ကျွန်မတို့ အိမ်လေးက အိပ်ခန်းနှစ်ခန်းတွဲပါတယ်..သူနဲ့ ကျွန်မက တစ်ခန်း ..နောက် သူငယ်ချင်းနှစ်ယောက်က တစ်ခန်းပေါ့..တစ်ဘက်ခန်းက သူငယ်ချင်းရဲ့ ညီမတစ်ယောက် လာနေတဲ့အချိန်..နေ့ လည်ခင်းတစ်ခုမှာ ကျွန်မတို့ အိမ်ရှေ့ဧည့်ခန်းမှာ စာအုပ်ဖတ်နေကြတုန်း..ကလေးမလေး စူးစူးဝါးဝါးအော်လိုက်သံကြားတယ်..မေးလိုက်တဲ့အခါ မြွေအမည်းရောင် အရှည်ကြီး အခန်းထဲမှာလို့ ပြောတယ်..သူ့ အခန်းတံခါးကို အစတည်းက ဂျက် ချပြီး အိပ်နေတာဖြစ်လို့  သူထွက်လို့ မရတော့ပါဘူး..မြွေက တံခါးနားလေးက စာအုပ်ထုတ်ပုံးတွေကြားဝင်သွားတာကို အိပ်ရာကနိုးရင်းမြင်လိုက်ရတာတဲ့…ကလေးမလေးက ကြောက်လွန်း လို့ အသံတွေတိမ်ဝင်နေတယ်….အဲဒီမှာ ဘေးအိမ်တွေကလဲ နေ့ လည်ခင်းမှာ အပြင်သွားကြလို့ ဘယ်သူ့ ကိုမှ အကူညီတောင်းလို့ မရတော့ပါဘူး..ဒါနဲ့ မလေးက အိမ်အနောက်ဘက်က ပြတင်းပေါက်နားကိုသွားခဲ့တယ်....သစ်သားချောင်း အပေါ့လေးတွေကို သံချောင်းလေးတွေနဲ့ ၇ိုက်ထားတာဖြစ်တာေ၇ာ..စိတ်ဇောကြောင့်ပါ သစ်သားချောင်းကို လူတစ်ယောက်ဝင်စာ ဆွဲခွာနိုင်ပြီး ..ကလေးမကို ပြတင်းပေါက်က တစ်ဆင့် ခေါ်လာခဲ့တယ်...နောက် ..ဘေးအိမ်က အပြင်ကပြန်ရောက်လာတဲ့ လူငယ်လေးတစ်ယောက်က လာပြီး အိပ်ခန်းတံခါး ဂျက် ကိုဖျက်ရင်း ..အထဲ က ပစ္စည်းတွေကြားက မြွေကို ရှာတွေ့ ခဲ့တယ်.. ..အပြင်ကို ရစ်ထုတ်လို့ မရ..အထဲကလဲ မာန်ဖီနေခဲ့တဲ့  အတွက် ကြောက်လန့် တကြားရိုက်လိုက်တာပေါ့…အဲဒီနေ့ ကတော့ တကယ့် မှတ်မှတ်ရရပါပဲ…
လစာထုတ်ခါစရက်တွေဆို တောင်ကြီးမြို့ ပေါ်တက်ပြီး shopping ထွက်ကြတာ ပျော်စရာ ပါပဲ..တစ်နေ့ တော့ မနက်ကတည်းက တောင်ပေါ်တက်ပြီး ဈေးဝယ်ကြတာ ပြန်လာတော့ ၆ခွဲကျော်ပြီ..မှောင်နေပြီဖြစ်လို့ ..အိမ်နားထိ ကားမရောက်တော့ဘူး..နာရီဝက်လောက် လမ်းလျှောက်ရပါတယ်..အထုပ်တွေဆွဲပြီး စကားတပြောပြောနဲ့ လျှောက်လာကြတာ..ထိုင်နေကြ လက်ဖက်ရည်ဆိုင်ကို လှမ်းကြည့်တဲ့အခါ တီဗွီဖန်သားပြင်မှာ အွန်စော မျက်နှာကို တွေ့ လိုက်တာနဲ့..’ ဟာ အွန်စော ‘..ဆိုပြီး ချက်ချင်းကို ဆိုင်ထဲ လှမ်းဝင်လိုက်ကြတယ်…(ဆောင်းဦးရွက်ကြွေ ချစ်သက်သေ..ဇာတ်ကား အခန်းဆက်တွေကို မလွတ်တမ်းကြည့်ကြတဲ့ အချိန်ပေါ့)..ထိုင်လိုက်ကြရင်း..နွားနို့ နှင့် ဖန်စိမ့ှ်ရှယ်..မှာကြတယ်..တစ်ပိုင်းပြီးလို့  ကြေငြာဝင်တဲ့အခါ ပြသနာကစပြီ…ပိုက်ဆံလောက်ပါ့မလား လို့  ပြန်တွက်မိကြတဲ့အခါ..၁၀ လိုနေတယ်…အနားက အသိလဲ မရှိ..