2 3 4 5 6 7 8 9 10

Sunday, October 16, 2011

မင်္ဂလာအပေါင်းနဲ့ပြည့်စုံအောင်


*** မင်္ဂလသုတ်ကို ကျွန်မတို့ အမြဲရွှတ်ဆိုပူဇော်မိတာက ပါဠိလိုပါဘဲနော်.ကျွန်မကတော့ အချိန်ရရင် ပါဠိကော. မြန်မာပြန်ကော နှစ်ခုလုံး ရွတ်ဆို ပူဇော်ပါတယ်. မြန်မာပြန်နဲ့ ပူဇော်ရတာက ကျွန်မစိတ်ထဲမှာ ပိုပြီး အဓိပ္ပါယ်ရှိတယ်. ပိုပြီးအာရုံရတယ်. နားလည်တယ်လို့ ခံစားမိလို့ ကမ္ဘာသစ် သူငယ်ချင်းများနဲ့ဓမ္မမိတ်ဆွေများအတွက် မင်္ဂလာရှိတဲ့ မင်္ဂလသုတ်ကိုဆောင်နိုင်ဖို့ မင်္ဂလသုတ်ဖြစ်ပေါ်လာပုံသမိုင်းနဲ့ မင်္ဂလသုတ် မြန်မာပြန်ကို ဦးမောင်မောင် (ဟံသာဝတီ)၏ ပရိတ်ကြီး(၁၁)သုတ် အသံထွက် ရွတ်ဖတ်နည်းနဲ့ မြတ်ရတနာပရိတ်တော်သင်တန်းမှ ရှင်းလင်းချက်လေးတွေကို
မျှဝေပေးလိုက်တယ်နော်. ပါဠိလိုကိုတော့ အားလုံးသိပြီးဖြစ်မှာမို့ မဖော်ပြတော့ပါဘူးရှင်.


´´မင်္ဂလာ´´ဆိုတဲ့ စကားကို လူတိုင်းနားလည်ကြပြီးဖြစ်မှာပါ.
မင်္ဂလာဆိုတာ ´´ ကြီးပွားချမ်းသာခြင်းရဲ့ အကြောင်းတရား´´ လို့ အဓိပ္ပါယ်ရပါတယ်.မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ
့ ၃၈-ဖြာမင်္ဂလာကို ကျွန်မတို့လက်တွေ့ကြုံနေရတဲ့ဘ၀မှာ လိုက်နာ ကျင့်ကြံပြီး အမြဲဆောင်ထားကြမယ်ဆိုရင် ကြီးပွား တိုးတက်မှာမုချပါဘဲရှင်.


***မင်္ဂလသုတ်ဖြစ်ပေါ်လာပုံသမိုင်းလေးက စိတ်ဝင်စားဖို့ကောင်းလှပါတယ်......

.....ဟိုရှေးရှေးတုန်းက ဇမ္ဗူဒိတ်ကျွန်းသားတွေဟာ မင်္ဂလာရဲ့အဓိပ္ပါယ်ကို အမျိုးမျိုး ယူဆခဲ့ကြတယ်တဲ့.

သူတို့ရဲ့အလေ့တစ်ခုက လမ်းဆုံ.လမ်းမ.မဏ္ဍာပ်တွေမှာ ဒဏ္ဍာရီ.ပုံပြင်.ဟောပြောပွဲတွေကို လေးလလောက်ကြာအောင်
ဟောပြောကြသတဲ့. တစ်နေ့အဲဒီဟောပြောပွဲမှာ မင်္ဂလာဆိုတာဘာလဲ.မင်္ဂလာကို ဘယ်သူသိသလဲ. ဆိုပြီးငြင်းခုံဆွေးနွေး
ခဲ့ကြတယ်.

.....ဒိဋ္ဌမင်္ဂလိကဆရာက မင်္ဂလာဆိုတာ နံနက်အိပ်ရာထတဲ့အချိန်ကစပြီး မြင်ရတဲ့ကောင်းတဲ့အဆင်း ရူပါရုံဟာ မင်္ဂလာဘဲ.

ဥပမာ ကိုယ်ဝန်ဆောင်မိန်းမ.နွားလားဥသဘ.ရေပြည့်အိုးစတဲ့ အဆင်းတွေဟာ မင်္ဂလာဖြစ်တယ်လို့ဆိုပါတယ်.

