စလေဆရာ ဦးပုညက ယုန်မင်းဝတ္ထုတွင်-
ယခုခါမူ၊ လူလည်းဖြစ်လာ၊
သာသနာလည်းထွန်းခိုက်၊
အမြိုက်တရား ဟောကြားမည့်သူ၊ လူလည်းမရှား၊
သို့ပါလျက်သားနှင့်မှ …….
တရားမလိုက်၊ အမှားကိုကြိုက်ကြလျှင်၊
အမိုက်တကာ့ ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်၊
အပါယ်လေးလီ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့၊
လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်…..
ကမ္ဘာသစ်သူငယ်ချင်းတို့အတွက်….
ဆရာတော်များရဲ့ သြ၀ါဒလင်္ကာများကို လက်လှမ်းမီသလောက် ဝေမျှလိုက်ပါတယ်။
ဓမ္မုဒ္ဒေသ (၄)ပါး
အိုနာသေဖို့၊ မောင်းနှင်ပို့၊ လူတို့မမြဲပါတကား။
စောင့်ရှောက်သူမဲ့ ကိုးရာမဲ့၊ အားနွဲ့လှပါတကား။
ကိုယ်ပိုင်ဥစ္စာမရှိပါ၊ စွန့်ကာသွားရမည်တကား။
လိုမပြည့်ဝ အားမရ၊ တဏှာကျွန်ချည်းပါတကား
ဓမ္မုဒ္ဒေသ ဤလေးဝ ဗုဒ္ဓဟောကြား သတိထား
(မဟာစည် ဆရာတော်ဘုရားကြီး)
ဖြစ်ပျက်နှစ်ဖြာလင်္ကာ
ဖြစ် ပျက် နှစ်ဖြာ မမြင်ပါဘဲ တစ်ရာ အသက်ရှည်စေထက်လည်း၊
ဖြစ် ပျက် နေဟန် ရုပ်နှင့် နာမ်ကို အမှန်မြင်လျက် ဥာဏ်စဉ်တက်၍
တစ်ရက်တာမျှ သက်ရှည်ရသော လောကလူ့ရွာ ကောင်းမြတ်သာသည်၊
မြတ်စွာဗုဒ္ဓ၊ မိန့်ခွန်းတည်း။
(မဟာစည်ဆရာတော်ဘုရားကြီး)
သန္ဓေစိတ်ဓါတ် ကောင်းမြတ်လတ်က၊
သူမြတ်တို့ထံ ဖန်တစ်ခါမျှ နည်းခံရလည်း၊
ခဏဖြစ်ပင် ဥာဏ်သက်ဝင်၍၊
သိမြင်တရား လျှာအလား၊
များလှကျေးဇူးတွေ။
သန္ဓေစိတ်ဓါတ် ယုတ်ညံ့လတ်က
သူမြတ်တို့ထံ တသက်ပန်မျှ နည်းခံရလည်း
မောဟဘုံးဖိ မှောင်အတိမို့ ၊
မသိတရား ယောင်းမအလား၊
များလှအပြစ်တွေ။
(ဆရာတော် ဘဒ္ဒန္တပဏ္ဍ၀ံသံ)
အမြဲအောက်မေ့ရမည့်တရား
သေခြင်းတရား ရက်ချိန်ထား အများသူငါမရှိပါ
အချိန်မရွေး၊ အခါမရွေး၊ မနှေးသေနိုင်တာ
မမျှော်လင့်ပဲ ဗြုန်းကနဲ သေလည်းသေနိုင်တာ
သူငါအားလုံး ချုပ်ပျောက်ဆုံး