ဆိုင်မှာ အကြွေးထားခဲ့ဖို့ ကလဲ ရှက်ကြတော့ အိမ်ပြန်ယူမှ ဖြစ်တော့မယ်လေ…သူသွားမယ် ..ငါသွားမယ်နဲ့ နောက်ဆုံး သူပဲ ဇွတ်ထွက်သွားတော့တယ်..တစ်နာရီလောက်အကြာမှာ ..အိမ်ကို ရောက်နေတဲ့ သူ့ ညီမလေးနဲ့ ..ဆိုင်ထဲကိုဝင်လာတယ်..ချွေးတပြန်ပြန်နဲ့ ပေါ့…..လမ်းမီးတိုင်တွေလဲ မရှိတော့ …မှောင်နေတာပေါ့.. ကြောက်ကြောက်နဲ့  သွားတာ ..ဘောလုံးကွင်းနားက ညောင်ပင်အောက်ရောက်တော့ ခေါင်းပေါ် ညောင်သီးကြွေကျလာတာနဲ့ ..အရမ်းကို လန့် ပြီး ပြေးလိုက်တာ အိမ်ကို ဘယ်လိုရောက်သွားမှန်းမသိဘူး တဲ့….(ထွက်သွားတုန်းက လုံးဝမကြောက်တဲ့ပုံနဲ့ ထွက်သွားတာ ..အဟုတ်မှတ်နေခဲ့တာ..သူက အဲလို…)..အွန်စော..အွန်စော..အမှတ်တရပါပဲ..
ပျားရည်စစ် စစ် ကို ရွာငံထွက် လက်ဆောင်ပစ္စည်းအဖြစ် အမှတ်တရ ပေးတတ်ကြပါတယ်..ရန်ကုန်ကို ပျားရည်လက်ဆောင်ပေးချင်တဲ့ အခါ ၈နာရီ ..၉နာရီလောက် ကားစီးပြီး မှ ရောက်မယ့် ရွာငံကို သွားပြန်ယူလေ့ရှိတယ်…ကားလက်မှတ်မရတဲ့အခါ ကုန်တွေကြားထိုင်ရတယ်..လမ်းကလဲ ကြမ်းတယ်လေ..ဖုန်တထောင်းထောင်းနဲ့ လေ..ကျွန်မသာဆို ဒီလို အပင်ပန်းခံပြီး ပျားရည်ပုလင်းကို သွားမယူတာ ..အသေအချာပေါ့….ရင်းနှီးနေတဲ့ ပတ်ဝန်းကျင်က အချို့ အချို့ မိသားစုလေးတွေကိုလဲ သူ တတ်နိုင်သလောက် စောင့်ရှောက်ခဲ့တယ်..ကျွန်မတော့ တစ်ခါတစ်လေမှ သာ သူနဲ့ ရောက်ဖြစ်တာပါ..သူ့ စိတ်ထဲမှာတော့ အားလုံးကို မိသားစုလို အမြဲ သဘောထားပြီး ကူညီ စောင့်ရှောက်ချင်စိတ် အမြဲရှိခဲ့တယ်…
၂၀၀၄ ခုနှစ်မှာ..ခေါင်းတခြမ်းကိုက်တာကို စတင်ခံစားခဲ့ရတယ်…အစပိုင်းသိပ်မသိသာပေမယ့် နောက်ပိုင်း ခေါင်းသိပ်ကိုက်လာတဲ့အခါဆိုရင် စကားတောင် မပြောနိုင်တော့ပါ....ဆေးခန်းတွေ သွားပြခဲ့ပြီး ဆေးထိုး ဆေးစားပေမယ့်မသက်သာခဲ့ပါဘူး… ခေါင်းသိပ်ကိုက်လာတဲ့ အချိန်တွေမှာ..ခေါင်းတစ်ခုလုံး နာကျင်နေလွန်းလို့ ညည်းညူနေရတယ်…...အလွယ်တကူမရနိုင်တဲ့ မြန်မာဆေး တစ်ချို့ ကို..ခေါင်းကိုက် ပျောက်တယ်ဆိုတာ ကြားရင် ရအောင် မလေး…ရှာပေးခဲ့တယ်….ထူးခြားတာက ကျွန်မ ရဲ့ အစ်မ ..ဒါမှ မဟုတ်ရင် မလေး နှိပ်ပေးလိုက်ရင် ..ဆေးလိမ်းပေးလိုက်ရင် နာကျင်နေတာ ပျောက်သွားတယ် …..တစ်လလောက် အပြင်းအထန် ခံစားပြီးတဲ့ အချိန်မှာ တဖြည်းဖြည်း သက်သာလာခဲ့ပါတယ်……ဆေးနည်းပေါင်းစုံတော့ ဘယ်နည်းနဲ့ သက်သာခဲ့မှန်းမသိပါဘူး ..ခုချိန်ထိ အမှတ်ရနေတာက ညီအစ်မ အရင်းတစ်ယောက်လို..မိခင် တစ်ယောက်လို ကိုယ့်ကို ပြုစု ခဲ့တယ်ဆိုတာပါပဲ..
