုက်ရသလို ၊နှစ်ပေါင်းများစွာ မျှော်လင့်နေတဲ့ အရာတစ်ခုကိုပဲ လက်ဝယ်ပိုင်ဆိုင်မိလိုက်သလို ကြည်နူးဝမ်းသာဖြစ်ရပါတယ်။ကျွန်တော့်ရင်တွေ တဒိတ်ဒိတ်ခုန်နေပါတယ် ..။အသက် ၁၀ နှစ် ၀န်းကျင် ကလေးသာသာ အရွယ်က စိတ်ဝင်တစားစောင့်ကြည့်ခဲ့မိတဲ့ ကမ္ဘာ နဲ့ ချီပြီး လူထုသန်းပေါင်းများစွာ စိတ်ဝင်တစားဖြစ်ခဲ့တဲ့ အဲဒီအချိန်က အာကာသ သဘာဝသိပ္ပံသဘောသဘာဝကို မျက်ဝါးထင်ထင်မြင်မိခဲ့တာပါ ။ .........................နေကြတ်မှုက နေအပြည့်ကြတ်တာဆိုတော့ ခဏအကြာမှာ နေလုံးအပြည့်ကွယ်ပျောက်ပြီး ညနေမိုးချုပ်နေ၀င်ရီတရောလိုကြီးဖြစ်သွားပါတော့တယ်။ အဲဒီအချိန်မှာ ကျွန်တော့်ဘ၀ တစ်သက်တာ တစ်ချိန်တစ်ခါမှ မမြင်ဘူးခဲ့တဲ့ အလင်းရောင် မှုန်ပျပျကို မြင်နေရပါတယ်။ တစ်ခြားဂြိုလ်ကမ္ဘာကိုပဲ ရောက်နေသလိုလို စိတ်ထဲဖြစ်နေမိတယ် ။ပတ်ဝန်းကျင်က နေ့ လည်းမဟုတ်၊ ညလည်းမဟုတ်ပဲ ..စိမ်းရွှေရွှေအရောင်ဖြစ်နေပြီး ပုံပြင်ဇာတ်လမ်းကာတွန်းတွေမှာ ဖတ်ရတဲ့ ကမ္ဘာ့ပျက်မယ့်နေ့ ကြီးလိုလို ဘာလိုလိုနဲ့ ..ကျွန်တော့်စိတ်ထဲ ဖြစ်မိတဲ့ ငယ်ငယ်က အတွေးပေါ့လေ။တစ်ချို့ အတန်းငယ်တဲ့ ကောင်မလေးတွေက ဘာမှန်းညာမှန်းမသိပဲ လန့် အော်ငိုနေတဲ့လူကငိုနေကြပြန်ပါတယ်။ ကျွန်တော်ကကတော့ အံ့သြငေးမောမှင်တတ်နေမိတာ မတ်တပ်ကြီးမေ့နေသလိုပါပဲ ။
..................ဒီလိုနဲ့ ခံစားမှုအတွေးမျိုးစုံနဲ့ နေကြတ်မှုကို ကြည့်နေရင်း တဖြည်းဖြည်း လကနေကိုဖုန်းကွယ်ထားရာကနေ လွတ်ထွက်လာပါတယ်။နေက ကျွန်တော့်တို့ လဆန်းပိုင်းမှာမြင်နေရတဲ့လရဲ့ အသွင်သဏ္ဍာန်လိုပဲ ခုံးမျက်စလေးဖြစ်နေပါတယ်။
ခဏနေတော့ နေကတဖြည်းဖြည်း ထွက်လာပြီး ပုံမှန်နေ့ အလင်းရောင် ထွက်လာပါတော့။
ကျွန်တော့်ရဲ့ ကြိုတင်ပြင်ဆင်ပြီးယူခဲ့တဲ့ ဖယောင်းတိုင်နဲ့ မီးခြစ်လေးကတော့ လွယ်အိတ်ထဲကနေ မထုတ်လိုက်ပါဘူး။.အဲဒီနေ့ က အခြားသော ကျောင်းသူကျောင်းသားမျာနဲ့ ရပ်ရွာနေလူထုအတွက်တော့ မထင်မှတ်တဲ့ ဖြစ်ရပ်တစ်ခုဖြစ်လိုက်တယ်၊ တွေ့ လိုက်တယ် ဆိုတာကလွဲပြီး ဘာမှတော့ ထူးထူးခြားခြားမဖြစ်ကြပေမယ့် ကျွန်တော့်အတွက်ကတော့ တစ်သက်တာအမြဲအမှတ်ရနေမယ့် အဖြစ်ပျက်တစ်ခုပါပဲ။ဒီအဖြစ်ပျက်ကြောင့် ကျွန်တော်စိတ်ထဲမှာ .တွေးထင်မြင်မိတာက.. ပညာဆိုတာ ရှာဖွေလို့ ရောကုန်ပါ့မလား ဆိုတာပေါ့..။ခုလို စိတ်လှုပ်ရှားအံ့သြစရာတွေနဲ့ အခြားစိတ်ဝင်စားစရာကောင်းတဲ့ သိပ္ပံဆိုင်ရာဖြစ်ရပ်တွေ၊ သမိုင်းကြောင်းဆိုင်ရာတွေ စသဖြင့် လေ့လာဆည်းပူးလို့ မကုန်နိုင်ပါဘူး။ အဲဒီမှာတင် စာဖတ်ခြင်းနဲ့ စာပေလေ့လာလိုက်စားခြင်းရဲ့ အကျိုးကျေးဇူးကို ကျွန်တော်စိတ်မှာ သံမှိုစွဲသလိုပဲ မှတ်ယူထားခဲ့မိပါတော့တယ် ။
..........အချိန်ရတိုင်း ကျောင်းစာကနည်းနည်း အပြင်စာတွေဖတ်တာကများပြီး ကျောင်းပညာရေးကို သိပ်ပြီး အားမထုတ်ဖြစ်ခဲ့ဘူး။စာပေဆိုတာ အတန်းပညာတစ်ခုထဲမှာပဲ ရှိတာမဟုတ်ဘူးဆိုတာ ကျွန်တော်ငယ်ငယ်ထဲက လက်ခံခဲ့တာပါပဲ။အဲဒီအတွက် မကောင်းတဲ့အချက်ကတော့ စာမေးပွဲနီးမှ စာလုပ်ဖြစ်တော့တဲ့ အချက်ပါ။နောက်ပိုင်း မှာစာကျက်ဖို့ ကိုပျင်းသွားလိုက်တာ အထက်တန်းကျောင်းသားဘ၀ကနေ့ နောက်ဆုံး တက္ကသိုလ်မဟာဝိဇ္ဇာတန်းအထိ စာဖတ်၍ဖြေခြင်းပါပဲ။ကျွန်တော့်အမြင်က on paper ပေါ်မှာ အလွတ်ကျက်ပြီး ဘာမှ မသိပဲရေးချတာထက် ကိုယ့်ရဲ့ အတွေးအသိပညာနဲ့ ပဲရေးတာက ပိုပြီးအနှစ်သာရ ရှိတယ် ၊တကယ့်ပညာရေး ဆန်တယ်လို့ မြင်မိပါတယ်။ အဲ.. .. အဲလိုမြင်မိလို့ လည်း ပြန်ပြန်ဖြေရတာ ခဏခဏပါပဲ ။ဖြစ်ပုံကို ပြောတာပါ ။
…………အခု ဒီအကြောင်းအရာလေးတွေ ဟာ ကျွန်တော်နန္ဒရဲ့ ငယ်ဘ၀က အမှတ်တရဖြစ်စေခဲ့တဲ့အဖြစ်ပျက်လေးမို့  မျှဝေတင်ပြလိုက်တာပါ.။အချိန်အခါနဲ့ လည်း တိုက်ဆိုင်နေတာကြောင့် ..အမှတ်ရမိတာနဲ့ ဒီပို့ စ်လေးကို တင်လိုက်ပါတယ် ။

