2 3 4 5 6 7 8 9 10

Sunday, October 16, 2011

ဗိုလ်ချုပ်တို့မြို့လေးသို့ အမှတ်တရ

လွတ်လပ်ရေးနေ့က ရောက်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်တို့ မြို့လေးအကြောင်းကို ပြောပြချင်လို့ပါ။ လွတ်လပ်ရေးနေ့မှာ သီတဂူဆရာတော်နဲ့ သီတဂူသာသနာပြုအဖွဲ့က သွားရောက်ပြီး ဗိုလ်ချုပ်ရဲ့နတ်မောက်မြို့လေးမှာ မျက်စိဆေးရုံတစ်ရုံကို
သွားရောက်ဖွင့်လှစ်ရေစက်ချလှူဒါန်းခဲ့ပါတယ်။
မြေလတ်ပိုင်းတွေထဲမှာတော့ လမ်းပန်းဆက်သွယ်ရေးကလည်းမကောင်း ရာသီဥတုကလည်း နေ့ဆိုအပူချိန်များ ညရောက်တော့ အရိုးကွဲအောင်ချမ်းနဲ့ မဖွံ့ဖြိုးသေးတဲ့ မြို့ငယ်တစ်ခုပါဘဲ။ သွားရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ တစ်နိုင်ငံလုံးမှာ ဆေးရုံတွေကို လိုအပ်တာဖြည့်ဆည်းနေတဲ့ သီတဂူဆရာတော်ရဲ့ လမ်းညွှန်မှုကြောင့်ပါဘဲ။ ဆရာတော်ပြောပြချက်ကတော့ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်လောက်က စစ်ကိုင်းသီတဂူဆေးရုံကို ဆရာတော်တစ်ပါး မျက်စိရောဂါနဲ့ ရောက်လာပါသတဲ့။ ဒါပေမဲ့ ဆရာတော်ရဲ့ မျက်စိအခြေအနေဟာ အဆိုးရွားကြီးဖြစ်နေပြီ အဓိကတရားခံကတော့ မျက်စိခွဲတုန်း ပိုးဝင်သွားတာဖြစ်ပါတယ်။ မျက်စိနှစ်လုံးစလုံးကို ဘယ်လိုနည်းနဲ့မှ ပြန်မြင်လာအောင် ကုသလို့မရတော့ပါဘူး။ နောက်ဆုံးပျံလွန်တော်မူတဲ့အချိန်အထိ မျက်စိမမြင်တော့ပါဘူး။ အဲဒီဆရာတော်ကတော့ နတ်မောက်မြို့ရဲ့ ကြယ်ပွင့်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မူလတန်းတစ်လျှောက် ပညာသင်ကြားပေးခဲ့တဲ့ ဒီပင်္ကရာဆရာတော်ဘဲဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နေအိမ်နဲ့ ဓါတ်တိုင်တစ်တိုင်စာတောင်မဝေးလှတဲ့ ဘုန်းကြီးကျောင်းတိုက်တစ်ခုဖြစ်ပါတယ်။ အဆိုပါကျောင်းမှာဘဲ ဘုန်းကြီးကျောင်းသားလေးအောင်ဆန်း ဘ၀နဲ့ မူလတန်းအောင်တဲ့အထိ စာသင်ကြားခဲ့တယ်လို့ သိရပါတယ်။ သီတဂူသာသနာပြုအဖွဲ့က အဲဒီဒီပင်္ကရာကျောင်းတိုက်မှာဘဲ မြေခွဲဝယ်ပြီး မျက်စိဆေးရုံဆောက်တာပါ။ ကျွန်မတို့ သီတဂူအဖွဲ့ဝင်တွေ ဆေးရုံကို မနက်မှာ ဖွင့်ပွဲလုပ်ပြီး အပြန် ဗိုလ်ချုပ်ရဲ့နေအိမ်ကို သွားရောက်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် နတ်မောက်မြို့လို့ရေးထားတဲ့ သံဆိုင်းဘုတ်လေးဟာ ဘာအရောင်မှန်းတောင်မခန့်မှန်းနိုင်တော့ပါဘူး။ ခြံဝင်းကလေးထဲမှာ နတ်မောက်မြို့လုံးကျွတ်မီးလောင်တုန်းက ပါသွားတဲ့အိမ်လေးအတိုင်း ပြန်ဆောက်ထားတဲ့ သစ်သားအိမ်လေးကို တွေ့ရပါတယ်။ဝမ်းနည်းစရာကောင်းတာက အိမ်မပြောနဲ့ ခြံဝင်းအတွင်းကိုတော့ ၀င်ကြည့်ခွင့်မရတော့ပါဘူး။ ဆိုင်းဘုတ်ကိုဓါတ်ပုံရိုက်မယ်လုပ်တော့ ဗိုလ်ချုပ်အိမ်ကလေးနဲ့ မျက်နှာချင်းဆိုင်ကနေ စစ်သားတစ်ဦးရောက်လာပြီး ဓါတ်ပုံလုံးဝရိုက်ခွင့်မရှိကြောင်း လာပြီးပြောပါတယ်။ ခိုးရိုက်ဖို့ကြိုးစားပေမဲ့လည်း ဒေသခံအာဏာပိုင်တွေပါရောက်လာပြီး တောင်းပန်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် လွတ်လပ်ရေးနေ့မှာ ဗိုလ်ချုပ်နေခဲ့တဲ့အိမ်ကလေးအနားကို သွားခွင့်ရခဲ့တဲ့အတွက်၊ ဗိုလ်ချုပ်မူလတန်းတက်ခဲ့တဲ့ ကျောင်းလေးအတွင်းမှာ အခမဲ့မျက်စိဆေးရုံတစ်ရုံကို လှူဒါန်းခွင့်ရခဲ့တဲ့အတွက် နောက်ပြီး မိုးခေါင်ရေရှား သဲချောင်းအစင်းစင်းကို ဖြတ်ပြီးမှ ရောက်ရှိရတဲ့ ဒေသငယ်လေးက မျက်စိဝေဒနာရှင်တွေအတွက် သည်းခံနိုင်တဲ့ ခွင့်လွှတ်တတ်တဲ့ မြန်မာလူမျိုးပီပီ ကျေနပ်ခဲ့ရပါတော့တယ်။ 
Posted by Yadana on January 6, 2010 at 9:23pm 


ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  
 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>