2 3 4 5 6 7 8 9 10

Sunday, October 16, 2011

ဆုတောင်းတိုင်း ပြည့်လိုသော်

ဆုတောင်းခြင်း ဟူသည်မှာ မိမိလိုအပ်သော အကျိုးကို စိတ်ဖြင့် မှန်းဆ၍ ဖြစ်စေ၊ နှုတ်ဖြင့် တမ်းတ၍ ဖြစ်စေ တောင်းဆိုခြင်းဖြစ်သည်။
ပါဠိဘာသာလို “ပတ္ထနာ“ “ယာစနာ“ စသော အားဖြင့် ခေါ်ဝေါ်သုံးနှုန်းသည်။ အဘိဓမ္မတရား ကိုယ်သဘောအားဖြင့် “ဆန္ဒစေတသိက်“ တည်း။
ယင်းသို့ ဆုတောင်းရာတွင် တောင်းသောဆုကို ပေးမည့်သူမှာ အခြားသူမဟုတ်။ မိမိ (ပြုသောကံ) သာလျှင် ဖြစ်သောကြောင့် ဆုကို တောင်းရုံတောင်း၍ မရနိုင်၊ ကောင်းမှုကုသိုလ်ကိုလည်း ပြုရဦးမည်။ တစ်ဖန် ကုသိုလ် ကောင်းမှုပြု၍ ဆုမတောင်းလျှင်လည်း အကျိုးရရှိမှု မသေချာသောကြောင့် ကုသိုလ်ကောင်းမှု တစ်စုံတစ်ခု ပြုတိုင်း ဆုကိုလည်း တောင်းရပေမည်။




 


ကုသိုလ်ကောင်းမှုပြု လုပ်ပြီးနောက် ကောင်းမှုရှင် ပုဂ္ဂိုလ်များတွင် တချို့က ရေစက်ချ ခြင်းနှင့်အတူ “ဆုတောင်းခြင်း၊ အမျှဝေခြင်း“ တို့ကို ဆက်လက်ပြုလုပ်လေ့ ရှိသော်လည်း အချို့က “ပြုလုပ်ရန်မလို၊ ရေစက်မချလည်းကုသိုလ် ရပြီးသားပဲ“ ဟုသဘောထားကာ မပြုလုပ်ဘဲ နေတတ်ကြပါသည်။
အမှန်စင်စစ် ဆုတောင်းခြင်း၊ အမျှဝေခြင်း အလုပ်တို့သည် အချည်းအနှီး အကျိုးမဲ့ မဟုတ်ကြပါ။ သေချာပေါက် အကျိုးစီးပွားကို တိုးတက်ရယူလို၍ အပိုထပ်ကာ အမြတ်ပေါ်အောင် ပြုလုပ်ကြခြင်းသာ ဖြစ်သည်။ သို့သော် နည်းစနစ်မှန်ကန်မှုရှိအောင် မလုပ်တတ်လျှင် အကျိုးမရ အပြစ်ရ၍ အရင်းရှုံးတတ်ကြပါသည်။
ကောင်းမှုကုသိုလ်ဆိုရာ၌ ကောင်းသော ဆုနှင့် ပြည့်စုံနိုင်သော ကောင်းသော ကုသိုလ်မျိုးမှာလည်း “သီလ ရှိသူသည် စင်ကြယ်သူ ဖြစ်သောကြောင့် မိမိတောင်းသည့် ဆုအတိုင်း ပြည့်စုံရ၏“ ဟု (အံ၊ ၃-ဒါန ပတ္တိသုတ်)၌ ဘုရားရှင်ဟောတော်မူခဲ့သောကြောင့် သီလစောင့်စည်းမှု ရှိသူ၏ ကောင်းမှုကုသိုလ် သည်သာ တောင်းဆုနှင့် ပြည့်စုံကြောင်းကိုလည်း သတိပြုသင့်ပါသည်။
ဆိုလိုသည်မှာ “မိမိနှစ်သက်သော အရာဝတ္ထုကို လိုချင်လျှင် တန်ရာတန်ကြေး ပေးယူမှ ရနိုင်သကဲ့သို့“ ဆုတောင်း ရာ၌လည်း ကောင်းသောဆုနှင့် တန်အောင် ကုသိုလ်ကောင်းမှုကို ပြုလုပ်မှ (ကုသိုလ်ကောင်းမှု တည်း ဟူသော တန်ရာတန်ကြေးကို ပေးမှ) မိမိလိုလားတောင့်တသော ဆုကို လိုလားတောင့်တသည့် အတိုင်း ရရှိနိုင်ပေမည်။
အချုပ်အားဖြင့် ဆိုလိုသည်မှာ “တောင်းသော ဆုနှင့် ပြည့်ဝ လိုသော် (၀ါ) တောင်းသောဆုနှင့် ပြည့်စုံချင်လျှင်“ သီလရှိသူ စင်ကြယ်သူဖြစ်အောင်လည်း ပြုလုပ်၊ ကောင်းမှုကုသိုလ်လည်းပြု၊ ဆုကိုလည်းတောင်း“ လျှင် “ဆုတောင်းတိုင်း ပြည့်ဝမှာ“ ဧကန် မုချ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။


လူသားတိုင်း လိုအင်ဆန္ဒ များစွာရှိကြမှာပါ.. အလိုဆန္ဒတွေ ပြည်ဝ စေဘို့ ကျမဖတ်ခဲ့ရတဲ့ မြတ်သတိဝါဒီ သဒ္ဓမ္မ မဂ္ဂဇင်းမှာ ဆရာ မောင်ဥတ္တရ ရေးသားဖေါ်ပြထားတဲ့ ဆုတောင်းတိုင်း ပြည့်လိုသော် ဆောင်းပါးလေးကို သူငယ်ချင်းအားလုံး သိရအောင် ဖေါ်ပြပေးခြင်းဖြစ်ပါတယ်.. ခင်မင်လေးစားလျှက် .. C.D 


 ကမ္ဘာသစ် မြန်မာ Fan Page
 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>