2 3 4 5 6 7 8 9 10

Sunday, October 16, 2011

လွမ်းဖွယ်အချိန်ကလေးများဆီသို့သာ


 
နံနက်စောစောပိုင်း ဆောင်းလယ်ရောက်တဲ့အချိန်ကာလလေး နှင်းတွေနဲ့မြူတွေရောနေတဲ့ သဘာဝနဲ့လွမ်းစရာကောင်းလှသည့် ခုလိုနှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့အချိန်လေးဆိုရင် ကျွန်မဖြတ်သန်းခဲ့တဲ့ အချိန်ကလေးကိုသတိရမိပါတယ်။ ကျွန်မ၁၀တန်းကိုဟသာင်္တကနေအောင်ပါတယ်။ ဆယ်တန်းအောင်တော့ မေဂျာလျှောက်တဲ့အခါ ကျွန်မ၀ါသနာပါတဲ့ စက်မှုတက္ကသိုလ်ကိုလျှောက်ပါတယ်။ minar အနေနဲ့ကတော့ ဘူမိဗေဒမေဂျာကို လျှောက်ပါတယ်။ ဖြစ်ချင်တော့ အရင်နှစ်တွေကဆို အမှတ်မီနိုင်ပြီး ကျွှန်မတို့နှစ်မှာတော့ အမှတ်မြင့်သွားတယ်လေ၊ ကျွန်မ၀ါသနာပါတဲ့ အင်ဂျင်နီယာ အလုပ်ကို အမှတ် (၂)မှတ်နဲ့ပြုတ်ပြီး၊ ဘူမိဗေဒကို ရခဲ့ပါတယ်။ မိသားစုတွေကတော့ အားပေးကြပေမဲ့ ဘူမိဗေဒဆိုတာ ယောင်္ကျားလေးတွေများပြီး ကြမ်းကြမ်းတမ်းတမ်းနဲ့ခရီးသွားရတဲ့ မေဂျာလို့ကျွန်မစဉ်းစားမိခဲ့တဲ့အတွက် စိတ်ညစ်မိပါတယ်။

ဘူမိဗေဒကိုတက်ဖို့အတွက်ကျွန်မအကြောက်ဆုံးကတော့ ခရီးသွားရခြင်းနှင့် ယောကျာင်္းလေးတွေကြားထဲမှာ ကျောင်းတက်ရခြင်းပါပဲ။ ပထမဆုံးကျွန်မကျောင်းကို ဖေဖေနှင့်အတူရောက်ပါတယ်။ ပထမနှစ်ကလှိုင်မှာ တက်ရပြီး၊အင်းကြင်းဆောင်မှာနေရပါတယ်။ ဖေဖေနှင့်အတူကျောင်းကိုလာတော့ အတန်းထဲဝင်ဖို့ရန် ရင်တွေတုန်ပါတယ်။ တစ်တန်းလုံးမှာယောင်္ကျားလေး တွေပါပဲ၊ ယောကျာင်္းလေး ၁၅၀ မှာမိန်းကလေး အယောက်၂၀ ဘဲရှိပါတယ်။ တချို့မိန်းကလေးတွေကတော့မေဂျာပြောင်းကြတယ်လေ။

ကျွန်မလဲမိန်းကလေးသူငယ်ချင်းကိုရှာမိတော့ ကျွန်မကဲ့သို့ အဖေနှင့်အတူကျောင်းလာတက်သည့် သူငယ်ချင်းကိုတွေ့ခဲ့ပါတယ်။ သူကိုတော့ချစ်စနိုးဖြင့်တုတ်တုတ် လို့ခေါ်ပါတယ်။ သူမက ကျိုက်လတ်မြို့မှဖြစ်ပြီး ၆မိုင်ခွဲအဆောင်မှာနေပါတယ်။ ကျွန်မတို့မေဂျာက မိုင်၂၀လမ်းလျှောက်ရပါတယ်၊ပြီးရင်ဆေးစစ်ပါတယ်။မိုင်၂၀လမ်းလျှောက်တော့ယခုကဲ့သို့အချိန်ကာလလေးနှင့် ရာသီဥတုလေးပါပဲ၊ နံနက်စောစော ရန်ကုန်တက္ကသိုလ်မှစပြီးမင်္ဂလာဒုံတပ်ခန်းမ၊ အဲဒီခန်းမမှအပြန်မိန်းကျောင်းထဲသို့ ကျွန်မတို့ဖေဖေနှင့်အတူ လမ်းလျှောက်ကြတော့ သူငယ်ချင်းတွေက ၀ိုင်းစကြတယ်လေ။ အဲဒီလိုနဲ့ဘူမိဗေဒမေဂျာကိုရင်းနှီးလာခဲ့တယ်၊

