အရှင်ပရမ (သာသနာ့တက္ကသိုလ်) ရေးသားသည့် ဆောင်းပါးလေးတစ်ပုဒ်ပါ
............ခွဲမရအောင်တူသည့်အမွှာနှစ်ဦး၏ ဇာတ်လမ်းလေးတစ်ပုဒ်ကို 2004
မှာဖတ်ဖြစ်တာကို သတိရမိရင်း သူငယ်ချင်းတို့ ကိုပြောပြချင်မိပါတယ်။
တစ်ဦးကမျှော်လင့်ချက်တွေပြည့်ဝနေသည့် အကောင်းမြင်တတ်သူ၊ အရာအားလုံးဟာ သာယာဖြောင့်ဖြူးနေတယ်.....ဟုသူကပြောနေလိမ့်မယ်။
အခြားအမွှာတစ်ဦးကတော့ ၀မ်းနည်းကြွေကွဲနေပြီး မျှော်လင့်ချက်မဲ့နေသည့် အဆိုးမြင်တတ်သူ။ သူထင်တာက မာဖီ၏
အယူအဆအတိုင်း မှားနိုင်သော
ကိစ္စမှားနိုင်မည်သာဟု အဆိုးမြင်တတ်သူ။သူတို့အတွက် စိုးရိမ်သောကရောက်နေသည့် မိဘနှစ်ပါးသည် ကောင်လေးတွေကို ဒေသခံ
စိတ်ပညာရှင်တစ်ဦးထံခေါ်သွားပါတယ်။
ဆရာက အမွှာနှစ်ဦး၏ ပင်ကိုယ်စရိုက်ကို ချိန်းထိုးကြည့်ဖို့ မိဘတွေကိုအစီအစဉ်တစ်ခု အကြံပြုတယ်။ လာမယ့်သူတို့ေးလတွေရဲ့
မွေးနေ့မှာ သူတို့ကိုအခန်း တစ်ခန်းစီးခွဲထားပြီး သူတို့ရဲ့ မွေးနေ့ လက်ဆောင်တွေကို အဖွင့်ခိုင်းပါ။
အဆိုးမြင်တတ်သူကိုတတ်နိုင်သမျှ အကောင်းဆုံးကစားစရာဝယ်ပေးပါ။
အကောင်းမြင်တတ်သူကိုတော့ မြင်းချေးတစ်ဘူးဝယ်ပေးလိုက်ပါ။ မိဘနှစ်ပါးက အကြံပြုချက်ကိုလိုက်နာဆောင်ရွက်ပြီး
ရလာဒ်ကိုဂရုတစိုက် စောင့်ကြည့်တယ်။
အဆိုးမြင်တတ်သူ အခန်းထဲသို့ မိဘနှစ်ပါးကချောင်းကြည့်လိုက်တော့ မကျေမနပ်သံတွေကြားနေရတယ်။ ဒီကွန်ပျူတာအရောင်ကြီးကို
မကြိုက်ဘူး၊ ဒီဂဏန်းပေါင်းစက်ကြီးပျက်သွားမယ်ဆိုတာငါပြောရဲတယ်။ ဒီကွန်ပျူတာဂိမ်းလဲမကစားချင်ဘူး။ ဒီထက်ကြီးတဲ့
ကစားစရာအရုပ်ကားရထားတဲ့သူကို
ငါသိတယ်။ စသည်ဖြင့်မကျေနပ်သံများကို ကြားနေရပါတယ်။
ခြေဖြားထောက်ပြီး စင်္ကြတစ်ဖက်မှ အကောင်းမြင်သူအခန်းသို့ သွားကာချောင်းကြည့်လိုက်တော့ အကောင်းမြင်တတ်သူသည်
သူ၏မြင်းချေးဘူးလေးကို လေထဲကို မြှောက်ပြီးတခစ်ခစ်ရယ်လျက်ပျော်ရွှင်စွာ ကစားနေသည်။ ငါ့ကိုဒီလိုအရှုးလုပ်လို့ မရဘူး။
မြင်းချေးရှိမှတော့ မြင်းရှိရတော့မှာပေါ့တဲ့..................