..........အခုလည်း လာမည့် ဇန်န၀ါရီလ ၁၅ ရက်နေ့ မှာ ဒီလို နေကြတ်မှုမျိုးကို မြန်မာနိုင်ငံမှ ထပ်မံမြင်တွေ့ ရတော့မှာဖြစ်ပါတယ် ..နေ့ လည် ၁ နာရီ မိနစ် ၂၀ ကျော်ခန့် မှ စပြီး ညနေ ၄ နာရီခွဲခန့် အထိ နေရာဒေသ အသီးသီးမှ နေကြတ်မှုကိုတွေ့ မြင်ရမှာ ဖြစ်ပါတယ် ။ဒီလိုနေကြတ်မှုမျိုးကို ခရစ်သက္ကရာဇ် ၁၅၀၀ မှစပြီး ၂၁၀၀ အတွင်းမှာ ၂၅ ကြိမ်သာတွေ့ မြင်ရမှာဖြစ်ပြီး ယခုတွေ့ မြင်ရမယ့် နေကြတ်မှုဟာ ၂၄ ကြိမ်မြောက်ဖြစ်ကြောင်း သိရပါတယ် ။ နောက်ဆုံး ၂၅ ကြိမ်မြောက်နေကြတ်မှုကို ( 22.6.2085 ) နောင်လာမည့် နှစ်ပေါင်း ၇၀ ကျော်အကြာမှာ ထပ်မံတွေ့ကြုံရမှာ ဖြစ်တယ်လို့  သိရပါတယ်။ဒါပေမယ့် ၂၅ ကြိမ်မြောက် နောင်လာမည့်နှစ်ပေါင်း ၇၀ ကျော်အကြာမှာ ကျွန်တော်တို့ တွေ ရော ကမ္ဘာသစ်ပါ ရှိကြမှာမဟုတ်တော့ပါဘူး ။ အခုအချိန်မှာတော့ ဒီနေ့ ..

ခေတ်ရဲ့ ယဉ်ကျေးမှု ရေစီးကြောင်းတစ်ခု ဖြစ်တဲ့ ကမ္ဘာသစ်ကနေ ကျွန်တော်တို့ ဆုံဆည်း နိုင်ကြ၊အတွေ့ အကြုံတွေ ဝေမျှဖလှယ်နိုင်ကြတဲ့ အချိန်အခါမှာ အမှတ်တရပိုစ့်တစ်ခုအနေနဲ့ ကမ္ဘာသစ်မှ သူငယ်ချင်းများအားလုံးသို့  ချစ်ခြင်းအားဖြင့် ရေးသားတင်ပြလိုက်ရပါကြောင်း.........။

.....................


January15, 2010 နေကြတ်မယ့် မြင်ကွင်းပုံစံပါ။

နန္ဒ ( ကမ္ဘာသစ် )

http://newworldnanda.ning.com/

Posted by Nanda on January 12, 2010 at 6:00pm 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>