တစ်လလောက်ကိုဖေဖေနှင့်အတူကျောင်းတက်ခဲ့ကြတယ်။ နောက်တော့ အသားကျလာပြီး အတန်းထဲမှာ ရင်းနှီးလာကြပါတယ်။ ဘူမိဗေဒမေဂျာ ဟာတစ်ဦးနှင့်တစ်ဦးရင်းနှီးစွာ နေထိုင်ကြတဲ့နွေးထွေးသည့် မိသားစုစိတ်ဓာတ်ရှိပါတယ်။ လက်တွေလုပ်ရင်လဲ မိုက်ခရိုစကုတ်ဖြင့် ကျောက်တွေကိုမကြည့်ဘဲ ဆရာလစ်တာနဲ့ လက်ဏ္ခာကြည့်ပြီး ရီကြရပါတယ်။ ကျောင်းထဲမှာတင် survey တိုင်းကြရင်း ကောင်းလေးတွေဟာ မှန်ဘီလူးနဲ့ ကောင်းမလေးတွေကိုလိုက်ကြည့် တတ်ကြပြန်ရော၊ ကြာလာတော့ ကျွန်မတို့သူငယ်ချင်းတွေဟာ မောင်နှမတွေလိုဖြစ်လာပါတယ်။ ဒုတိယနှစ်မှာမိန်းထဲပြောင်းတော့ အင်းယားဆောင်မှာနေရတယ်။မန္တလေးဆောင်မှာစာသင်ပြီး၊တောင်ငူကင်းတီးမှာ လူစုပြီးထမင်းစားကြတယ်လေ။ ညနေဆိုအဆောင်ပြန် ပြီးရင် အင်းယားမှာလမ်းလျှောက်ထွက်ကြတာ တွေကိုသတိရမိပါတယ်။ကျွန်မသူငယ်ချင်း တုတ်တုတ်နဲ့က ခုချိန်ထိအဆက်အသွယ်မပြတ်ပါဘူး။ ကျွန်မတို့၂ယောက်ကစိတ်တူကိုယ်တူ၊အဆောင်မတူကြပေမဲ့ သူမကကျွန်မအဆောင်မှာအမြဲခိုးအိပ်နေကြလေ။ ကြာလာတော့ ဆရာမတွေလည်း အဆောင်သူထင်ပြီး မစစ်ကြတော့ဘူးပေါ့။ အိမ်က ဟင်းပို့၇င်လဲ ၂ယောက်စာ ၊ဘာပဲဝယ်ပေး ပေး၂ယောက်စာ၊သူ့အိမ်ကရော ကျွန်မအိမ်ကရောပါ။

ဒုတိယနှစ်ကစပြီးကွင်းဆင်းကြရပါတယ်။ အရင်ဆုံးကျွန်မတို့ပုပ္ပါးကိုဆင်းရပါတယ်။
အရမ်းပျော်ရွှင်စရာကောင်းတဲ့အတွေ့အကြုံသစ်တွေပါပဲ။ ပုပ္ပါးတောင်မကြီးကိုတက်တော့ ပင်ပန်းလိုက်တာ စတက်တုန်းကတော့ ကျောပိုးအိတ်၊ဖိနပ်တွေနဲ့စတိုင်အပြည့်ပေါ့၊ ခဏနေတော့ ဘာကိုမှမသယ်နိုင်တော့ဘူး။ အဲဒီအချိန်မှာ သူငယ်ချင်းတုတ်တုတ်က အကုန်သယ်ပေးတယ်။ သူကယောင်္ကျားလေးလိုပဲ အကြမ်းခံနိုင်တယ်။ ပုပ္ပါးတောင်မကြီးထိပ်ကိုတော့ရောက်အောင် တက်နိင်ခဲ့ပါတယ်။ စခန်းပြန်ရောက်ရင် ညဆိုပင်ပန်းလွန်းလို့ကိုယ်လက်တွေနာတဲ့အခါ တုတ်တုတ်က ဆေးလိမ်းပေးတယ်။ အရာရာကိုဂရုစိုက်တတ်တယ်။ နောက်နှစ်မှာတော့ ရေနံချောင်းနဲ့ချောက်ကို ကွင်းဆင်း ရတယ်။ ပူလိုက်တာအရမ်းပါပဲ၊ အဖွဲ့လိုက်သွားနေရင်းအရိပ်ကိုရှာပြီးနားရတာအမောပါပဲ။