.....သုတမင်္ဂလိကဆရာကတော့ မင်္ဂလာဆိုတာ နံနက်အိပ်ရာမှ ထတဲ့အချိန်စပြီး ကြားရတဲ့ကောင်းတဲ့အသံ သဒ္ဒါရုံဟာ

မင်္ဂလာဘဲ.ဥပမာ-နက္ခတ်ကောင်းတယ်.နေ့ရက်ကောင်းတယ်.ကြီးပွားမယ်.တိုးတက်မယ်.စတဲ့အသံတွေဟာမင်္ဂလာ ဖြစ်တယ်လို့ ဆိုပြန်တယ်.

.....မုတိမင်္ဂလိကပုဂ္ဂိုလ်ကတော့ မင်္ဂလာဆိုတာ နံနက်အိပ်ရာမှထတဲ့ အချိန်ကစပြီး တွေ့ထိရတဲ့ ကောင်းတဲ့အတွေ့အထိ

မုတဟာမင်္ဂလာဘဲ.ဥပမာ-မွှေးကြိုင်တဲ့အနံ့ကိုရှူရတာ. အရသာကောင်းစားရတာ. နူးညံတဲ့အ၀တ်ဆင်ရတာတွေဟာ မင်္ဂလာဖြစ်တယ်လို့ မိန့်ပြန်တယ်.

.....အဲဒီလိုနဲ့ မင်္ဂလာနဲ့ ပတ်သက်ပြီးငြင်းခုံကြရာက အဆင်း.အသံ.အတွေ့အထိဟာ တစ်ခုစီဟာ မင်္ဂလာဖြစ်တယ်ဆိုပြီး

အုပ်စုသုံးစုကွဲသွားကြတယ်. ဒီသတင်းဟာ လူကနေ.နတ်.နတ်ကနေ ဗြဟ္မာထိ စကြ၀ဠာအနှံ့ ပြန့်သွားတယ်.(၁၂)နှစ်တိုင်အောင် ကြာသွားပေမဲ့ ဘယ်လူ.နတ်.ဗြဟ္မာမှ ဒီပြဿနာရဲ့အဖြေကို မဖော်ထုတ်နိုင်ခဲ့ကြဘူး.

.....(၁၂)နှစ်လွန်မြောက်မှ တာဝတိံသာနတ်များက သိကြားမင်းထံသို့ မင်္ဂလာနဲ့ပတ်သက်တဲ့ပြဿနာ(၃)ခုကို ဖြေရှင်းပေးပါရန် တောင်းပန်ကြတယ်.


.....သိကြားမင်းက ဒီပြဿနာဟာ လူသားတွေ လူပြည်ကစတင်ခဲ့တာဖြစ်ကြောင်း သိရှိသွားပြီး ဘုရားရှင်လူ့ပြည်မှာ သီတင်းသုံးနေတာကြောင့် အမောင်တို့ ဘာကြောင့် ဘုရားတည်းဟူသော မီးပုံးကြီးကို ပယ်ထားပြီး ငါ(သိကြား)တည်းဟူသော မီးကိုထွန်းညှိဖို့ ကြိုးစားကြသလဲ. ဟုပြောဆိုပြီး နတ်သားတစ်ပါးကို ဘုရားရှင်ထံပါး လျှောက်ထားမေးမြန်းဖို့ စေလွှတ်လိုက်သတဲ့.


.....နတ်သားလည်း လူ့ပြည်ဆင်း. ဘုရားရှင်ရှိရာ ဇေတ၀န်ကျောင်းတော်တစ်ခုလုံး ကိုယ်ရောင်ဖြင့် ထွန်းလင်းစေပြီး လျောက်ပတ်တဲ့နေရာက ရိုသေစွာ ရှစ်ခိုးပြီး ´´ဗဟူဒေ၀ါ မနုဿစ´´ အစချီဂါထာနဲ့ လျှောက်ထားမေးမြန်းတဲ့အခါ မြတ်စွာဘုရားက ´´အသေ၀နာစ.ဗာလာနံ´´ အစချီတဲ့ ဂါထာ(၁၁)ပုဒ်နဲ့ ၃၈-ဖြာမင်္ဂလာတရားတော်ကို ဟောကြားတော်မူ ပါတယ်.

.....ဒေသနာတော်ပြီးဆုံးတဲ့အခါ နတ်.ဗြဟ္မာကုဋေတစ်သိန်းတို့ ရဟန္တာဖြစ်သွားကြတယ်. သောတာပန်. သကဒါဂါမ်. အနာဂမ်တို့လည်း မရေမတွက်နိုင်ဖြစ်သွားကြတယ်တဲ့.