နောက်ဆုံးသေရတာ
သူငါတိုင်းပင် သောက၀င် သက်ဝင်လည်ရမှာ
ဘ၀တစ်ကွေ့ ခဏတွေ့ မမေ့ရအောင်ကြိုးစားပါ။
(ဆရာတော် ဘဒ္ဒန္တပဏ္ဍ၀ံသံ)
ဝိပဿနာ အားထုတ်ခြင်းအကျိုး (၇)ပါး
၁။ ကိလေသာကင်းစင်ခြင်းအကျိုး။
၂။ စိုးရိမ်ပူဆွေးခြင်းမှ လွတ်မြောက်ခြင်းအကျိုး။
၃။ ငိုကြွေးခြင်းမှ လွတ်မြောက်ခြင်းအကျိုး။
၎။ ကိုယ်ဆင်းရဲခြင်းမှ လွတ်မြောက်ခြင်းအကျိုး။
၅။ စိတ်ဆင်းရဲခြင်းမှ လွတ်မြောက်ခြင်းအကျိုး။
၆။ အရိယာမဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ရရှိခြင်းအကျိုး။
၇။ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ခြင်းအကျိုး။
(ဆရာတော် ဘဒ္ဒန္တပဏ္ဍ၀ံသံ)
အနန္တော အနန္ဒ ငါးပါးဂုဏ်ကျေးဇူးလင်္ကာ
မြေထု၊ ရေထု၊ လေထုပမာ
မိဘကျေးဇူးအထူးကြီးတာ
ရဟန်းဖြစ်စေ/ လူဖြစ်စေပါ
မိနှင့်ဖ နေ့ညလုပ်ကျွေးပါ။
မြေထု၊ ရေထု၊ လေထုပမာ
ဘုရားကျေးဇူးအထူးကြီးတာ
ရဟန်းဖြစ်စေ/ လူဖြစ်စေပါ
ဘုရားမြတ်နေ့ည ပူဇော်ရာ
မြေထု၊ ရေထု၊ လေထုပမာ
တရားကျေးဇူးအထူးကြီးတာ
ရဟန်းဖြစ်စေ/ လူဖြစ်စေပါ
တရားမြတ်နေ့ည ပူဇော်ရာ
မြေထု၊ ရေထု၊ လေထုပမာ
သံဃာကျေးဇူးအထူးကြီးတာ
ရဟန်းဖြစ်စေ/ လူဖြစ်စေပါ
သံဃာမြတ် နေ့ည ပူဇော်ရာ
မြေထု၊ ရေထု၊ လေထုပမာ
ဆရာကျေးဇူးအထူးကြီးတာ
ရဟန်းဖြစ်စေ/ လူဖြစ်စေပါ
ဆရာမြတ်နေ့ည လုပ်ကျွေးပါ
(ဆရာတော် ဘဒ္ဒန္တပဏ္ဍ၀ံသံ)
ဘုရားရှင်တော် မပွင့်ပေါ်လျှင်
သူတော်အများ စိတ်ကောင်းထားလည်း
ဤကားကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံဘ၀ မသိရ
များလှ အပြစ်တွေ
ဘုရားရှင်တော် ပွင့်ထွန်းပေါ်လျှင်
ဤကားကုသိုလ် အကုသိုလ်နှင့်
ထိုထိုဘုံဘ၀ သိကြရ
များလှ ကုသိုလ်တွေ
(ဆရာတော် ဘဒ္ဒန္တပဏ္ဍ၀ံသံ)
တစ်နေ့တစ်ခါ အိုးတစ်ရာဖြင့် ချက်၍ ကျွေးမွေးခြင်းထက် မယွင်းမကြာ ကြိမ်သုံးခါမျှ မေတ္တာပွားရသော်