ညဆို အဖွဲ့လိုက်တွေ့ရှိချက်တွေကိုဆွေးနွေးတဲ့အခါ အိပ်ငိုက်နေကြလို့တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီဲးရီ ကြရတယ်။ ရေနံချောင်းမှာနေကြတော့ သူငယ်ချင်းတွေက နင်တို့တွေကိုပူလွန်းလို့ လူကြီးတွေက ရေခဲသေတ္တာပေးထားတယ်လို့ပြောကြတော့ တကယ်မှတ်နေကြတယ်။ ကြည့်လိုက်တော့ သံပြားတွေကို ဘေးကာတွေလုပ်ပြီး၊လက်ကိုင်ကသံကွင်းလေးထောင့်နဲ့ အလုံပိတ်ထားသည့် လေးထောင့်ပုံ ရေခဲသေတ္တာ နှင့်တူလှသည့် အိမ်သာတွေပါ။ ပျော်ရွှင်စရာကောင်းလှသည့် အမှတ်တရအချိန်တွေပါပဲ။ နောက်တစ်နှစ်မှာတော့ ကလောကို ကွင်းဆင်းရပါတယ်။ မြင်းဒိုက်ဆိုတဲ့ရွာကလေးမှာတည်းပြီး။ အနီးအနားဒေသတွေကိုသွားရပါတယ်။ သတိရမိတဲ့နေ့ကလေးကတော့ မြင်းမထိတောင်ကိုတက်ရတဲ့နေ့ပါပဲ။ အဲဒီနေ့ကပင်ပန်းကြပြီး ကလောဘူတာနားက တံတားလေးအောက်မှာ ဆရာတွေမသိအောင် အနွေးထည်တွေကိုကျောခင်းပြီးအိပ်ခဲ့ကြတယ်။ ဆရာတွေလာတော့ မိကြလို့ဒဏ်ပေးခံရတယ်လေ။ ကလောဘူတာရုံနားက ရေစက်ကနေ ကျွန်မတို့တည်းတဲ့ တောင်ပေါ်ကဘုန်းကြီးကျောင်းပေါ်ကို တစ်ယောက်ကို ရေ ၁၀ထမ်း စီသယ်ကြရတယ်။ ကျွန်မကမသယ်နိုင် တော့ တုတ်တုတ်က ရွာမှာငါကရေသယ် နေကြဆိုပြီးကျွန်မအတွက် ပိုသယ်ပေးတယ်လေ။


သူငယ်ချင်းတွေဟာဆိုရင် တစ်ယောက်ကိုတစ်ယောက်နားလည်ကြပြီး အနစ်နာခံကြတယ်။ နောက်နှစ်တွေမှာတော့ ပင်းတယ၊ ရှမ်းပြည်တနယ်တော်တော်လေးစုံပါတယ်။ ကျွန်မသူငယ်ချင်းတုတ်တုတ်ကတော့ကျောင်းပြီးတော့ အိမ်အလုပ်လုပ်ရင်း ရန်ကုန်မှာနေပါတယ်။ ကျွန်မကတော့ကျောင်းဆက်တက်ရင်းအချိန်ပိုင်းနည်းပြဆရာမ လုပ်ဖြစ်ပါတယ်။ ကွင်းဆင်းတဲ့အချိန်ဆို ကျွန်မတို့ဆင်းခဲ့တဲ့နေရာတွေကိုပြန်သွားရတယ်လေ။ အရင်ကျောင်းသားဘ၀တုန်းက နောက်ကနေ ဆရာတွေမသိအောင်နေလို့ရပေမဲ့ ဆရာမလုပ်တဲ့အချိန်မှာတော့ ရှေ့ကနေဦးဆောင်ရင်း အရင်ကကျွန်မကို ဂရုတစိုက် ဘေးနားကနေ နေခဲ့တဲ့သူငယ်ချင်းကိုသတိရမိတယ်။ အဲလိုဆရာမလုပ်နေရင်းမှ မိသားစုပြသနာ အခက်အခဲကြောင့် အလုပ်ထွက်လိုက်ရပါတယ်။