…..အတူတူ အလုပ်အတူလုပ်ခဲ့ကြတဲ့ ကာလ တစ်လျှောက်လုံး ကျွန်မကျန်းမာရေးကို အရမ်းဂရုစိုက်ပေးခဲ့တယ်..စိတ်ချမ်းသာအောင်ထားခဲ့တယ်..ရန်ကုန်ကို အလုပ်ပြောင်းရတဲ့အခါ စိတ်မကောင်းဖြစ်ကြရတယ်…..နိုင်ငံခြားထွက်မယ်လို့ သူသိလိုက်တဲ့အချိန် ကျွန်မ မိဘတွေကို သူပြောတာက သူ့ ကျန်းမာရေး ကို စိတ်ပူလိုက်တာ ..နေမကောင်းရင် ပြုစုပေးမယ့်သူ ရှိမှာ မဟုတ်ဘူး..စိတ်မချဘူးလို့  တဖွဖွ ပြောနေခဲ့တယ်….
ရယ်စရာ ကောင်းတာတစ်ခု က အလုပ်အရမ်းများပြီး အဆက်အသွယ်ပြတ်ကြတာ သိပ်ကြာတဲ့အခါ ..နေကော ကောင်းရဲ့ လား….ငါ နင့် ကို ဘယ်တော့ မှ အခင်မင်မပျက်ပါဘူး ဟာ နင် အထင်မလွှဲပါနဲ့ တဲ့…ကျွန်မ ရယ်မိတော့တာပေါ့..
အတူတူ အလုပ်တွဲလုပ်ခဲ့ကြတာ ၅ နှစ်တာ အတွင်း အမှတ်ရစရာတွေ ..အတုယူထိုက်တဲ့ စိတ်ထားလုပ်ရပ်လေးတွေ အများကြီးပါပဲ….မမြဲတဲ့ တရား သဘောအတိုင်းပါပဲ...ရှေးရေစက်ကြောင့် ဆုံလာခဲ့ရတယ်…ချစ်ခင်ကြပေမယ့် ကံဇာတ်ဆရာ အလိုကျ အတိုင်း ခွဲရပြန်ပါတယ်...ဘဝမှာ တွေ့ ဆုံခဲ့ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ များပြားလှပါတယ်… ဘဝဆိုတာ တိုတိုလေးပါ…ခင်မင်ကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေ မသင့်မြတ်ကြရင် ပူလောင်လွန်းပါတယ်… ဘဝပေါင်းများစွာမှာ ကျင်လည်ခဲ့ကြရတဲ့ အတွက်…လူတိုင်း အမျိုးမတော်ဖူးတာမရှိ ဆိုတဲ့ ဘုရားဟောလေးကို သတိမူမိမယ်ဆိုရင် ..တစ်ဦးကို တစ်ဦး မေတ္တာထားပြီး ဆက်ဆံနိုင်ကြမှာပါ…
အမှတ်တရတွေအားလုံးကို ရေးမယ်ဆိုရင် အခန်းဆက်တွေ အများကြီးဖြစ်နေမှာပါ ..မလေးရဲ့ မွေးနေ့ ဖြစ်တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ အပိုင်း (၁) ကို တင်ခဲ့ပြီး…...အပိုင်း(၂)နှင့် ပဲ နိဂုံးချုပ်လိုက်ပါတယ်…..သူငယ်ချင်းတွေ တစ်ဦးကို တစ်ဦး လေးစားချစ်ခင်စွာနှင့် ဘဝခရီးလမ်းကို ငြိမ်းချမ်းစွာလျှောက်လှမ်းနိုင်ကြပါစေ….
ခင်မင်လေးစားလျှက်
သက်နွယ်
Posted by thet nwe on January 3, 2010 at 10:12am
No comments:
Post a Comment