လောကလူ့ရွာ ကျိုးကြီးမားသည်၊ ဗုဒ္ဓမြတ်စွာ ဟောကြားတည်း။
ဖြစ်ပျက်နှစ်ဖြာလင်္ကာ
ဖြစ် ပျက် မမြင် သက်တစ်ရာ နေတာအလကား။
ဖြစ် ပျက် ကိုမြင် တစ်နေ့တွင် ကိုယ်တွင်အကျိုးများ။
(ဆရာတော် ဘဒ္ဒန္တဂရုဝံသာဘိဝံသ)
ရုပ်ဓါတ်နာမ်ဓါတ်၊ ပရမတ်စစ်၊ ဖြစ်ပျက်နှစ်သွယ်၊
မမြင်ကွယ်သော်၊ ရှစ်ဆယ် ကိုးဆယ်၊ အရွယ်ကျော်ကာ၊
တစ်ရာလှလှ နေရစေဦး၊ လူဖြစ်ကြုံထူး၊ မမြတ်ဘူးတဲ့၊
ဖြစ်ပျက်တရား၊ ထိုနှစ်ပါးကို၊ ထင်ရှားသိမြင်၊ တစ်ရက်ပင်သာ၊
နေရပါလျက်၊ တစ်ရာထက်သာ မြတ်လှစွာ၏ ။
(ဆရာတော် ဘဒ္ဒန္တဂရုဝံသာဘိဝံသ)
ပဋိစ္စသမုပ္ပါဒ်သဘောတရား (၁၈) ပါး
၁။ အ၀ိဇ္ဖာ - အမှန်မမြင်၊ အမှားကို အမှန်ထင်မှု သဘောတရား။
၂။ သင်္ခါရ - ပြုလုပ်မှုသဘောတရား (ကိုယ်၊ နှုတ်၊ စိတ်)။
၃။ ၀ိညာဏ် - ခန္ဓာစဖြစ်မှုသဘောတရား။
၎။ နာမ်ရုပ် - အာရုံကိုသိမှု ၊ မသိမှု ၊ သဘောတရား။
၅။ သဠာယတန- သံသရာချဲ့ထွင်မှု၊ သဘောတရား(၆)ပါး။(မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်)
၆။ ဖဿ - အာရုံ(၆)ပါးနှင့် တွေ့ဆုံမှုသဘောတရား။
၇။ ဝေဒနာ - အာရုံကို ခံစားမှုသဘောတရား။ (သုခ၊ ဒုက္ခ၊ ဥပေက္ခာ)
၈။ တဏှာ - အာရုံကို လိုချင်မှု သဘောတရား။
၉။ ဥပါဒါန် - အာရုံကို စွဲလန်းမှု သဘောတရား။
၁၀။ ဘ၀(ကမ္မဘ၀)- ပြုလုပ်မှု သဘောတရား။ (ကိုယ်၊ နှုတ်၊ စိတ်)
၁၁။ ဇာတိ - ခန္ခာ စဖြစ်ပေါ်မှု သဘောတရား။
၁၂။ ဇရာ - ခန္ခာ ရင့်ရော်မှု သဘောတရား။
၁၃။ မရဏ - ခန္ခာ ပျက်စီးမှု သဘောတရား။
၁၄။ သောက - စိုးရိမ်မှု သဘောတရား။
၁၅။ ပရိဒေ၀ - ငိုကြွေးမှု သဘောတရား။
၁၆။ ဒုက္ခ - ကိုယ်ဆင်းရဲမှု သဘောတရား။
၁၇။ ဒေါမနဿ - စိတ်ဆင်းရဲမှု သဘောတရား။
၁၈။ ဥပါယာသ - စိတ်ပူပန်မှု သဘောတရား။
(ဆရာတော် ဘဒ္ဒန္တဂရုဝံသာဘိဝံသ)
ပဋိစ္စသမုပ္ပါဒ်လည်ပုံ
ဆောင် - အ၀ိဇ္ဇာ ဘယ်မှာနေ၊ မသိစိတ်မှာနေ။