ကျွန်မဘူမိဗေဒမေဂျာကို သင်ရင်းရရှိခဲ့တာကတော့ ရောက်ရာဘ၀၊ရောက်ရာနေရာမှာ အဆင်ပြေအောင်၊အခက်တွေတွေ့ပေမဲ့လည်း ကြံကြံခံနိင်တဲ့စိတ်ဓာတ်၊ ပေါင်းသင်းဆက်ဆံရေး ဒေသန္တရဗဟုသုတ စသည့်တန်ဖိုးမဖြတ်နိုင်တာတွေကို ရခဲ့သလို၊ စစ်မှန်တဲ့စိတ်ထားနှင့်အတူ အနစ်နာခံတတ်တဲ့စိတ်ဓာတ်၊ကောင်းတူဆိုးဖက်ရင်ဆိုင်တဲ့သူငယ်ချင်း ကိုလည်းတွေ့ဆုံခဲ့ပါတယ်။ ခုချိန်မှာတော့ကျွန်မဟာ ၀ါသနာပါသည့် အင်ဂျင်နီယာလည်းမဟုတ်သလို၊ ကျွန်မပျော်၇ွှင်စိတ်ဝင်စားခဲ့သည့် ဘူမိဗေဒနှင့် သက်ဆိုင်သည့်အလုပ်ကိုလည်းမလုပ်နိုင်ပါဘူး။ ဘ၀ပေးအခြေအနေကြောင့် စားဝတ်နေရေးဆိုတဲ့ ရုန်းကန်မှုအတွက် ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ရင်း ဖြစ်လာတဲ့အခြေအနေကို လက်ခံရတော့တာပါပဲ။ဘာပဲဖြစ်ဖြစ် ကျွန်မဖြတ်သန်းခဲ့ရတဲ့ အချိန်တွေ၊ဆုံစည်း ခဲ့ရတဲ့သူငယ်ချင်းတွေအတွက် မမေ့နိုင်စရာပါ။

ကျွန်မသူငယ်ချင်းနဲ့ပက်သက်တဲ့ အဆိုအမိန့်လေးတစ်ခုကိုသတိရမိပါတယ်။

မိမိဘ၀မှာဆုံစည်းခဲ့ရတဲ့သူငယ်ချင်းအတွက်၊ သူဟာသင့်အပေါ်ကို ထိခိုက်နာကြည်းစရာ၊

ဒုက္ခတွေကိုပေးခဲ့မယ်ဆိုရင်၊အဲဒီအရာတွေအားလုံးးကို သဲသောင်ပြင်ပေါ်မှာ ကဗည်းထိုးလိုက်ပါ။

သူဟာသင့်အတွက် စိတ်ချမ်းသာစေတယ်၊ပျော်ရွှင်စေတယ်၊ သုခတွေကိုယူဆောင်လာခဲ့တယ်ဆိုရင် သူရဲ့အပြူအမှုတွေ

ပေးအပ်တာတွေကို ခိုင်မာတဲ့ကျောက်တုံးပေါ်မှာ ကဗည်းထိုးထားပါ။
 
သူငယ်ချင်းကောင်းဆိုတာ ဘ၀အတွက်မမေ့အပ်တဲ့လက်ဆောင်ကောင်းတစ်ခုပါပဲ။

ကမ္ဘာသစ်သူငယ်ချင်းများအားလုံး စစ်မှန်သည့် ခင်မင်မှုနှင့်တွေ့ကြုံပြီး သူငယ်ချင်းဆိုသည့် မေတ္တာတရားကိုတန်ဖိုးထားနိုင်ပါစေ။


ခင်မင်စွာဖြင့်

ခင်စိုးထွဋ် 
 
 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  
 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>