***မင်္ဂလသုတ်မြန်မာပြန်ကတော့ ဒီလိုပါ....


(၁-၂) အို...သူတော်ကောင်းတို့. နတ်လူတို့သည် မင်္ဂလာကို ၁၂ နှစ်တိုင်အောင် ကြံဆခဲ့ကြ၏။ ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ထိုမင်္ဂလာကို မသိနိုင်ကြပေ။ မြတ်စွာဘုရားသည် မကောင်းမှုတို့ကို ပယ်ဖျောက်တတ်သော ၃၈-ဖြာမင်္ဂလာတရားတော်ကို တစ်လောကလုံးအကျိုးစီးပွားအတွက် ဟောတော်မူခဲ့၏။ ထိုမင်္ဂလာတရားတော်ကို ငါတို့ ရွတ်ကြစို့.....


(၃) အရှင်မဟာကဿပ.တပည့်တော် ဤသို့ နာကြားခဲ့ရဖူးပါသည်။ အခါတစ်ပါးမြတ်ဘုရားသည် သာဝတ္ထိပြည်၊ အနာထပိဏ်သူဌေး၏ ဇေတ၀န်ကျောင်းတွင် သီတင်းသုံးနေတော်မူစဉ် အမျိုးအမည် မထင်ရှားသော နတ်သား တစ်ပါးသည် သန်းကောင်ယံအချိန်တွင် နှစ်လိုဖွယ်အဆင်းနှင့် ဇေတ၀န်ကျောင်းတိုက် ၀န်းကျင် တစ်ခွင်လုံး ထိန်လင်းစေလျက် လျောက်ပတ်သောနေရာမှ မြတ်စွာဘုရားအား ရိုသေစွာ ရှစ်ခိုး ရပ်တည်ပြီး ဂါထာဖြင့် လျှောက်ထားခဲ့ပါသည်.....


(၄) မြတ်စွာဘုရား...ခုဘ၀.နောင်ခါ ချမ်းသာရေးကို လိုလားသော လူ.နတ်.ဗြဟ္မာများစွာတို့သည် ကြီးပွား ချမ်းသာကြောင်း မင်္ဂလာတို့ကို တွေးတောကြံဆခဲ့ကြပါသည်။ ရှင်တော်ဘုရားသည် ကောင်းမြတ်သော မင်္ဂလာတရားကို ဟောကြားတော်မူပါဘုရား.....


(၁) လူမိုက်တို့ကို မပေါင်းခြင်း
(၂) လူလိမ်မာ ပညာရှိတို့ကို ပေါင်းခြင်း
(၃) ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း
*ဤသုံးပါးသည် ကောင်းမြတ်သောမင်္ဂလာတည်း*

(၄) သင့်တော်သောအရပ်၌ နေရခြင်း

(၅) ရှေးရှေးဘ၀က ကုသိုလ်ကောင်းမှုပြုခဲ့ခြင်း
(၆) မိမိကိုယ်.နှုတ်.စိတ်တို့ကို ကောင်းစွာထားခြင်း
*ဤသုံးပါးသည်ကောင်းမြတ်သောမင်္ဂလာတည်း*

(၇) ကျမ်းစာအကြားအမြင်များခြင်း

(၈) လက်မှုပညာတို့ကိုတတ်ခြင်း
(၉) ကိုယ်ကျင့်ဝိနည်းကို ကောင်းစွာသင်ခြင်း (ကျင့်ခြင်း)
(၁၀) စကားကို ကောင်းမွန်ယဉ်ကျေးစွာ ပြောခြင်း
*ဤလေးပါးသည် ကောင်းမြတ်သောမင်္ဂလာတည်း*

(၁၁) မိဘတို့ကို ပြုစုလုပ်ကျွေးခြင်း

(၁၂) သားသမီးနှင့် ဇနီးတို့ကို ချီးမြှောက်ခြင်း
(၁၃) မရှုပ်ထွေးရအောင် ရှင်းရှင်းအလုပ်လုပ်ခြင်း
*ဤသုံးပါးသည် ကောင်းမြတ်သော မင်္ဂလာတည်း*

(၁၄) စွန့်ကြဲပေးကမ်း လှူဒ်ါန်းခြင်း

(၁၅) သုစရိုက်တရားတို့ကို ကျင့်ခြင်း
(၁၆) ဆွေမျိုးတို့ကို ထောက်ပံ့ခြင်း
(၁၇) အပြစ်မရှိသောအလုပ်တို့ကိုလုပ်ခြင်း
*ဤလေးပါးသည် ကောင်းမြတ်သော မင်္ဂလာတည်း*