ကမ္ဘာ ကမ္ဘေ မိုက်မဲမှု၊ သင်္ခါရတွေ လျှောက်လျှောက်ပြု။
ပြုလုပ်မှုကြောင့် ၀ိဥာဏ်တွယ်၊ နာမ်ရုပ်အတူကွယ်။
အကြည်ခြောက်သွယ် မှန်တံခါး၊ ဆိုင်ရာဆိုင်ရာ သူတပ်ထား။
အာရုံခြောက်ပါး တွေ့ဆုံသော် ၀ိဥာဏ်ခြောက်ပါးပေါ်။
ပေါ်လာတဲ့ အာရုံများ၊ ဝေဒနာက သူခံစား။
ခံစားမိတော့ လိုချင်ပြန်၊ စွဲလမ်းဥပါဒါန်။
ဥပါဒါန်ကြောင့် ရလိုမှု၊ ကံတွေထပ်ထပ်ပြု။
ကံထပ်ပြုတော့ ဇာတိခေါ်၊ နာမ်ရုပ်အသစ်ပေါ်။
နာမ် ရုပ်ပေါ်တော့ အိုသေဆုံး၊ သေတော့ ခေါင်းတစ်လုံး။
ဆောင် - ၀ိပဿနာမရှုပါလျင်၊ အ၀ိဇ္ဇာက၊ အမှောင်ချ၏၊
နှစ်ဝရုပ်နာမ်၊ သူငါဟန်ဖြင့်၊ ချစ်ပြန်တဏှာ၊
စွဲလမ်းပါ၏။ နှစ်ဖြာကောင်းကံ၊ မကောင်းကံကို၊
ပြုပြင်သောခါ၊ ဖြစ်လေရာ၌၊ ခန္ဓာပြန်ရ၊ ခုဘ၀လို၊
အိုကြ၊ နာကြ၊ သေကြရ၍၊ ဒုက္ခနှင့်သာ၊ သံသရာသည်၊
ချာချာလည်၍ နေတော့၏။
ဆောင် - မသိမှုကြောင့် ထင်ရာလုပ်၊ ထင်ရာလုပ်လို့ ဒုက္ခရောက်၊ ဒုက္ခထဲမှာ မျိုးစေ့ရှိ၊
မျိုးစေ့ရှိလို့အပင်ပေါက်၊ ချာလည်ဒုက္ခရောက်။
ဆောင် - ခန္ဓာဖြစ်ကြောင်းက - ကိလေသာနှင့်ကံ
ခန္ဓာဖြစ်ကျိုးက - ရုပ်နှင့်နာမ်
(ဆရာတော် ဘဒ္ဒန္တဂရုဝံသာဘိဝံသ)
ပဋိစ္စသမုပ္ပါဒ်ရပ်ပုံ
ဆောင် - ပစ္စုပ္ပန်တရား၊ အကျိုးများကို၊ ထင်ရှားမိမိရှုသူမှာ၊
ဝေဒနာကြောင့်၊ တဏှာဝဋ်မြစ် မဖြစ်လာပဲ
စက်ပြတ်စဲသည်၊ ဆင်းရဲချုပ်ငြိမ်းလေသတည်း။
ဆောင် - မသိမှုကြောင့် ထင်ရာလုပ်၊ ထင်ရာလုပ်လို့
ဒုက္ခရောက်၊ ဒုက္ခရောက်ရင် ရောက်မှန်းသိ၊
သမုဒယသစ္စာကွာလေ၏၊ သမုဒယကွာမှ
ဒုက္ခသိမ်း၊ လောင်စာမီးတွေငြိမ်း။
ဆောင် - ခန္ဓာချုပ်ကြောင်းက - ၀ိပဿနာပညာဥာဏ်
ခန္ဓာချုပ်ကျိုးက - နိဗ္ဗာန်
သတိထား၊ ၀ရိယစိုက်၊ ပညာနှင့်ရှု့ 
(ဆရာတော် ဘဒ္ဒန္တဂရုဝံသာဘိဝံသ)
ပဋိစ္စသမုပ္ပါဒ်
ဆောင် - သံသရာ ဘယ်က စ၊ မသိတာက စ။