အရှင်ပရမ (သာသနာ့တက္ကသိုလ်)ရေးသားသောဆောင်းပါးလေးကိုဖတ်မိတော့ ကျွန်မကိုယ် ကျွန်မ စဉ်းစားမိပါတယ်။
မိမိဘယ်အမျိုးအစားထဲမှာပါသလဲ။
ရာခိုင်နုန်းအားဖြင့် အများဆုံးကတော့ ကျွန်မဟာအဆိုးမြင်တတ်တဲ့သူတစ်ယောက်ဖြစ်နေပါတယ် ။ ပြသနာတစ်ခု
အပြောင်းအလဲတစ်ခုကိုရင်ဆိုင်ရတိုင်း ၀မ်းနည်းကြွေကွဲလွယ်ပြီး၊
မျှော်လင့်ချက်မဲ့၊စိတ်ဓါတ်အလွယ်တကူကျတတ်တဲ့သူတစ်ယောက်ဖြစ်နေပါတယ်။
2001ခုနှစ်မှာ ကျွန်မအစ်မဟာ အူကင်စာရောဂါဖြစ်ရင်းဆေးကုသနေရင်းမှ အူကိုဖြတ်တောက်လိုက်ရပါတယ်။
အစားအသောက်ကိုလဲအတိုင်းအတာနဲ့ စားရသလို၊တစ်နေ့တစ်နေ့ သောက်ရတဲ့ဆေးတွေဟာလည်း စိတ်ပျက်စရာပါပဲ။ ဆေးရဲ့
အာနိသင်တွေကြောင့် ကျောက်ကပ်ရောဂါခံစားရရင်း။ ကျောက်ကပ်မကောင်းတော့သဖြင့် ကျောက်ကပ်အစားထိုးကုသဖို့
လိုအပ်လာပါတယ်။ အဲဒီတော့ သွေးသားရင်းခြာဖြစ်တဲ့ကျွန်မဟာ အစ်မအတွက်ကျောက်ကပ်တစ်ခြမ်း ပေးလှူခဲ့ပါတယ်။ အဲဒီအချိန်မှာ
အခြေအနေအရ မဖြစ်မနေ ကျွန်မ၀ါသနာပါတဲ့အလုပ်ကနေထွက်လိုက်ရပါတယ်။ ကျွန်မဟာ ဘွဲ့ လွန်ဆက်တက်နေရင်း
ဘူမိဗေဒဌာနမှာ
နည်းပြဆရာမလုပ်နေတဲ့အချိန်ပါ။
စိတ်ပူနေကြတဲ့မိဘတွေနဲ့ ကျွန်မပေးလှူခဲ့ရတာတွေအတွက် အစ်မဟာ သူအသက်ရှင်နေရမယ်ဆိုပြီး စိတ်ဓါတ်ခိုင်မာစွာဖြင့်
နည်းမျိုးစုံနှင့်ကျန်းမာလာအောင် ကျိုးစားပြီးနေကောင်းအောင်နေပါတယ် ။ မိသားစုတွေဟာသူ့ အတွက် ပူဆွေးသောကရောက်နေ
ကြပေမဲ့ ၊သူကတော့တို့ညီအစ်မတွေဟာ နှစ်ဦးပေါင်း ကျောက်ကပ်တစ်စုံနဲ့ အသက်ရှင်ရတယ်၊ ရေစက်ဆိုတာဘယ်ဘ၀မှ
ကုန်တော့မှာ မဟုတ်ဘူးဆိုပြီး ကျွန်မတို့ ညီအစ်မနှစ်ဦးရဲ့ ဘ၀ရေစက်ကိုအားရ၀မ်းသာနေပါတယ်။
သူရဲ့ခံယူချက်ကတော့ သူအသက်ရှင်နေသရွေ့ ကျွန်မအတွက်မိခင်တစ်ဦးကဲ့သို့ ဖြည်းဆည်းပေးနေရင်း၊
ဘ၀ကိုအကောင်းဘက်ကနေမြင်ရင်း ရှင်သန် နေထိုင်ပါတယ်။ကျွန်မကတော့သူ့ အတွက်စိတ်ပူနေရင်း၊
ကျွန်မတို့မိသားစုရင်ဆိုင်ခဲ့ရတဲ့ဒုက္ခတွေ၊ မိဘတွေရဲ့ ကျွန်မတို့ညီအစ်မနှစ်ဦးအတွက် ပူပင်ခဲ့ရတဲ့
သောကတွေ၊ကျွန်မ၀ါသနာပါတဲ့အလုပ်ကို စွန်လွတ်ခဲ့ရတာတွေ၊ အားလုံးကို မေ့ဖျောက်မရနိုင်အောင်၊ ခုချိန်ထိ