(၁၈) မကောင်းမှုမှ စိတ်ဖြင့်ရှောင်ခြင်း
(၁၉) မကောင်းမှုမှ ကိုယ်နှုတ်ဖြင့် ရှောင်ခြင်း
(၂၀) သေရည်.သေရက်သောက်ခြင်းမှ စောင့်စည်းခြင်း
(၂၁) ကုသိုလ်တရားတို့၌ မမေ့ခြင်း
*ဤလေးပါးသည် ကောင်းမြတ်သော မင်္ဂလာတည်း*

(၂၂) ရိုသေလေးစားထိုက်သူတို့ကို ရိုသေလေးစားခြင်း

(၂၃) ကိုယ့်ကိုယ်ကို နှိမ့်ချခြင်း
(၂၄) တင်းတိမ် ရောင့်ရဲခြင်း
(၂၅) သူ့ကျေးဇူးကို သိတတ်ခြင်း
(၂၆) သင့်လျော်သောအခါ တရားနာခြင်း
*ဤငါးပါးသည် ကောင်းမြတ်သော မင်္ဂလာတည်း*

(၂၇) အရာရာကို သည်းခံခြင်း

(၂၈) ပြောဆိုဆုံးမ၍ နားထောင်လွယ်ခြင်း
(၂၉) ငြိမ်သက်သော ရဟန်းတော်များကို ဖူးမြင်ရခြင်း
(၃၀) သင့်လျော်သောအခါ တရားဆွေးနွေးခြင်း
*ဤလေးပါးသည် ကောင်းမြတ်သော မင်္ဂလာတည်း*

(၃၁) အကျင့်ကိုကျင့်ခြင်း (ခြိုးခြံစွာကျင့်ခြင်း)

(၃၂) မေထုန်မှရှောင်ခြင်း
(၃၃) အရိယသစ္စာကို မြင်ခြင်း
(၃၄) နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း
*ဤလေးပါးသည် ကောင်းမြတ်သော မင်္ဂလာတည်း*

(၃၅) လောကဓံတရားကို နှိပ်စက်ခံရလျှင် စိတ်မတုန်လှုပ်ခြင်း

(၃၆) ၀မ်းမနည်းခြင်း (မစိုးရိမ်ခြင်း)
(၃၇) မမက်မောခြင်း
(၃၈) ဘေးမရှိခြင်း
*ဤလေးပါးသည် ကောင်းမြတ်သော မင်္ဂလာတည်း*

.....ဤမင်္ဂလာတရားတော်တို့ကို ကျင့်သုံးကြပါလျှင် ရန်သူအားလုံးတို့တွင် မည်သည့်ရန်သူမှ အနိုင်မရဘဲ

(မိမိကသာ အောင်နိုင်၍) နေရာအားလုံး၌ ချမ်းသာကြီးပွား တိုးတက်ခြင်းသို့ ရောက်ကြရ၏။ ထိုမင်္ဂလာရှိသူတို့၏
ထို ၃၈-ဖြာမင်္ဂလာသည် ကောင်းမြတ်သော မင်္ဂလာပင်တည်း။

မင်္ဂလသုတ် မြန်မာပြန်ဆိုခြင်း ပြီးစီးပါပြီ.......


.....ရှေးယခင်က (၁၂)နှစ်ကျော်တိုင်အောင် မင်္ဂလာတရားတော်ကို ခက်ခက်ခဲခဲရှာဖွေခဲ့ကြရပေမဲ့ ကျွန်မတို့ခေတ်မှာတော့ ပါဠိ၊ မြန်မာ နှစ်ဘာသာလုံးကို လွယ်ကူစွာ ရွတ်ဖတ်ပူဇော်နိုင်ကြပါပြီ. သတိမမူ.ဂူမမြင်ဆိုသလိုမဖြစ်ရအောင် မိမိလက်ထဲ ရောက်ရှိနေတဲ့အရာကို တန်ဖိုးထား လေးစားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်....

...ဗုဒ္ဓဘာသာ.သာသနာ ရောင်ဝါထွန်းလို့ လင်းပါစေ......


.....မေတ္တာဖြင့်

Posted by ayeayemoemeeku on January 2, 2010 at 4:00am 


ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  
 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>