သံသရာ ဘယ်မှာ ဆုံး ၊ သိတစ်လုံးမှာ ဆုံး။
မသိ အ၀ိဇ္ဇာ၊ သိဝိဇ္ဇာ၊ နှစ်ဖြာခွဲဝေမှတ်။
မသိလျင် ပတ်၊ သိလျင် ပြတ်၊ ပဋိစ္စသမုပ္ပါဒ်။
မသိလျင် တွယ်၊ သိလျင် ပြယ် ၏။
တွယ်လျင် ဘေး၊ ပြယ်လျင် အေး ၏။
(ဆရာတော် ဘဒ္ဒန္တဂရုဝံသာဘိဝံသ)
တရားရရန်အင်္ဂါ (၂) တန်
သစ္စာနှင့်စပ်၊ တရားမြတ်၊ ချဉ်းကပ်သိအောင်နာ။
သစ္စာအသိ၊ ဥာဏ်နှင့်ညှိ၊ ရှုကြည့်ကိုယ်ခန္ဓာ။
အင်္ဂါနှစ်တန် ပြည့်စုံပြန်၊ ရရန်တရားသာ။
ပေဋကောပဒေသ၊ ပါဠိပြ၊ မိန့်ဟကျမ်းတော်လာ။
(ဆရာတော် ဘဒ္ဒန္တဂရုဝံသာဘိဝံသ)
နီဝရဏတရား (၅) ပါး
ဆောင် - ကုသိုလ်တရား၊ ဈာန်မဂ်များကို၊ တားမြစ်တတ်သည်၊ အလီလီ နီဝရဏဟုခေါ်သတည်း။
၁။ ကာမစ္ဆန္ဒ
၂။ ဗျာပါဒ
၃။ ထိန မိဒ္ဓ
၎။ ဥဒ္ဓစ္စ ကုက္ကုစ္စ
5။ ၀ိစိကိစ္ဆာ။
(ဆရာတော် ဘဒ္ဒန္တဂရုဝံသာဘိဝံသ)
ပုထုဇဉ် (၂) မျိုး
၁။ အန္ဓ (အကန်း) ပုထုဇဉ်
၂။ ကလျာဏ (အကောင်း) ပုထုဇဉ်
ခန္ဓ၊ အာယတန၊ ဓါတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ်၊ သတိပဌာန်စသော
တရားတော်များကို သရုပ်မသိ သဘောမမိလျှင် အန္ဓ (အကန်း)ပုထုဇဉ်၊
သရုပ်သိ၍ သဘောမိလျှင် ကလျာဏ(အကောင်း)ပုထုဇဉ်။
ခန္ဓာ (၅)ပါး (သဘောအစု)
၁။ ရူပက္ခန္ဓာ ၄။ သင်္ခါရက္ခန္ဓာ
၂။ ဝေဒနက္ခန္ဓာ ၅။ ၀ိညာဏက္ခန္ဓာ
၃။ သညက္ခန္ဓာ
ဖောက်ပြန်ခံစား၊ မှတ်သားပြုပြင်၊ သိဝိညာဏ်၊ ငါးအင်ခန္ဓာမှတ်။
အာယတန (၁၂)ပါး(သံသရာချဲ့ထွင်ရာဌာန)
၁။မျက်စိ ၂။နား ၃။နှာ ၄။လျှာ ၅။ကိုယ် ၆။စိတ်(သံသရာချဲ့ထွင်ရာ အတွင်းဌာန-၆ပါး)
၇။အဆင်း ၈။အသံ ၉။အနံ ၁၀။အရသာ ၁၁။တွေ့ထိစရာ ၁၂။ကြံတွေးစရာ (သံသရာချဲ့ထွင်ရာ အပြင်ဌာန-၆ပါး)
ဓါတ်(၁၈)ပါး(သဘောသဘာဝ)
၁။မျက်စိ ၂။နား ၃။နှာ ၄။လျှာ ၅။ကိုယ် ၆။စိတ်(အခံဓါတ် - ၆ပါး)
၇။အဆင်း ၈။အသံ ၉။အနံ ၁၀။အရသာ ၁၁။တွေ့ထိစရာ ၁၂။ကြံတွေးစရာ (အတိုက်ဓါတ် - ၆ပါး)