ခံစားဝမ်းနည်းစိတ်ဓါတ်ကျမိဆဲပါပဲ။ဒါပေမဲ့အစ်မဟာခုချိန်မှာမိဘများနှင့်အတူနေထိုင်ရင်း၊ အိမ်ထောင်ဦးစီးတစ်ဦးကဲ့သို့
ရပ်တည်နေထိုင်ပါတယ်။
ကျွန်မကတော့ ကျန်းမာရေးညံလာရင်း၊ အပင်ပန်းမခံနိုင်လောက်အောင်၊ကျောက်ကပ်ခဏခဏ ရောင်တတ်တဲ့ရောဂါ
ဝင်လာပါတယ်၊ကျွန်မအဲဒီလိုဖြစ်လာတဲ့အခါမှာ
အစ်မကတော့  ကျွန်မမသိနိုင်အောင် တိတ်တဆိတ် စိတ်မကောင်းဖြစ်ပါတယ်။ ကျွန်မအတွက်သူခံစားရတာတွေကိုသိရတော့
ကျွန်မကြောက်လန့် စိတ်ဓါတ်ကျတာတွေ၊ ကိုယ်လုပ်ချင်တဲ့အရာကိုစိတ်သွားတိုင်း ကိုယ်ပါအောင်မစွမ်းဆောင်နိုင်လို့
အားငယ်မိတာတွေ၊အားလုံးကိုမေ့ဖျောက်ပြီး ဖြစ်လာသမျှအားလုံးကို ရင်ဆိုင်နိင်ဖို့ အကောင်းမြင်နိုင်ဖို့ စိတ်ကိုပြောင်းလဲဖို့ရန်
နည်းလမ်းရှာဖွေမိပါတယ်။
အရင်ကဆို ကျွန်မအရာရာတိုင်းကိုအဆိုးဘက်ကမြင်မိပြီး၊ စိတ်ပျက်မိပေမဲ့။ ခုချိန်မှာ ကျွန်မအစ်မနှင့်အတူ
လောကမှာအသက်ရှင်လျက်၊အတူတူနေခွင့် ရသလို၊ရင်ဆိုင်ရတဲ့ဒုက္ခတွေဟာ အရာရာမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ ရန်အတွက်
၊ အပြောင်းအလဲ တွေပါပဲလို့ ခံယူတတ်နေပါပြီ။
ဘ၀ဆိုတဲ့ရှင်သန်ရတဲ့ အချိန်ကာလတိုတိုလေးမှာ အကောင်းဆုံး လုပ်ဆောင်နိုင်ရန်လိုအပ်သလို၊သည်းခံပေးဆပ်မှု၊
ရောင်ရဲမှုများနှင့်အတူ ပျော်ရွှင်စွာ အရာရာတိုင်းပြောင်းလဲမှုတိုင်း၊ဒုက္ခသုခတိုင်းကိုအကောင်းဘက်ကတွေးထင်ယူဆရင်း
ရှင်သန်နေထိုင်ရမယ်လို့ ကျွန်မဆုံးဖြတ်မိပါတယ်။
***** The Optimist *****
The Optimist sees the doughnut, the pessimist sees the hole .
( McLandburgh Wilson)
အကောင်းမြင်သမားက ဒိုးနတ်မုန့် ကိုမြင်တယ်။ အဆိုးမြင်သမားကတော့ မုန့် မှာပါသည့် အပေါက်ကိုသာမြင်သည်။
( မက်လန်းဘဂ် ၀ီလီဆင်)
ကျွန်မဘ၀အတွက် ပြောင်းလဲစေနိုင်တဲ့အင်အားကိုဖြစ်စေတဲ့ ဆောင်းပါးလေးကိုဖတ်ခဲ့ရတဲ့အတွက် ဆရာတော်အား
ကျေးဇူးတင်စွာဖြင့်ဦးခိုက်ပါတယ်။
သူငယ်ချင်းတိုအားလုံးလဲ ဘ၀ကိုအကောင်းမြင်သမားတစ်ဦးအနေဖြင့် ရှင်သန်ရင်ဆိုင်နိုင်ကြပါစေ...........
ခင်မင်စွာဖြင့်
ခင်စိုးထွဋ်
Posted by khin soe htut on January 7, 2010 at 8:00am

No comments:
Post a Comment