၁၃။မြင်စိတ်၊ ၁၄။ကြားစိတ် ၁၅။နံစိတ် ၁၆။စားစိတ် ၁၇။တွေ့ထိစိတ် ၁၈။ကြံတွေးစိတ်(အပွင့်ဓါတ် - ၆ပါး)
သစ္စာ (၄)ပါး (အမှန်တရား)
ဆောင် - အဓွန့်ရှည်စွာ၊ ဘယ်မျှကြာလည်း၊ တစ်ခါတရံ၊
မဖောက်ပြန်ပဲ၊ အစဉ်မြဲကို၊ သစ္စာဆို၏
ထိုသစ္စာကား၊ လေးထွေပြား၏၊ လေးပါးသရုပ် အမှန်ထုတ်သော် -
၁။ ဒုက္ခသစ္စာ ၂။ သမုဒယသစ္စာ ၃။ နိရောဓသစ္စာ ၄။ မဂ္ဂသစ္စာ
သိပယ်ဆိုက်ပွား၊ အစဉ်ထား၊ လေးပါးမြတ်သစ္စာ။
ခန္ဓာနာမ်ရုပ်၊ အကောင်ပုတ်၊ ဒုက္ခသစ္စာသာ။
ခန္ဓာငါးခု ခင်တွယ်မှု၊ သမုဒယသစ္စာသာ။
ဒုက္ခသမုဒယံ၊ ငြိမ်းရာမှန်၊ နိဗ္ဗာန် နိရောဓါ။
နိဗ္ဗာန်လမ်းဝင် ၊ ရှစ်မဂ္ဂင်၊ ခေါ်တွင် မဂ္ဂသာ။
ပဋိစ္စသမုပ္ပါဒ်အင်္ဂါ(၁၂)ပါး (ကြောင်းကျိုးဆက်ခန္ဓာဖြစ်စဉ်)
၁။ အ၀ိဇ္ဇာ ၂။ သင်္ခါရ ၃။ ၀ိညာဏ်
၎။ နာမ်ရုပ် ၅။ သဠာယတန ၆။ ဖဿ
၇။ ဝေဒနာ ၈။ တဏှာ ၉။ ဥပါဒါန်
၁၀။ ကမ္မဘ၀ ၁၁။ ဇာတိ ၁၂။ ဇရာမရဏ
သတိပဌာန် (၄)ပါး (တရားရှုနည်း)
၁။ ကာယနုပဿနာ ၂။ ဝေဒနာနုပဿနာ
၃။ စိတ္တာနုပဿနာ ၄။ ဓမ္မာနုပဿနာ
ကာယ ဝေဒနာ ၊ စိတ် ဓမ္မာ။ လေးဖြာသတိပဌါန်။
(ဆရာတော် ဘဒ္ဒန္တဂရုဝံသာဘိဝံသ)
This is my special present for all of my friends as Dhamma-Darna due to today is my birthday!
:D Hope all of my friends will be happy and your day is special!!
သူငယ်ချင်းတစ်ယောက်ကပြောတယ် ဖယောင်းတိုင်တစ်တိုင်လည်း အလင်းပါပဲတဲ့ ကိုယ်သိတာလည်း သူများတွေသိရတာပေါ့တဲ့။
သူ့ရဲ့ အားပေးမှုကြောင့် ဒီ blog post လေးရေးဖြစ်တာပါ။
တစ်ဦးတစ်ဦးချစ်ကြည်နူးလျက် ရွှင်မြူးဝမ်းသာ လက်တွဲကာဖြင့်
သာသနာအကျိုး လောကအကျိုးသယ်ပိုးနိုင်ကြပါစေ….
ဆုမွန်ကောင်းတောင်းလျှက်
ဇာဇာ
Posted by Zar Li Tun on November 24, 2009 at 8:56am
ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။
No comments:
Post a Comment